Calm Hill My Random Thoughts

မှတ်မိသလောက် အတွက်အချက်များ

ဗမာပြည်မှာ သင်္ချာဆိုတာကို သိသလောက် စဥ်းစားကြည့်တော့ ဂဏန်းသချင်္ာကတော့ ထင်ထင်ရှားရှား တွေ့ရပါတယ်။ ကိန်းဂဏန်းဆိုတာက များလာရင်မှတ်မိဖို့ မလွယ်ပါဘူး။ အခုနောက်ပိုင်း လက်တွေ့ တိုင်းထွာချက်အရဆိုရင် ဂဏန်း ရ လုံးထက် အပို ၂ အလို ၂ ဆိုပြီးဆိုပါတယ်။ ဗမာတွေကတော့ ကိန်းဂဏန်းထက်စာရင် စာနဲ့ပိုပြီးမှတ်မိအောင် လုပ်ထားတတ်တယ် လူသိများတာတွေဆိုရင် သက္ကရာဇ်တွေကို စာနဲ့ကိုယ်စားပြုတယ် လှည်းဝင်ရိုးသံတစ်ညံညံ၊ ရှေလသာဝါဝါဝင်း၊ ဥသြအော်မြည်၊ အောင်ကျော်ချမ်းအေး ဆိုတာတွေက အားလုံးကြားဖူးကြပါတယ်။

ကိန်းတန်ဖိုးကို အက္ခရာနဲ့ မှတ်ထားလိုက်တာက ဗမာနည်းဗမာ့ဟန်ပေါ့။ ဒါတွေက ဗေဒင်ကနေလာလို့ သုညကနေ ခြောက်အထိပဲရှိတယ် ကိန်းအားလုံးကို ကိုယ်စားမပြုနိုင်ဘူး ဒါကြောင့်တစ်ချို့ သက္ကရာဇ်တွေကိုတော့ ရေးလို့မရပါဘူး။ ဗေဒင်ကနေလာတယ်ဆိုတော့ မူရင်းကတော့ မဇ္ဇိမကပေါ့။ ဒါပေမယ့် အိန္ဒိယမှာ ကိန်းကို အက္ခရာနဲ့ဗမာတွေလို ရေးတာရှိမရှိတော့ လက်လှမ်းမမှီတော့ မသေချာပေမယ့်။ တွေ့ရသလောက်ကတော့ ဗမာပြည်ရောက်မှ အသုံးချနည်း တိုးသွားတာလို့ ခန့်မှန်းပါတယ်။

အိန္ဒိယကတိုက်ရိုက်လာတဲ့ ဗေဒင်ကျမ်းတွေကတော့ လူတိုင်းလက်လှမ်းမှီတဲ့ အခြေအနေမှာမရှိသလို လူတိုင်းလည်း သင်လို့မတတ်နိုင်ပါဘူး။ ခေတ်အခြေအနေနဲ့ ကြည့်ရင် အင်မတန်ကြီးတဲ့ ကိန်းတွေပါပါတယ် သူရိယသိဒ္ဓန္တမူရင်းမှာဆိုရင် အငယ်ဆုံးကိန်းရဲ့ တန်ဖိုးက လေးဆယုံသုံးသိန်းနှစ်သောင်း ရှိပါတယ်။ အဲ့ဒီကိန်းတွေကို ဂဏန်းတွက်စက်မရှိပဲ အပေါင်းအနှုတ်တင်မကပဲ အမှောက်အစားပါလုပ်ရပါတယ်။ ထြီဂိုနိုမက်ထရီက အိန္ဒိယမှာမပေါ်ပါဘူး ဒါပေမယ့် အဖြေတွေက တစ်ချို့တွက်ရတဲ့နေရာတွေမှာ အခုခေတ် ထြီဂိုနိုမက်ထရီနဲ့တွက်မှ ထွက်မယ့်အဖြေတွေကို သူတို့နည်း သူ့တို့ဟန်နဲ့တွက်ရပါတယ်။ အဲ့ဒီခေတ်က ကိန်းသေတွေဟာ အခုခေတ် နက္ခတ္တဗေဒ အတိုင်းအတာတွေနဲ့ အများကြီး မခြားနားပါဘူး။

ဒါတွေကို တွက်ချင်ရင်တော့ ဂဏန်းပေါင်းစက် မရှိတဲ့အတွက် အလီမတတ်ရင် တွက်လို့ဘယ်လိုမှ မရပါဘူး ဒါကြောင့် ဗမာပြည်မှာ သင်္ချာအခြေခံအဖြစ် အလီကိုအရင်သင်ရပါတယ်။ အရင်က ဘုန်းကြီးကျောင်းမှာ အလီသင်ရတယ် အဖိုးလက်ထက်လောက် အထိကိုပဲ ဘုန်းကြီးကျောင်းက ကိုးကြောင်းတွက်ကို သင်နေရတဲ့အခြေအနေ မပျောက်သေးဘူး။ နောဧကနော တို့ဘာတို့တော့ အဘိုးဆိုရင် အလွတ်ရတယ်။ လူတိုင်း ဗေဒင်မတွက်တတ်ပေမယ့် အလီသင်တဲ့ အကျိုးကြောင့် လူတိုင်း အပေါင်းအနှုတ်တွက်တတ်တဲ့ ဂဏန်းသင်္ချာကို အခြေခံရသွားကြတာဟာ ရောင်းရေးဝယ်တာအတွက် အင်မတန် တိုးတက်သွားပါတယ်လို့ ပြောရမှာပါ။ ငယ်ငယ်ကတော့ အဘိုးက တစ်ခါတစ်လေ ကလေးတွေကို မဆော့စေချင်ရင် အလုပ်ပေးတဲ့အနေနဲ့ တွက်ခိုင်းတဲ့ ပုစာ္ဆလေးတွေနည်းနည်း မှတ်မိသေးတယ်။

