Calm Hill My Random Thoughts

ကျွန်တော်ကြုံခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘဝ (၂)

မနေ့ကတော့ ကျွန်တော့်အဖေရဲ့ သူငယ်ချင်းတစ်ယောက် ရောက်နေလို့ သူ့ကိုသွားတွေ့ပါတယ်။ ဒါနဲ့ ရောက်တတ်ရာရာ ပြောကြရင်းနဲ့ ကျောင်းကိစ္စကိုရောက်သွားပါတယ်။ သူကဘာမေးလဲဆိုတော့ သားအခုတက်နေတဲ့ ကျောင်းနဲ့ ဗမာပြည်ကကျောင်းနဲ့ ဘာများကွာသလဲ အန်တီကိုပြောစမ်းတဲ့။ ကျွန်တော်လည်း တည်တည်ငြိမ်ငြိမ်ပဲပြန်ပြောပါတယ် အန်တီရယ် စာကိုတော့ ဘယ်ကျောင်းကမှ တတ်အောင်မသင်နိုင်ကြပါဘူး ဒီတော့ စာသင်တဲ့အပိုင်းကတော့ အတူတူပါပဲ။ ဒါပေမယ့် ဘာကွာသလဲဆိုတော့ ဗမာပြည်ကဆရာတွေကတော့ မေးသမျကိုဖြေနိုင်ချင်မှ ဖြေနိုင်ပါတယ်။ ဆရာတိုင်းလို့တော့ မပြောပါဘူး တစ်ချို့ဆရာတွေလည်း တော်တော်လေး တော်ကြပါတယ်။ ဒီကဆရာတွေကတော့ မေးတာကိုလည်းသဘောကျတယ် မေးသလောက်လည်း ကျေနပ်အောင်ပြန်ဖြေနိုင်တယ် ဒါပဲကွာတာပါ အန်တီရယ်လို့ပြောတော့ သူကရယ်ပါတယ်။ ပြောကြမယ်ဆိုရင် သူကတစ်ချိန်က တက္ကသိုလ်တစ်ခုကဆရာမ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက ဆစ်ဒနီတက္ကသိုလ်ကနေ မဟာဘွဲ့ကိုရခဲ့တဲ့လူပါ ဒီတော့သူကျွန်တော်ပြောတာကို ကောင်းကောင်းသဘောပေါက်ပါတယ်။

မေးတယ်ဆိုတဲ့ကိစ္စဆိုမှသတိရတယ် ကျွန်တော်က ကျောင်းမှာကတည်းက သင်္ချာအလွန်ညံပါတယ် ညံရတဲ့အကြောင်းအရင်းက စိတ်ကိုမဝင်စားလို့။ မှတ်မှတ်ရရ တတိယနှစ်မှာပေါ့ဗျာ ဆရာမကသင်္ချာသင်ပါတယ် တော်တော်ကို စိတ်ရှည်လက်ရှည်သင်ပါတယ် ဒါပေမယ့် ကျွန်တော်က Differentiate and Integration ကိုလုံးဝမတွက်တတ်ခဲ့ပါဘူး ဒီတော့ သူဘယ်လောက်သင်သင် မသိဘူး။ သူကမေးစရာရှိရင်မေးတဲ့ ကျွန်တော်ကမေးလိုက်တယ် ဆရာမရယ် အဲ့ဒီ့ Calculus တွေကိုဘယ်နေရာမှာ သုံးတာလဲလို့တစ်ခွန်းမေးလိုက်တယ်။ သူတော်တော်လေးကြောင်သွားတယ် သူဘာမှပြန်ပြောရမှန်းမသိတော့ဘူး။ နောက်တော့ ကျွန်တော်ကို မှတ်သားလောက်တဲ့ အဖြေကိုပြန်ပေးတယ် မင်းရဲ့မေးခွန်းက အဓိပ္ပါယ်မရှိဘူးတဲ့ အသုံးမကျပဲ ငါကသင်နေပါ့မလားတဲ့။ ကျွန်တော့်ကို ဒီလိုမျိုးလာလုပ်လို့ဘယ်ရမလဲ ဒါဆိုရင်ဥပမာပြောပြပါဗျာလိုပြောတော့ ဝုန်းဆို အခန်းထဲကနေထွက်သွားတယ် ပြန်မလာတော့ဘူး။ ဒီတော့ကျွန်တော် သဘောပေါက်လိုက်တယ် နောက်ဘယ်တော့မှ ဒီဆရာမအချိန်ကို မတက်သင့်တော့ဘူးလို့ ဘာလို့လဲဆိုတော့ ကိုယ့်ကိုမြင်ရင် သူတော်တော်စိတ်ဆင်းရဲနေမယ်လေ။ ဒါနဲ့တစ်နှစ်လုံး သင်္ချာချိန်ဆိုရင် ကျွန်တော့်အတွက်ကတော့ ကန်တင်းသွားတဲ့အချိန်ပါပဲ။ စာမေးပွဲအတွက်ကသိပ်တော့မပူပါဘူး ဘာလို့လဲဆိုတော့ Calculus တစ်ခန်းပဲမသိရုံနဲ့တော့ မကျနိုင်ပါဘူး။ ဂုဏ်ထူးတန်းရောက်တော့ သင်္ချာနဲ့ပါတ်သက်ပြီးတော့ အကြီးအကျယ်ကို ပြဿနာတက်ပါတယ် ဘာလို့လဲဆိုတော့ သင်ရိုးတစ်ခုလုံး Calculus ရယ် Numerical Methods တွေပါ။ သုံးနှစ်လုံးလုံး အလေလိုက်လာတဲ့ သင်္ချာအရည်အချင်းနဲ့ကတော့ ဘယ်လိုမှမတွက်တတ်တော့ပါဘူး။ နောက်ဆုံးတော့ မန္တလေးတက္ကသိုလ်က တွဲဘက်ပါမောက္ခ ဆရာကြီးတစ်ယောက်ကို အကူအညီတောင်းရပါတယ်။ ဆရာကသဘောလည်း အလွန်ကောင်းပါတယ် မေးသလောက်လည်းဖြေနိုင်ပါတယ်။ သူကိုမေးချင်သလောက်မေး သူကကျွန်တော်သိချင်တာထက်ပိုပြီးတော့ ဖြေပေးလေ့ရှိတယ် ဒါမျိုးဆိုရင်ကျွန်တော်ကြိုက်တယ် မလိုက်နိုင်ဘူးထင်ရင် ကျွန်တော်ကြိုးစားပြီးတော့စာဖတ်မယ်။ ဒီတော့မှ လေးနှစ်စာကို တစ်နှစ်တည်းနဲ့ ကျွန်တော် အပြတ်သင်ခဲ့ရပါတယ်။

