Calm Hill My Random Thoughts

မန္တလေး နေ့ရက်များ (၅)

၂၀၁၃ အကုန်မှာ ပိုနေတဲ့ခွင့်တွေကို ရှင်းလင်းမယ်ဆိုတော့ ဆရာနဲ့အရင်နှစ်လိုပဲ နှစ်ကုန်ရက်မှ ဘန်ကောက်က Dojo ကိုသွားမယ်လို့ မှန်းထားရာကနေ ဆရာဖြစ်သူက ချင်းမိုင်မှာ Aikido Seminar ကိုသွားဖို့ စောသွားမယ်ဆိုတော့ အကုန်လုံးတိုင်ပင် မကိုက်ဖြစ်ရာကနေ နှစ်အကုန်ကို ဘန်ကောက်က Dojo ကိုသွားမယ့် အစီအစဉ်ကိုပါဖျက်လိုက်ပြီး အိမ်ကိုပဲအချိန်ပိုပေးပြီးတော့ ပြန်လာခဲ့လိုက်တော့တယ်။ ကိုယ်ကလည်း မြန်မာနိုင်ငံကို ခြေချလိုက်တာနဲ့ အိမ်ကိုပဲပြန်ချင်တာ ဒီတခါကတော့ မတွေ့တာကြာတဲ့ မိတ်ဆွေတွေကလည်း တွေ့ရအောင်ဆိုပြီး ရန်ကုန်မှာတစ်ည အိပ်လိုက်ပြီးမှ နောက်နေ့ မနက်အစောမှ မန္တလေးကိုပြန်ဖို့ စီစဉ်ထားရတယ်။

အိမ်ပြန်ရင် ကိုယ့်အတွက်က အဝတ်အစားက အလွန်ဆုံးပါရင် ၃−၄ စုံရယ် သင်တန်းသွားဖို့အတွက် Aikido Gi တစုံရယ် ကျန်တာတွေက အမေ့အတွက် အိမ်အတွက် ပစ္စည်းပစ္စယနည်းနည်း တူတွေတူမတွေ အတွက်နဲ့ သူငယ်ချင်းတွေရဲ့ ကလေးတွေအတွက် လက်ဆောင်အဖြစ် ချောကလက်ဝယ်လာတတ်တယ်။ ဒီတခေါက်တော့ ညီတယောက်ကို Bokken ပေးမယ်လို့ ပြောလိုက်မိတော့ Bokken နဲ့ Jo တစုံတော့ အလုပ်ရှုပ်ပေမယ့် အပိုထည့်ယူလာခဲ့တယ်။

မနက်အစော လေယာဉ်ဆိုတော့ ရန်ကုန်ကို မနက်ခင်းကို အတော်လေး စောစောရောက်ပါတယ်။ ရောက်ရောက်ချင်း ကိုယ့်အချိန်ဇယားနဲ့ကိုယ် အိမ်ကိုအမြန်သွား ဦးကြီးနဲ့စကားပြောရတယ်။ ခဏနေတော့ ကိုသာသာ လာခေါ်တာနဲ့ အပြင်ထွက်လာရင်း ကိုသာသာရဲ့ ရုံးဘက်ကိုရောက်တယ် မောင်ပြုံးရယ် ဒီဒီးရယ်လည်းတွေ့တယ် ကိုပီဇီတို့မိသားစုလည်း နေ့လည်စာစားရင်းတွေ့လိုက်တယ် ဒီတခေါက်တော့ ဦးတွီတီကိုတော့ မတွေ့နိုင်လိုက်တော့ဘူး။ နောက်နေ့ မနက်အစောမှ လေယာဉ်နဲ့ မန္တလေးကို ထွက်လာခဲ့တယ်။

လေယာဉ်ကွင်းရောက်လို့ Check In လုပ်တာနဲ့ ပထမဆုံးပြဿနာ လုပ်တာကတော့ Bokken နဲ့ Jo တွေပဲ သယ်လို့မရဘူး လုပ်နေတော့တာပဲ အတော်လေး အခြေအတင် စကားများပြီးတဲ့နောက် မန်နေဂျာထင်တယ် တယောက်ရောက်လာတယ် ဒီလိုပစ္စည်းတွေက လေယာဉ်နဲ့ သယ်လို့မရဘူးဆိုတာ မသိဘူးလားဆိုတာနဲ့ ဘာလို့မရရမှာတုံး အဲဒီအိတ်ကိုကြည့် တခြားလေကြောင်းလိုင်းက တံဆိပ်တွေတောင် မခွာရသေးဘူးလို့ဆိုမှ ဆောင့်အောင့်ပြီးတော့ လက်ခံထားလိုက်တော့တယ်။

မန္တလေးမှာ အတော်ကိုအေးနေတယ်လို့ အိမ်ကမှာလိုက်ပေမယ့် ကိုယ့်မှာက အနွေးထည်ကလည်း ရှိကိုမရှိတာနဲ့ လိုရမယ်ရအနေနဲ့ ရန်ကုန်ကနေ ထွက်လာတော့ လက်ရှည်ခပ်ထူထူ တစ်ထည်တော့ ဝတ်လာခဲ့တာ တံတားဦးကိုဆင်းခါနီး လေယာဉ်ပေါ်မှာ ပြင်ပအပူချိန်ကြေငြာတော့ ၁၀ ဒီဂရီစင်တီဂရိတ်ဆိုတော့ နာပြီဆိုတာသိလိုက်တယ်။ မပြောင်းမလဲနဲ့ တံတားဦးလေဆိပ်ရဲ့ စိတ်ညစ်စရာကောင်းတာ တခုကတော့ အိတ်တွေက တော်တော်နဲ့ ထွက်မလာတာပဲ။ အိမ်ကတော့ ထုံးစံအတိုင်းပဲ ညီဖြစ်သူကလာကြိုတယ် ကားပေါ်ရောက်တော့ အနွေးထည်အင်္ကျီ ယူလာခဲ့တာတွေ့တော့မှ သက်ပြင်းချရတော့တယ်။

ညီအစ်ကိုနှစ်ယောက် အိမ်ကိုပြန်လာကြရင်းနဲ့ မတိုင်ပင်ရပဲ ပြောကြတဲ့စကားကတော့ အိမ်အရင်မပြန်နဲ့ ငါဒို့တခုခု အရင်သွားရအောင်ဆိုတာပဲ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို အိမ်မပြန်ပဲနဲ့ ရှမ်းခေါက်ဆွဲဆိုင်ကိုချီတက် စားနေကျဆိုင်လေးက ပိတ်သွားပြီဆိုပြီးတော့ ၈၄ လမ်းနားက ရှမ်းခေါက်ဆွဲဆိုင်လေး တစ်ဆိုင်ကိုဝင်စားတယ် တပွဲလည်းမဝတာနဲ့ ဆန်စေးအသုပ် တပွဲစားအပြီးမှာ နောက်ထပ်တိုဖူးနွေးတပွဲမှာပြီး ထပ်စားခဲ့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့လည်း ငချိပ်ပေါင်းနဲ့ အကြော်နဲ့အမေက စောင့်နေတာနဲ့ ထပ်စားလိုက်ပြန်တယ် ခြေချကတည်းက အစားအသောက် ဆက်တိုက်ဖြစ်လေတော့ ဒီတခေါက်တော့ အစားအသောက်နဲ့ အကျိုးပေးမယ်ထင်တယ်လို့ ယူဆလိုက်ရတော့တယ်။

comments powered by Disqus