Calm Hill My Random Thoughts

ကျောင်းတော်ကြီးသို့အလွမ်း ( ၂ )

တောင်ရောက် မြောက်ရောက် စဥ်းစားထားတာလေးတွေ ပြန်ရေးရမယ်ဗျ ဖျားတာတောင် ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ ကျွန်တော်တို့ ဂုဏ်ထူးတန်းတက်တော့ ကျောင်းမှာက ဘယ်သူမှ မကျန်သလောက် ဖြစ်သွားပြီ အငယ်တွေက အကုန်လုံး ဒုတိယနှစ်ကတည်းက စဥုံကိုင်ဘက်ကို အကုန်လုံးပြောင်းသွားရတယ်။ ကိုယ်အထက်မှာ မဟာတန်း တစ်တန်းပဲကျွန်တော့်တယ်။ ကျောင်းနဲ့ ကန်တင်းက နည်းနည်းလေးဝေးတယ် ရေသောက်ချင်ရင် နည်းနည်း ပြဿနာတက်တယ်။ ကျွန်တော်ကတော့ ဆရာမတွေနဲ့ ခင်နေတော့ ဘယ်ဌာနဝင်ပြီး ရေတောင်းသောက်သောက် လွယ်ပါတယ်။ အတန်းထဲကလူတွေကတော့ နည်းနည်း ပြဿနာတက်တယ်။ ဒါနဲ့အတန်းမှူးဆီကနေ Water-Cooler အပိုတွေထဲကနေ တစ်လုံးတောင်းပြီး အတန်းထဲမှာထည့်ထားတယ်။ ရေဘူးကို ကျွန်တော်အိမ်ကနေ မနက်ကျောင်းလာရင်း ဆိုင်ကယ်ပေါ်တင်ပြီး အိမ်ကနေ ကားဂိတ်ကို သယ်လာပါတယ်။ ရေဖိုးကတော့ လှူမယ့်လူရှိလည်း အတန်းထဲမှာစုထားလိုက်တယ် မရှိလည်း ကျွန်တော်လှူလိုက်ပါတယ်။ ကျောင်းကားပေါ်ကနေ သုံးထပ်က အတန်းထဲအထိ အရောက်တင်ဖို့ကတော့ ယောက်ျားလေး ကျောင်းသားတွေပဲ ရှိတဲ့လူ ထမ်းတင်လိုက်တယ် ဘယ်သူမှတော့ မတွက်ကပ်ပါဘူး ကိုယ်သောက်မယ်ရေဆိုတာရယ် နောက်ပြီးတော့ ကုသိုလ်ရတယ် ဆိုပြီးလုပ်မယ့်လူတွေ တစ်ပုံကြီးပါ။

တစ်ရက်ဖြစ်ချင်တော့ ကျွန်တော်ရေဘူးကိုတင်လိုက်တာက ပထမကားပေါ်မှာ ဒါပေမယ့် လက်ဘက်ရည်သောက်နေတာနဲ့ ပြေးတက်လိုက်တာက နောက်ဆုံးကားပဲမှီတယ်။ ပထမကားပေါ်မှာလည်း အတန်းထဲက လူတွေပါတယ်ဆိုပြီး အေးအေးဆေးဆေးပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ပထမကားပေါ်မှာ အတန်းထဲက ယောက်ျားလေးတွေက တစ်ယောက်မှမပါဘူးဗျာ။ မိန်းကလေးတွေကလည်း သယ်နေကျမဟုတ်တော့ ရေဘူးကို သတိမထားမိဘူး။ ဒါနဲ့ကျောင်းကားပေါ် ရေဘူးကြီးက ပါသွားပါရောလား။ ကားဂိတ်က ကျောင်းအပြင်ဘက်မှာ အတန်းနဲ့ နည်းနည်းတော့ ဝေးတယ်။ ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်း စိုင်းဒီရယ် နှစ်ယောက်သားသွားပြီး သယ်ရမယ်ဆိုပြီးထွက်လာရတယ်။ ခက်တာက သူလည်းရေဘူးကို အတန်းထဲအထိ မထမ်းနိုင် ကျွန်တော့်ဗလကတော့ ဆိုင်ကယ်ပေါ်က ကားပေါ်တင်တာတောင် လူအကူမရှိရင် မတင်နိုင်တဲ့ ဗလမျိုးမဟုတ်လား။ နှစ်ယောက်သား ကျောင်းရှေ့မှာ စက်ဘီးဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ် ရှာလိုက်ကြတာ ကံဆိုးချင်တော့ တစ်စီးမှမရှိဘူး။ ဆိုက်ကားတစ်စီးပဲရှိတယ် နင်းမယ့်ဆိုက်ကားဆရာမရှိဘူး။

