Calm Hill My Random Thoughts

ကျောင်းတော်ကြီးသို့အလွမ်း ( ၃ )

မဟာတန်းက အစ်ကိုတွေက နှုတ်ဆက်ပွဲလုပ်မယ် မင်းတို့အတန်းလည်း အစီအစဥ်လေး တစ်ခုတော့ လုပ်ပြီးဝင်ပါဦးလို့ဆိုပြီး မငြင်းရဆိုပြီး ဂျူတီချခံရတော့ ကျွန်တော်တို့လည်း ဘာလုပ်မလဲ ခေါင်းခြောက်ရတယ်။ အစကတော့ အငြိမ့်ကမယ်လုပ်တယ် ကမယ်ဆိုတော့ မင်းသမီးကရှာလို့မရဘူး အတန်းထဲက မိန်းကလေးတွေကလည်း ဒီအတိုင်းသာ စွာလိုက်တာ နှစ်ယောက်မရှိဘူး တစ်ကယ်လုပ်မယ်ဆိုတော့ ဘယ်သူမှမလုပ်ရဲဘူး။ နောက်ဆုံးတော့ အားလုံးသဘောတူဆိုပြီး ပြဇာတ်ကမယ်ပေါ့ ဒါပေမယ့် ဘာကိုကရမှန်းလည်းမသိ။

ကျောင်းကလည်း တောင်ပြုံးနားမှာဆိုတော့ တောင်ပြုံးပွဲကိုသတိရလို့ ထုံးစံအတိုင်း မရှေဥကို ကျားချီခိုင်းမယ်ပေါ့ ဟာသဆိုတော့ မဟုတ်ကဟုတ်ကတွေ လျောက်ထည့်ရမယ်ဆိုပြီး အကုန်လျောက်ထည့်တယ်။ ဇာတ်ဆရာကတော့ ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်း စိုင်းဒီရယ် နှစ်ယောက်ပေါ့ဗျာ။ ပြီးတော့ စာပေစီစစ်ရေးကိုတင်ရတယ် အဲလေ ဟုတ်ပါဘူး ဒေါ်မီမီတင်ဆီကို သွားပြီးကင်းလွတ်ကြောင်း စစ်ခိုင်းရတယ်။ ဆရာမကလည်း တော်တော် အားကိုးရတယ် ကျောင်းအကြောင်း ဟာသလုပ်ထားတာတွေ တစ်ခုမှမဖြတ်ဘူး ဘာကိုပြောလဲဆိုတော့ ဒို့ကဒီနယ်ထဲနေတာဆိုတော့ တောင်ပြုံးညီနောင်တော့ ထည့်လို့မဖြစ်ဘူးကွယုံ ဒီနတ်နှစ်ယောက်တော့ ပြင်ထည့်ပါကွယ် ကျန်တာလုပ်ချင်တာလုပ်ကြ ဆိုပြီး ခွင့်ပြုမိန့်ကျပါရော။

နတ်ကိုအစားထိုးဖို့က တော်တော်စဥ်းစားရတယ် ခက်တာကနတ်က တစ်ယောက်တည်း မဟုတ်ဘူး နှစ်ယောက်ဖြစ်နေတာကိုး။ နောက်တော့ စဥ်းစားမရတာနဲ့ နတ်တစ်ယောက်ကို ပြဇာတ်ထဲကနေ ထုတ်လိုက်ရတယ်။ ကျောင်းမရောက်ခင် သစ်ခွခြံတစ်ခုရှိတယ် ကျောင်းက အတွဲတွေသွားပြီး သစ်ခွပန်းဝယ်တတ်တယ်။ ဒါနဲ့ သစ်ခွခြံကိုစောင့်တဲ့ နတ်တစ်ယောက် ချက်ချင်းခန့်ပြီး ပြဇာတ်ထဲထည့် လိုက်ရတယ်။

ပြဇာတ်ကမယ်ဆိုတော့ အဝတ်အစားတော့ လိုတယ်ဆိုတော့။ ဘတ်ဂျက်ကလောက်ဘူး ဒါနဲ့ နတ်အဝတ်အစားကို မငှားနဲ့တော့ ဒါပေမယ့် နတ်မှန်းသိသာအောင် မကိုဋ်တော့လိုတယ် ဒါပဲငှားမယ်ဆိုပြီး ရှေခြည်ထိုးလုပ်တဲ့ဆီကနေ နတ်တွေအတွက် မကိုဋ် ၃ ခုငှားလာရတယ်။ သူငယ်ချင်း တစ်ယောက်က သူ့အိမ်မှာနတ်တင်ထားတဲ့ ပုဝါ ၃ ခုလည်း သူ့အမေမသိအောင် ခိုးလာတယ်။ ဒါနဲ့ နတ်ယူနီဖောင်းကတော့ လုံလောက်သွားတယ်။ ကျန်တဲ့လူတွေကတော့ ကိစ္စမရှိဘူးလေ ဒီခေတ်အဝတ်အစားဆိုတော့ ကျောင်းလာတဲ့ ဝတ်စုံနဲ့ဆိုရင် ရပြီပဲ။

ဇာတ်ကောင်တွေကလည်း ရှာရသေးတယ်။ အဓိကဇာတ်ကောင်တွေက မင်းသား၊ မင်းသမီး၊ သစ်ခွခြံစောင့်နတ်၊ ကွန်ပျူတာကျောင်းဘိုးဘိုးကြီး၊ ဘိုးဘိုးကြီးရဲ့ ကိုယ်ရေးအရာရှိ။ နောက်မပါ မဖြစ်တွေက ကျောင်းကားမောင်းတဲ့ကားဆရာ၊ ကျောင်းကားစီးမယ့် ကျောင်းသူတွေ၊ ဒေါ်မီမီတင်အဖြစ် သရုပ်ဆောင်မယ့် မိန်းကလေးတစ်ယောက်၊ တောင်ပြုံးပွဲက ကလေးတွေ ဒါတွေကလည်း ပါရဦးမယ်။

အတန်းထဲမှာ ဇာတ်ကဖို့ လူရှာရတာကလည်း ခက်လိုက်တာ အစကတော့ ဟိုလူလုပ်မယ် ဒီလူလုပ်မယ်နဲ့ တစ်ကယ်လည်းဆိုရော ဘယ်ပျောက်ကုန်မှန်းမသိဘူး။ ဟိုလူချော့ ဒီလူ့ခြောက်နဲ့ နောက်ဆုံးတော့ လူတော်တော်လေး စုလို့ရတယ် ဒါတောင် မင်းသားနဲ့ မင်းသမီး ကလုပ်မယ့်လူ မရှိဘူးဖြစ်နေတယ်။ နောက်ဆုံးလုပ်မယ်လူ မရှိရင် ဇာတ်ဆရာ နှစ်ယောက်တညး်က တစ်ယောက်မင်းသား လုပ်တာပေါ့ဆိုပြီး လျာထားရတယ်။ ကံကောင်းချင်တော့ မိန်းမလူစွမ်းကောင်း တစ်ယောက်ပေါ်လာပြီး မင်းသမီးလုပ်မယ်ဆိုတော့ သူငယ်ချင်းထဲက အရပ်အမောင်းတူမယ့် လူရှာပြီးမင်းသား လုပ်ခိုင်းရတယ်။

ဆက်ရန်