Calm Hill My Random Thoughts

တိုက်ပဲတိုက်ဆိုင်လွန်းတယ်

ကျွန်တော် ရ တန်း ၈ တန်းလောက်က ရေဆင်းမှာနေတယ်ဗျ။ ၂၄ နာရီမီးလာတာကလွဲရင် တောလည်းမဟုတ် မြို့လည်းမဟုတ် ဘာခေါ်ရမှန်းမသိတဲ့နေရာ လို့ပြောရမယ်။ မုန့်စားချင်တာတောင် ဝယ်စားစရာနေရာ အလွန်ရှားဆိုတဲ့နေရာဗျ။ လက်ဘက်ရည် သောက်ချင်ရင် ၃-၄ မိုင်လောက်ဝေးတဲ့ စိုက်ပျိုးရေးသုတေသနနားက စျေးကိုသွားမှပဲ လက်ဘက်ရည်ဆိုင် ရှိမယ်။ ကျောင်းပိတ်ရက်ကလည်း ဖြစ်တော့ အမေကလည်း ညီမလေးခေါ်ပြီး မန္တလေးခဏပြန်သွားတယ်။ အိမ်မှာ သားအဖနှစ်ယောက်ပဲ ကျန်နေခဲ့တော့ လွတ်လပ်ရေးရနေ ကြတာပေါ့ဗျာ။ အမေမရှိဘူးဆိုတော့ အဖေက အချက်အပြုတ် တာဝန်ကျတာပေါ့။ အစားအသောက် မီးလိုတောက်ဆိုတဲ့ သားအဖနှစ်ယောက်တည်း ကျန်တယ်ဆိုလို့ကတော့ အစားအသောက် မျိုးစုံကတော့ တစ်ရက်တစ်မျိုး စိတ်ကြိုက်ချက်ကြတာပဲ။


တစ်ရက်နေ့လည်ခင်း ထမင်းစားတော့ သားအစ်ဖနှစ်ယောက် ဟင်းခွက်မှာ လက်ဆုံကြပါရော။ “ငါ့သားရေ အိမ်မှာလူမရှိပါဘူးဆို လက်ဆုံနေပြီ ဧည့်သည်များ လာမလားမသိဘူးဗျ” လို့အဖေကပြောပါရော။ “ဟာ… ဧည့်သည်တော့ လာလို့မဖြစ်သေးဘူး အဖေရ ကျွန်တော်တို့ ချက်ချင်တာ ချက်စားလို့ မဝသေးဘူး” လို့ကျွန်တော်ကလည်း ဝင်ထောက်ခံလိုက်တယ်။ “ဇွန်းကို လှည့်လိုက်ရင် ဧည့်သည်မျက်စေ့လည်ပြီး မလာတော့ဘူးလို့ ကြားဖူးတယ် လာလေ့ရော” ဆိုပြီး အဖေကလည်း ဟင်းပန်းကန်က ဇွန်းကို ဟင်းပန်းကန် တစ်ပတ်လှည့်လိုက်တာပေါ့ဗျာ။


ထမင်းလည်း စားပြီးရော သားအဖနှစ်ယောက် ရေနွေကြမ်းသောက်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်လုံး ခွက်မှာ လက်ဘက်ခြောက် အရိုးထောင်နေပါရော။ မြင်လည်းမြင်ရော သားအဖနှစ်ယောက် တိုင်ပင်စရာမလိုဘူး ရေနွေးကြမ်း ပန်းကန်ကို ပြိုင်တူလှည့်လိုက်ကြတာပေါ့။ လုပ်စရာမရှိတော့ သားအဖနှစ်ယောက် တီဗွီကြည့်ပေါ့။


ညနေ ၃ နာရီလောက် လည်းရောက်ရော အိမ်ရှေ့မှာ ကားသံကြားလို့ ထွက်ကြည့်လိုက်တော့ အဖေ့ရဲ့ ဒယ်ဒီဖားသား ခရီးဆောင်အိတ်ကြီးနဲ့ မောကြီးပမ်းကြီး အိမ်ရှေ့ရောက်နေပါရောလား။ ဒါနဲ့ ကားပေါ်ကပစ္စည်းတွေချ သယ်ပြုပြီးတော့ အဘိုးကို အိမ်ထဲခေါ်ပေါ့။ ဘယ်နှယ်အဘိုးကလည်း လာမယ်ဆိုလည်း ဖုန်းလှမ်းဆက်လိုက် လမ်းထိပ်လာခေါ်မှာပေါ့လို့ ပြောတော့။ “အေးကွယ် ငါလည်း လမ်းထိပ်ရောက်မှ ဖုန်းဆက်မလို့ပဲ ဘယ်လိုလုပ်ပြီး မျက်စေ့လည်သွားလဲမသိဘူး လမ်းထိပ်မဆင်းမိပဲ ရေဆင်းရွာထဲရောက်သွားလို့ ဘာကားမှလည်း ငှားမရလို့ ဆည်ဘောင်ပေါ်လမ်းလျောက်တက်ပြီး လာတာကွယ် မင်းအဖေရုံးနားရောက်မှ မောင်ရှေသိန်းနဲ့တွေ့လို့ သူကကားနဲ့လိုက်ပို့လို့ ရောက်တာကွဲ့” လို့လည်း ပြောရော သားအဖနှစ်ယေက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် တိုက်ဆိုင်တာပဲလား သူ့လက်ချက်လား ကိုယ့်လက်ချက်လားဆိုပြီး ပြုံးစိစိနဲ့ ပါးစပ်ပိတ်ထားရတယ်။