ကျွန်တော်ကအကြံပေးပါတယ် ဒို့နှစ်ယောက် ဆိုက်ကားကို တွန်းသွားရအောင် ဆိုတာကို ကိုယ်တော်ချောက ငါနင်းကြည့်မယ်တဲ့။ မလုပ်နဲ့ဆိုတာကို ရပါတယ်ဆိုပြီး ဆိုက်ကားနင်းကြတာ ကျွန်တော်ကတော့ ဆိုက်ကားရှေ့မှာ မိန့်မိန့်ကြီးထိုင်လို့ပေါ့။ ဆိုက်ကားကတော့ လက်ကိုင်ဟိုရမ်း ဒီရမ်းနဲ့ သွားလို့တော့ရတယ်။ ကျောင်းတံခါးပေါက်အထိက တောက်လျောက်အဆင်းကြီး နောက်ပြီးတော့ လမ်းကလည်း ကုန်းအမြင့်မှာဗျ လမ်းဘေးမှာက တောင်ကျရေဆင်းတဲ့ ချောင်းအသေးစားရှိတယ်။ ကျွန်တော်လည်း ကြောက်တာနဲ့ သူငယ်ချင်း ငါဆင်းတော့မယ်ဆိုတာကို မရဘူး ဟေ့ကောင်မဆင်းနဲ့ ရပါတယ်ဆိုပြီး နင်းချလာလိုက်တာ အလည်လောက်ကျတော့ အရှိန်မထိမ်းနိုင်တော့ဘူး။ ခုန်ချလို့ကလည်းမဖြစ် ကိုယ့်ဆိုက်ကားက ကိုယ်ကိုတိုက်မယ် ထိုင်နေပြန်တော့လည်း ကိုယ်ကရှေ့ဆုံးကဆိုတော့ ကြောက်စရာကြီး။ နောက်ဆုံးတော့ ဆိုက်ကားကြီး ချောင်းထဲကို ရေသောက်ဆင်းတော့တာပဲ။ ကံကောင်းတာက ဆိုက်ကားက မမှောက်ဘူး မဟုတ်ရင် နင်းတဲ့လူ ဆိုက်ကားပိပြီး ပေါင်းကျိုးမယ်။ နှစ်ယောက်လုံး ကံဆိုးချင်တော့ ကန္တာရဆူးချုံထဲကျသွားတာပဲ။ ဆူးတွေကို တစ်ချောင်းချင်း နှုတ်ယူရတဲ့အဖြစ်ကို ရောက်တယ်။ အပြန်တော့ ရေဘူးတင်ပြီး ဆိုက်ကားကို မနင်းရဲတော့ဘူး ဒါတောင် သူငယ်ချင်းက ဆိုက်ကားကို နင်းဦးမယ်လုပ်နေလို့ မင်းဟာမင ်း တစ်ယောက်တည်းသွား ငါလမ်းလျောက်ပဲ လိုက်မယ်ပြောမှ အတူတူဆိုက်ကားတွန်းပြန်ရတယ်။

အဲ့ဒီနေ့ကတော့ နှစ်ယောက်လုံး ဗွက်တွေပေ ဖုန်တွေပေနဲ့ အတန်းထဲမှာ ငုတ်တုတ်လေးပေါ့ဗျာ။ ကန္တာရဆူးကလည်း အဆိပ်ကနည်းနည်းပြင်တယ်လေ စူးတဲ့နေရာတွေကို ယောင်ကိုင်းနေတာပဲ။ နောက်တော့ အတန်းထဲနေရင် စာသင်ချိန် မှောက်အိပ်နေရင် ဆရာမကိုအားနာတာနဲ့ အခန်းလွတ်တစ်ခုထဲသွား အိပ်နေရတယ်။ ဆရာမတစ်ယောက်က ဟိုနှစ်ကောင်ဘယ်မလဲ ဆိုပြီးလိုက်ရှာသေးတယ်။ အတန်းထဲကလူတွေကလည်း အားကိုးရတယ်ဗျာ မသိဘူးပြောလိုက်ပါလား။ ပြောလိုက်ကြတယ် ဟိုဘက်အခန်းမှာ အိပ်နေတယ်တဲ့။ ဆရာမလိုက်လာလို့ အခြေအနေကိုတွေမှ လာခဲ့အတန်းတက်ကြောင်း လက်မှတ်တော့လာထိုးဦး ပြီးမှပြန်အိပ်ဆိုလို့ ကံကောင်းသွားတယ်။ နောက်များတော့ ဆိုက်ကားများ စမ်းနင်းကြည့်ပါဆိုရင်တောင် မနင်းရဲတော့တာပါပဲ။

comments powered by Disqus