Calm Hill My Random Thoughts

ကျောင်းတော်ကြီးသို့အလွမ်း ( ၁ )

ဖျားနေသောကြောင့် ဘာမှလည်း အသစ်မရေးနိုင်ဖြစ်နေပါတယ် စနေအပြင် ထွက်လိုက်ကတည်းက အပြန်မှာဖျားပါတယ်။ တနင်္ဂနွေတစ်ရက်လုံး အိပ်နေရပါတယ် အွန်လိုင်းလည်း သံယောစဉ်ဖြတ်ထားရတယ်။ အိပ်နေတော့လည်း တောင်ရောက်မမြောက်ရောက် စဉ်းစားမိလို့ ဘွဲ့ကြိုကျောင်းသားဘဝကို သတိရတယ်။ စာမေးပွဲနောက်ဆုံးနေ့ နှုတ်ဆက်ပွဲကိုသတိရတယ်။ နောက်ဆုံးအနေနဲ့ သူငယ်ချင်းတစ်ယောက် ကိုယ်တိုင်ရေးတဲ့ သီချင်းကိုဆိုကြတယ်။ သီချင်းရေးတဲ့ သူငယ်ချင်းက ကလောင်နာမည် မိုးခဟန် အခုတော့ဘယ်မှာရောက်နေသလဲ မသိတော့ပါဘူး။ သီချင်းစာသားက အကုန်လည်း အမှတ်မိတော့ဘူး တစ်ဝက်ပဲမှတ်မိတယ်။ ဆောင်းချမ်းမိုးတော့ နောက်ထပ်တစ်ဝက်များ မှတ်မိဦးမလား မသိဘူး။

ကြွေကာလွင့်လို့နေသော စက်တင်ဘာ
နေ့ရက်များရဲ့နှုတ်ဆက်သံ
ဒီတစ်ခါ …
ခွဲကြရမလား ရင်ခွင်မှာ
စိုးထိတ်စိတ်နဲ့ နှုတ်ဆက်ကာ
ပြန်ဆုံဦးမလား …
ခွဲ … ခွဲရတော့မယ်
နှုတ်ဆက်ရင်းလေ …

အမြဲတမ်းရှိနေတဲ့ အရာတွေကို ရှိနေစဉ်ကတော့ သိပ်မသိသာပေမယ့် ခွဲသွားတော့မယ် ဆိုတဲ့အချိန်မှာတော့ ခံစားရတယ်။ သုံးနှစ်ဆိုတဲ့အချိန်ဟာ ရွှေဆိုင်ကအလကားပေးတဲ့ ပြက္ခဒိန်ကို တစ်နေ့တစ်ရွက် ဆုတ်လိုက်သလိုပဲ ခဏလေးနဲ့လုံးပါးပါးသွားတယ်။ သုံးနှစ်ပြီးတော့လည်း ရှေ့ဆက်ပြီးတက်မယ်ဆိုတာ ဆုံးဖြတ်ပြီးသား နောက်ထပ်သုံးနှစ်လောက် ထပ်ပြီးကျောင်းတော်ကြီးမှာ သောင်တင်ဦးမယ်လို့။ ကျောင်းတော်ကြီးကို ကိုယ်ကခွဲမသွားပေမယ့် ကိုယ်ကို ခွဲသွားမယ် ၃ နှစ်လုံး မတည့်ခဲ့တဲ့ သူငယ်ချင်းပေါင်းများစွာ။ မတည့်ကြပေမယ့် အဲ့ဒီတစ်ညတော့ ခဏတည့်ခဲ့ကြတယ်။ နှုတ်ဆက်သီချင်းဆိုချိန်မှာ ကျန်ခဲ့တဲ့လူတွေက အလွန်ဆုံးရှိမှ အယောက်နှစ်ဆယ်ပဲ ကျွန်တော့်မယ်။ ဒါပေမယ့် အားလုံးစုပြီး သီချင်းဆိုတဲ့အချိန်မှာတော့ မျက်ရည်လည်မိပါတယ်။ ဒါကြောင့် နှုတ်ဆက်ပွဲဆိုရင် အမြဲပဲ ပျော်ပွဲရှင်ပွဲများအောင်ပဲ ထည့်တာအကျင့်ဖြစ်သွားပါတယ်။ စာရိုက်ရင် ခေါင်းတွေကိုက်လို့ နောက်မှ စီနီယာတန်းက နှုတ်ဆက်ပွဲမှာ ပြဇာတ်ကတဲ့အကြောင်းကို ရေးပါဦးမယ်။

comments powered by Disqus