Calm Hill My Random Thoughts

ချင်းတွင်းအထက်သို့ ဆန်တက်ခြင်း …. (၄) မောက်ကတော် - မင်းကင်း

မင်းကင်းအထိဆက်ထွက်မှ အိပ်စရာနေရာရှိမှာဆိုတော့ မောက်ကတော်ကနေ တက်သုတ်ရိုက်ပြီးထွက်ခဲ့ရပါတယ်။ ဒါနဲ့ကျွန်တော်လည်း မောက်ကတော်ရွာမှာ ကြာကြာဖွန်မကြောင်နိုင်လိုက်ပါဘူး။ ဒါတောင်မင်းကင်းကို ညပိုင်း ၆ နာရီလောက်မှ ရောက်မယ်လို့ ခန့်မှန်းရပါတယ်။ ညပိုင်းဆိုရင်တော့ မော်တော်ကမောင်းလို့မရတော့ပါဘူး။ တော်တော်လေးမိုးချုပ်မယ်ဆိုရင်တော့ မော်တော်ကို ကမ်းကပ်ပြီးတော့ မော်တော်ပေါ်မှာပဲ အိပ်ရမယ်ဆိုပြီးအစီအစဥ်လဲ ဆွဲထားလိုက်ရပါတယ်။ ညနေပိုင်း ၄ နာရီလောက်ရောက်တော့ ဝက်သိုက်ဆိုတဲ့နာမည်ကြီး ဝဲ ကိုရောက်လာပါတယ်။ ဒါပေမယ့် ဆောင်းတွင်းဆိုတော့ ရေကြောင်းမကောင်းတော့ ဝဲ ဆိုတာကို ပြောလို့သာသိရပါတယ် ဘာမှအန္တရာယ်မရှိပါဘူး။ ဒါပေမယ့် မိုးတွင်းဆိုရင်တော့ တော်တော်လေးကြောက်စရာကောင်းပါတယ်။ ဝဲရဲ့ဘေးနားမှာ မြစ်လည် ကျောက်ဆောင်ကြီးတစ်ခု ရှိပါတယ် ဝဲအရှိန်ကို မထိမ်းနိုင်ရင် အဲ့သည့်ကျောက်ဆောင်နဲ့ တိုက်မိပြီး မော်တော်တွေပျက်တတ်ပါတယ် သစ်ဖောင်ဝါးဖောင်တွေတောင် တိုက်ပြီးဖောင် ပျက်တတ်ပါတယ်။

ကင်းရွာကနေ ပါလာတဲ့လူတစ်ယောက်ပြောပြတာ တစ်ခါလည်း ဝါးဖောင်ကြီး ရ ဆိုင်းတွဲကြီးနဲ့ ဝဲကိုဖြတ်တာ နောက်ဆုံး အတွဲကကြိုးပြတ်သွားပြီး ဝဲထဲပါပြီးလည်နေပါရောတဲ့ ဖြစ်ချင်တော့ အဲ့သည့်နောက်ဆုံးဖောင်ပေါ်မှာက ဗိုက်ကြီးသည် ကိုယ်ဝန်ဆောင်ကြီးပါတယ် သူကလည်း ရေထဲခုန်မချရဲ ဖောင်ကြီးကလည်းလည်ပြီး ကျောက်ဆောင်ကြီးဆီလည်ထွက်အသွား ကံကောင်းချင်တော့ ကျောက်ဆောင်နဲ့ နည်းနည်းပဲ ပွတ်မိပြီး ဝဲထဲကနေ ပြန်ထွက်လာသတဲ့။ အဲသည်တော့မှ ဘေးနေ မော်တော်တွေနဲ့လိုက်ပြီး ဖောင်ကိုပြန်ထိမ်း ဂွဲသတ်ပြီးတော့ ကမ်းကိုမနည်းကပ်ယူ လိုက်ရတယ်တဲ့။ ဖောင်ပေါ်က မိန်းမကြီးကတော့ ကံကောင်းစွာနဲ့ ဘာမှမဖြစ်ဘူး။ သူတို့ပြောပြတာက ချင်းတွင်းတစ်ကြောမှာ နာမည်ကြီး ဝဲ သုံးခုရှိတယ်တဲ့ ” အထက်မှာပေ အောက်မှာရှေ အလယ်ဝက်သိုက် မျက်ဖြူဆိုက် ” လို့မှတ်တယ်လို့ ပြောပါတယ်။ အထက်မှာပေ ဆိုတာကတော့ ချင်းတွင်း အပေါ်ဘက်ဆုံးမှာ ပေ ဆိုတဲ့ဝဲကိုခေါ်တာပါ။ အောက်မှာရှေဆိုတာက မ့်ရွာအထက် ရှေစာရေး ရွာနားလေးက ဝဲကိုခေါ်တာပါ။ ဝက်သိုက်ဆိုတာကတော့ မင်းကင်းအောက်ပိုင်းနားက ဝက်သိုက်ဝဲကိုပြောတာပါ။ မိုးတွင်းဆိုရင်တော့ မြစ်ကြောင်းသွား သင်္ဘောကြီးတွေကလွဲရင် မော်တော်တွေ စက်လှေတွေအတွက်ကတော့ အဲသည့်ဝဲတွေက အန္တရာယ်များလှပါတယ်။

မင်းကင်းကိုတော့ ညပိုင်း ၆ နာရီခွဲလောက်မှပဲ ရောက်ပါတယ်။ မင်းကင်းမှာတော့ အဖေအလုပ်တွေ လုပ်စရာရှိလို့ ၃ ရက်လောက်နေခဲ့ရပါတယ်။ အထက်ကို ကလေးဝအထိ ဆက်တက်ဖို့ရည်ရွယ်ပေမယ့် အထက်ကနေ မြစ်ကြောင်းအတိုင်းဆင်းလာတဲ့ အဖွဲ့တစ်ဖွဲ့ကလည်း ကလေးဝကို ကျော်လာပြီဆိုတော့ ဆက်တက်စရာမလိုတော့ပါဘူး။ ကလေးဝက အဖေ့သူငယ်ချင်းအရာရှိက ရောက်တုံးဆက်တက်ခဲ့ဖို့ ခေါ်နေပေမယ့် ရောက်သွားရင် အနည်းဆုံး တစ်ပါတ်လောက်နေခိုင်းနေမှာ ကြောက်တာနဲ့ ဆက်မတက်ဖြစ်တော့ပဲ လာလမ်းအတိုင်းပြန်ပြီးစုန်ဆင်းခဲ့ပါတယ်။ ဒီတစ်ခါတော့ သင်တောကို ရှောင်ဟေ့လို့ပြောကြ နောက်ကြရင်းနဲ့ပဲ ကင်းရွာမှ ညမအိပ်တော့ပဲ ကနီကိုတစ်ရက်နဲ့အရောက် စုန်ဆင်းပြီးပြန်ခဲ့ကြပါတယ်။ ဒါနောက်ဆုံးတစ်ခေါက် ချင်းတွင်းကို ဆန်တက်ခဲ့တာပါ အခုနောက်ပိုင်းတော့ ဒါမျိုးတွေလည်း ရောက်ဖို့သွားဖို့ မမြင်တော့ပါဘူး။ နောက်တစ်ခေါက်များ သွားရမယ်ဆိုရင် ပျော်ပျော်ကြီးနဲ့ကို လိုက်ဦးမှာပါ။ အခုအချိန်မှာတော့ အခါအခွင့်သင့်ရင်လို့ပဲ တော်ရာမှာနေရတဲ့ဘဝကနေ မျော်လင့်ရပါတော့တယ်။