Calm Hill My Random Thoughts

ပြ၊ လမ်း နှင့် မျဥ်းဖြောင့်

လူရှင်တော်တွေ ပျက်လုံးထုတ်တဲ့ မန္တလေးသားပြောတဲ့ တစ်ပြ ဆိုရင်ကြောက်ပါပြီလို့ လူတွေပြောကြတာပေါ့ဗျာ။ တစ်ပြဆိုတာက မှန်းပြောတဲ့ အကွာအဝေးလို့ ထင်နေကြလို့ပါ တစ်ကယ်ကတော့ မန္တလေးကအခြေအနေနဲ့ ပြောရရင် တစ်ပြဆိုတာ တိတိကျကျသတ်မှတ်ထားတဲ့ အကွာအဝေးရှိပါတယ်။ ရန်ကုန်မှာလို ပြောမယ်ဆိုရင် ဘလောက် တစ်ဘလောက်ပေါ့ လမ်းတစ်လမ်းနဲ့ နောက်တစ်လမ်းကြား အကွာအဝေးကို မန္တလေးမှာက ပြလို့ခေါ်ကြ ပြောကြပါတယ်။ ကွာခြားတာက ရန်ကုန်က ဘလောက်တစ်ခုဆိုတာက ဒေါင့်မှန်စတုဂံပုံရှိပြီး မန္တလေးမှာကတော့ အားလုံးနီးနီးက စတုရန်းပုံရှိတာပါ။ ပြဆိုတဲ့အသုံးကလည်း ခေါ်ချင်တိုင်း ခေါ်တာမဟုတ်ပါဘူး နန်းမြို့ရိုးမှာက ပြအိုးတွေရှိပါတယ် ပြအိုးနဲ့ မျက်နှာချင်းဆိုင်မှာ လမ်းတစ်လမ်းရှိပါတယ် ဒါကြောင့် တစ်လမ်းနဲ့ နောက်တစ်လမ်း အကွာအဝေးကို ကြားမှရှိတဲ့ ပြအိုးအရေအတွက်နဲ့ တိုင်းရတာကနေ တစ်ပြ နှစ်ပြ ဆိုပြီး ခေါ်ကြတာပါ။ မန္တလေးသားဖြစ်ပြီး ပြဆိုတာ ဘာခေါ်မှန်းမသိတဲ့ လူလည်းရှိသေးတယ်။ ဒေသအခေါ်အဝေါ်ကို ဒေသခံ မသိတာကတော့ ရှက်စရာ ကောင်းတယ်လို့ ယူဆမိတာပဲ။

မန္တလေးမှာ လမ်းမတွေကို နာမည်မပေးပဲ နံပါတ်ပဲပေးပါတယ်။ ရန်ကုန်မှာလည်း လမ်းတွေကို နံပါတ်နဲ့ပေးတာ ရှိပေမယ့် လမ်းတွေကတိုပါတယ်။ လမ်းတစ်ခုကို နံပါတ်ပြောလိုက်တာနဲ့ နေတဲ့နေရာကို အကြမ်းတော့မှန်းလို့ရတယ်။ မန္တလေးမှာကတော့ လမ်းဒေါင့်မှာနေရင် လမ်းနှစ်ခုပြော မဟုတ်ရင် သုံးခုပြောမှသာ နေရာအတိအကျ ရောက်ပါတယ်။ ဝင်းထဲမှာနေရင်တော့ လမ်းကို တစ်ပြပါတ်လည် လေးလမ်းပြောမှသာ အိမ်ရှာလို့ရပါတယ်။ ဘာလို့လဲဆိုတော့ လမ်းတွေက အရှည်ကြီးတွေပါ။ ဘယ်မှာနေသလဲမေးလို့ ၃၅ လမ်းလို့ဖြေလိုက်ရင်တော့ သွားပြီပဲ။ ၃၅ လမ်းဆိုတာက ဂေါဝိန်ဆိပ်ကနေ မေမြို့အထွက် အောင်ပင်လယ် အထိ မန္တလေးမြို့ အနောက်ကနေ အရှေ့အထိလို့ ပြောလို့ရတယ်။ လမ်း ၈ဝ ဆိုတာလည်း အိုးဘိုကနေ ဘုရားကြီးအထိ တောက်လျောက် တစ်ဖြောင့်တည်းပဲ။ မန္တလေးမှာ လမ်းတွေက အကုန်လုံး အဖြောင့်တွေကြည့်ပဲ ကောက်သွားတယ်ဆိုတာ အင်မတန်ရှားပါတယ်။ ဒါကြောင့်ပဲ မန္တလေး မျဥ်းဖြောင့်များဆိုတဲ့ စာအုပ်နာမည်ဖြစ်လာသလားလို့ စာအုပ်စပြီး ထွက်ကာစက စဥ်းစားမိသေးတယ်။