Calm Hill My Random Thoughts

မှတ်သားလောက်ပါပေတယ် မွေးသဖခင်ရယ်

ကျွန်တော်ကပြောရမယ်ဆိုရင် ငယ်ငယ်ကတည်းက လူရှုပ်လို့ပြောရမယ်။ လူကြီးတွေသွားတဲ့နေရာမှန်သမျ အကုန်လိုက်တယ် တစ်မျိုးတော့မထင်ပါနဲ့ အရက်ဆိုင်ကိုပြောတာပါ။ မှတ်မှတ်ရရပေါ့ဗျာ ကိုးတန်းအောင်လို့ ဆယ်တန်းအတွက် ကျူရှင်မတက်ရခင် တစ်ပါတ်ဆယ်ရက်လောက်အလို မှာပေါ့ဗျာ ကျွန်တော့်အဖေလည်း သူ့ကျောင်းတုံးကသူငယ်ချင်းတွေ လာတာနဲ့ကြုံလို့ လူကြီးတို့ရဲ့သဘာဝ နောက်ဆုံးတော့ ဆိုင်ရောက်တာပါပဲ ယဥ်ယဥ်ကျေးကျေးပြောရင်တော့ စားသောက်ဆိုင်ပေါ့ ဒါပေမယ့် စားတာကို စိတ်ဝင်စားတာကို ကျွန်တော်တစ်ယောက်ထဲပါတာပါ သူတို့ကတော့ သောက်တာကိုပဲ ပိုစိတ်ဝင်စားကြမယ်ထင်ပါတယ်။ နောက်တော့ တစ်ဖြည်းဖြည်းနဲ့ အရှိန်တက်လာကြတော့ ရစ်စရာမရှိ ကျွန်တော့််ကို ပေ့ါဗျာ။ ကလေးဆိုတော့လည်း ရစ်မရတော့ ဆုံးမစကားပေါင်းသောင်းခြောက်ထောင် ပြောကြတော့တာပဲ။ တစ်ယောက်ကစပြီးတော့ ဆုံးမစကားဆိုတယ် ဘာလဲဆိုတော့ သားရေ မင်းလည်းနောက် အချိန်တန် အရွယ်ရောက်လာရင် အိမ်ထောင်ပြုမှာပဲ ဒါပေမယ့် မင်း ရှေ့နေမ တွေတို့ တရားသူကြီးမတွေတို့ ဆိုရင်တော့ မင်းရှောင်သင့်တယ်ကွယုံလို့ ပြောလာတယ်။ ဒီတော့လည်း ဘယ်နေမလဲ ဘာလို့တုံးဦးရယ် မသိလို့မေးပါရစေလို့ ပြန်မေးတာပေါ့။ ဒီတော့ ဘာပြန်ပြောသလဲဆိုတော့ ဟာ…သားကလည်းကွာ ရှေ့နေဆိုတာက ကိုယ့်ဆီကိုလာတဲ့လူက အခက်အခဲနဲ့လာတဲ့ လူတွေကြည့်ပဲကွ ဒီတော့ သူကအမြဲတမ်း အထက်စည်းက လေသံမျိုးနဲ့ပြောနေကျကွ အမှု့သည်ကလည်း တန်ရုံလောက်နဲ့တော့ ပြန်မပြောရဲဘူးဟ တော်ကြာ တရားခွင်ထဲ့မှ ရှေ့နေက စိတ်ခုပြီးတော့ လျောက်လုပ်ရင် သူပြဿနာတက်မှာကိုးလို့ပြောတယ်။ နောက်ဆက်ပြောတယ် တရားသူကြီးကတော့ ပိုဆိုးတယ်တဲ့ ဘာလို့လဲဆိုတော့ သူက နှစ်ဦးနှစ်ဘက်ကို ငေါက်ငမ်းနေကြဆိုတော့ သူကလူပိုနိုင်တယ်တဲ့။ အဲ့ဒီတော့ ကျွန်တော်လည်း ပြန်မေးလိုက်ပါတယ် ဟာဒါဆိုရင် တရားသူကြီးမဆိုရင် ယောက်ျားနှစ်ယောက် တစ်ပြိုင်တည်းယူရင်တောင် သူကတော့ ကောင်းကောင်းငေါက်ငမ်းထားနိုင်မယ် ထင်တယ်နော်လို့ပြောတော့ သူကဘာမှပြန်မပြောတော့ဘူး။ ဘေးကနောက်တစ်ယောက်က ကျွန်တော့်ကို ဝင်ပြီးတော့ဆုံးမတယ် သားအဲ့ဒီလိုမင်းက မမေးရဘူးလေ အဲ့ဒီဦးဦးရဲ့ အမျိုးသမီးက တရားသူကြီး လုပ်တာကွလို့ပြောတယ်။ အဲ့ဒီ့ လူကြီးကပဲ ဆုံးမစကားတွေကိုဆက်ပြန်ပါတယ် သားမင်းဆရာဝန်မနဲ့ သူနာပြုဆရာမကိုလည်း မင်းကြပ်ကြပ်သတိထားသင့်တယ်နော်တဲ့။ ဆရာဝန်ဆိုတာ ဆေးရုံမှာပဲဖြစ်ဖြစ် ဆေးခန်းမှာပဲဖြစ်ဖြစ် သူတို့ကျောင်းပြီးကတည်းက အပေါ်ယံအလှာကနေဝင်လာတာကွ သူတို့က လက်အောက်ငယ်သားတွေတို့ လူနာတွေတို့နဲ့ပဲ အမြဲဆက်ဆံနေရတော့ လူမှု့ဆက်ဆံရေးသိပ်ည့တာကွ နောက်ပြီးတော့ လူတစ်ကာကို သူတို့လူနာလို သဘောထားပြီး ဟိုဟာစားလည်း စားပြန်ပြီ ဒီဟာလုပ်လည်း လုပ်ပြန်ပြီနဲ့ ဘယ်တော့မှ ဆရာမလုပ်ရရင် မနေနိုင်ဘူးကွလို့ပြောပြန်ပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ ကျွန်တော့််အဖေသူငယ်ချင်းတစ်ယောက် ကအူလျားဖားလျား ဝင်ပြီးတော့ ထောက်ခံတယ် သားမင်းမယ့်မရှိနဲ့ အဲ့ဒီ ဦးဦးရဲ့ အမျိုးသမီးက ဆရာဝန်က နောက်ပြီးတော့ ဦးကထပ်ဖြည့်ပြောမယ် သူနာပြုဆရာမလည်း အတူတူပဲ ဦးရဲ့ကိုယ်တွေ့တဲ့ပြောသွားတယ်။ သူတို့ကိုယ်တွေ့တွေဆိုတော့လည်း ယုံရတာပေါ့ဗျာ ကိုယ်ကကလေးပဲဟာ ဒါပေမယ့် နောက်မှ ဆရာဝန်သမားကို ဝင်ပြီးထောက်ခံပေးတဲ့ လူကြီကိုနည်းနည်း မသင်္ကာဖြစ်တာကတော့ သူမှာကျွန်တော့်ထက် တစ်နှစ်ပဲကြီးတဲ့ ဆေးကျောင်းတက်နေတဲ့ သမီးတစ်ယောက်ရှိတယ်ဗျ။ နောက်မှသိတာပါ။ သူတို့ကသာ တစ်ယောက်တစ်ပေါက် ဆုံးမနေတာ မွေးသဖခင်ကတော့ ပြုံးပြုံးပဲ ဘာမှဝင်မပြောဘူး။ ဒီတော့ သူငယ်ချင်းတွေက ဝိုင်းပြောတာပေါ့ မင့်သားကိုတော့ ငါတို့ကဆုံးမပေးနေတာ မင်းလည်း ဝင်ပြောမှပေါ့လို့ ပြောက ြတာပေါ့။ အဲ့ဒီတော့မှ ကျွန်တော့်အဖေက ဘာများမှတ်လောက်သားလောက် ပြောသလဲဆိုတော့ ငါပြောစရာမလိုပါဘူးကွာ သူ့အမေအကြောင်း သူကောင်းကောင်းသိပါတယ်တဲ့။ ကျွန်တော့်အမေက အရင်က ကျောင်းဆရာမလုပ်တယ်ဗျ ကျောင်းဆရာမဆိုတော့ လူအများကြီးကို တစ်ခါတည်း ဆရာလုပ်နေကြဆိုတော့ တရားသူကြီးတို့ ဆရာဝန်တို့လို ယောက်ျားတစ်ယောက်တည်းကို ဆရာလုပ်တာ မဟုတ်ဘူးဗျ တစ်အိမ်လုံးတစ်ယောက်မှ အလွတ်မပေးဘူး။ နောက်ပြီးတော့ သူဆက်ပြောတဲ့ စကားတစ်ခွန်းလဲပြီးရော အားလုံးဆိုင်ကနေထပြီးတော့ မြန်မြန်ထွက်လာခဲ့ရတယ်။ ဘာပြောတာလဲဆိုတော့ မင်းဘယ်နေရာရောက်ရောက် စားသောက်ဆိုင်ကို ဝင်မယ်ဆိုရင် လူရှုပ်တဲ့ဆိုင်ကိုပဲဝင် အဲ့ဒီ့ဆိုင်ကောင်းတာ သေချာတယ်တဲ့ အခုငါတို့လက်တွေ့ပဲ လူရှင်းတဲ့ဆိုင်ဝင်လိုက်တာ စားကိုမဖြစ်ဘူးတဲ့ ပြောတာကလည်း စကားကအကျယ်ကြီး။ ဒီတော့ ကောင်တာမှာထိုင်နေတဲ့ တရုတ်ကြီးက မျက်စောင်းတွေထိုးနေလို့ ပိုက်ဆံရှင်းပြီး ထပြန်လာခဲ့ရတယ်။ သြော်ဒါတွေက လူကြီးတွေပြောခဲ့တဲ့ ဗရုတ်သုတ်ခတွေ အဲလေ မှတ်လောက်သားလောက်တွေကို ပြန်ပြောပြတာပါ။