အခုကျောင်းမှာလည်း ဆရာတစ်ယောက်ကတော့ စာအသင်အပြအလွန်ညံပါတယ် ဒါပေမယ့် အလွန်နာမည်ကြီးပါတယ်။ ပထမဆုံးလက်ချာမှာကတည်းက လက်ချာအစအဆုံးသိမှ လုပ်လို့ရမယ့် ပရောဂျက်တစ်ခုကို Assignment အဖြစ်တင်ရမယ်။ တစ်ယောက်ချင်းစီလုပ်ရမယ် အုပ်စုမဖွဲ့ရဘူးပြောပါတယ်။ ဗမာပြည်မှာဆိုရင်တော့ ပြောလိုက်ကြမယ့်ဖြစ်ချင်း မသိလို့လာတက်တာပေါ့ သိရင်ဘယ်လာနေမလဲတို့ဘာတို့။ ဆရာစာသင်တာကတော့ မှတ်သားလောက်ပါတယ် တစ်ရက်ကို နှ စ်ခန်းအပြတ်သင်တယ်။ သူများဆရာတွေ နှစ်ခန်းအပြတ်သင်ရင် ည ၁ဝ နာရီလောက်မှအတန်းပြီးတယ်။ သူကတော့ စာတွေကိုအကုန်ကျော်ချတယ် ၉ နာရီဆိုရင်ပြီးပြီ။ သူပြောတဲ့စကားတစ်ခွန်းက ရှင်းရှင်းလေ ငါစာသင်တာကို နှေးစေချင်ရင် ငါ့ကိုစာမေးပါတဲ့။ မေးလို့ပြန်ဖြေတဲ့ စကားနဲ့ စာသင်တဲ့စကားလုံးဝမတူပါဘူး။ ပြန်ဖြေရင် အသေးစိတ်ကို ပြောပြပါတော့တယ် အဲ့ဒီ့အချိန်မှာတော့ သူပြောသမျ စကားလုံးတိုင်းက အလွန်တန်ဖိုးရှိပါတယ်။

ရှေးကပြောလေ့ပြောထရှိတဲ့ ဆိုရိုးရှိပါတယ် ပညာရှိတို့မည်သည် စည်နဲ့တူတယ် မတီးရင်မမြည်သလို မမေးရင်မဖြေဘူး ဆိုတာကြားဘူးမယ်ထင်ပါတယ်။ ဒီတော့ကျွန်တော်လည်း အမြဲတမ်းပဲတီးကြည့်ပါတယ် ဒါပေမယ့် တစ်ချို့ကတော့ မြည်တော့မြည်ရှာပါတယ် ဒါပေမယ့် သားရေမျက်နှာပြင်ပျော့နေတော့ “ဘတ်” လို့ပဲအသံထွက်လာတော့ ကျွန်တော့် တစ်နှစ်လုံးအတန်းမတက်ရတော့ဘူး ဖြစ်သွားတော့တယ်ဗျာ။ ကျောင်းသားဘဝကြုံခဲ့ရသမျတွေထဲက တစ်ခုပေါ့ဗျာ။

comments powered by Disqus