ခိုခွဲ၊ ဝမ်းဘဲငါးကျပ်၊ စာတစ်မတ် အကောင် အစိတ် ငွေအစိတ် ဆိုပြီးခွဲခိုင်းတယ်။ အခုခေတ် သင်္ချာနဲ့ အသေအချာ စဥ်းစားကြည့်မယ်ဆိုရင် ဒါလေးတွေက ဆခွဲကိန်းခွဲခိုင်းတာရဲ့ အခြေခံပဲ။ ရှေးဗမာတွေမှာ ဒဿမဆိုတာ မရှိဘူး ဒါပေမယ့် တစ်မတ်တို့ ငါးမူးတို့နဲ့ သုံးပြီးတော့ ဒဿမပါ ပါတဲ့ကိန်းမျိုးကို တွက်ခိုင်းထားတာ အသေအချာတွေ့ရတယ်။

မိန်းမကြီး တစ်ယောက် ကြက်ဥတွေ ရောင်းမယ်ဆိုပြီး ခြင်းတစ်လုံးနဲ့ အိမ်ကနေ ကြက်ဥကောက်ပြီး စျေးကိုအလာမှာ လူတစ်ယောက်နဲ့တိုက်မိပြီး ကြက်ဥတွေ အကုန်ကွဲကုန်ရော။ ဒါနဲ့တိုက်မိတဲ့လူက လျော်ပေးမယ် ကြက်ဥဘယ်နှစ်လုံး သယ်လာသလဲ ပြောပါဆိုတော့ မိန်းမကြီးက အလုံးအတိအကျတော့ မမှတ်မိဘူး ယူလာတဲ့ ကြက်ဥတွေကို နှစ်ပုံလည်း အညီအမျပုံလို့ရတယ် သုံးပုံလည်း အညီအမျပုံလို့ရတယ် လေးပုံလည်း အညီအမျပုံလို့ရတယ် ဒါပေမယ့် ငါးပုံပုံရင်တော့ တစ်လုံးပိုတယ ် တွက်ပြီးလျော်ပေးပါလို့ ပြောတယ်။

အငယ်ဆုံး ဆတိုးကိန်းကို ရှာတယ်ဆိုတာက အခုခေတ်သင်္ချာမှာတောင် အရင်က သေးသေးမှားမှား ပြဿနာမဟုတ်ပါဘူး။ ကွန်ပျူတာသိပ္ပံမှာဆိုရင် သီးသန့်ကို ကိန်းနှစ်လုံးရဲ့ အငယ်ဆုံးဘုံဆတိုးကိန်းကို ရှာတဲ့ Algorithm တွေရှိပါတယ်။ အခုက ကိန်းနှစ်လုံးရဲ့ အငယ်ဆုံး ဘုံဆတိုးကိန်းမဟုတ်ဘူး ကိန်းလေးလုံးရဲ့ ဘုံဆတိုးကိန်းကိုရှာရမယ် အဲဒီအထဲကမှ နောက်ထပ်ပါတဲ့ ကန့်သတ်ချက်တစ်ခုက ဘယ်ကိန်းဟာ အဖြေဖြစ်မလဲပါတယ်။ ထပ်ပြီးချဲ့စဥ်းစားမယ်ဆိုရင် ကန့်သတ်ချက်အားလုံးနဲ့ အဆင်ပြေမယ့် မသိကိန်းကိုရှာတာဟာ အက္ခရာသင်္ချာလို့လည်း ပြောလို့ရပါတယ်။

အခုအချိန်မှာ ပြန်စဥ်းစားမိတော့ ငယ်ငယ်က အဘိုးသင်တဲ့ ဗမာရိုးရာသင်္ချာတွေကို မှတ်တမ်းလေး လုပ်မိခဲ့ရင် ကောင်းမယ်လို့ နှမျောမိတယ်။ အဘိုးကကျန်းမာပေမယ့် ကိုယ်ကမသင်နိုင်တော့ဘူး။ ဥာဏ်စမ်းမဟုတ်ပဲ ကုန်သည်တွေကို သင်ပေးတဲ့သင်္ချာလိုဟာတွေကို မတတ်လိုက်တော့ဘူး ကုန်ချိန်တွက်တာတွေ၊ ပြည်တင်းတွက်တာတွေ အားလုံးက ဗမာ့ရိုးရာစစ်တွေပါ။ အဘိုးကတော့ ရှေးခေတ်က ပွဲစားကြီးလုပ်တဲ့ မျိုးရိုးဆိုတော့ အကုန်တတ်ပေမယ့် အဖေက ခေတ်ကျောင်းတက်တော့ အဘိုးတတ်တာ ဘာတစ်ခုမှမတတ်ပါ။ မြေးဖြစ်တဲ့ ကျွန်တော်လည်း ဘိုးစဥ်ဘောင်ဆက် အလုပ်ကို လုပ်မယ်လူမဟုတ်လို့ အဘိုးကလည်း ဘာမှသင်ပေးမထားပါဘူး။ ဒီလိုနဲ့ပဲ ကွယ်ပျောက်သွားတဲ့ ဗမာရိုးရာ အတတ်ပညာတွေ ဘယ်လောက်များ ရှိနေပြီလဲ မသိပါဘူးလို့ပဲ နှမြောမိပါတယ်။

comments powered by Disqus