Calm Hill My Random Thoughts

မန္တလေး နေ့ရက်များ (၁)

ဇာတိဆိုတာကလည်း သံယောစဥ်ဖြတ်ရခက်သား မွေးတာကမန္တလေးမှာ ဒါပေမယ့် ၃ နှစ်သားပြည့်ကတည်းက မန္တလေးကခွာခဲ့တာ ဆယ်တန်းမှပဲ ပြန်ရောက်တော့တယ်။ ငယ်ငယ်ကတည်းက နေခဲ့တဲ့မြို့မှာလည်း ငါ့ကိုခေါ်ကြတယ် မန္တလေးသားလို့ ဘယ်လောက်ကြာကြာ သူတို့မြို့သား ဖြစ်မသွားသလို ငါကလည်း ငါ့ကိုယ်ငါမန္တလေးသားလို့ စိတ်ထဲမှာစွဲနေမိပါလိမ့်။ ဇာတိနဲ့ပါတ်သက်ပြီး ရန်ဖြစ်ရတာလဲ ပြဿနာ သုံးတန်း လေးတန်းလောက်တုံးက ကျောင်းသားအားကစားပွဲ ဖွင့်ပွဲပိတ်ပွဲဆိုရင် ကလေးတွေကို မုန့်ဖိုးလည်းမပေးပဲ အလကားခေါ်ပြီ စာတမ်းဖော်တာတို့ ဘာတို့အလုပ်ခိုင်းတတ်တယ်။ ကွင်းထဲမှာ စာတမ်းဖော်ရင်း သူငယ်ချင်းတစ်ယောက်နဲ့ ငါးကျပ်ပေးကြေးဆိုပြီး သူ့တိုင်းကိုယ့်တိုင်း ဆုတံဆိပ် အများပြိုင်တာ နိုင်ရဲ့သားနဲ့ ငါးကျပ်မပေးလို့ ကွင်းထဲမှာလုံးသတ်ဖူးတယ်။

နယ်ပေါင်းစုံမှာနေခဲ့ဖူးတယ် ဒါပေမယ့် လေသံဝဲမသွားဘူး ဘယ်အချိန်မှာပဲဖြစ်ဖြစ် စကားပြောရင် မန္တလေးသားလေသံနဲ့ပဲ စကားပြောတယ်။ လူတစ်ယောက် မန္တလေးသားစစ်စစ်လား မန္တလေးမှာနေဖူးရုံနဲ့ မန္တလေးသားလို့ပြောသလားဆိုတာ လေသံနားထောင်တာနဲ့ခွဲတတ်တယ်။ လူတိုင်းက အညာသားလေသံလို့ပြောတယ် မငြင်းပါဘူး ကိုယ်နေတာလည်း အညာပဲလေ အကြေအရပ်မှာ တစ်ခါမှမနေခဲ့ဘူး။ ဒါပေမယ့် သူတို့နားမလည်တာက အညာမှာလေသံအမျိုးမျိုးရှိတယ် ဘယ်ဟာမှန်း ဂဃနဏမသိကြဘူး သူတို့နဲ့လေသံမတူလို့ အညာသံလို့ပြောတာ။ လေသံနားမလည်ရင်နေပါ ခုနှစ်ကို ခွန်လို့မထွက်ပဲ ခွင်လို့ထွက်ရင် ဘယ်ကလာတယ် ဟုတ်တာ ကို ဟုတ်ဆာ ဟုတ်ထှာ လို့ပြောတတ်ရင် ဘယ်ကဆိုတာလောက်တော့ သိသင့်တယ် မဟုတ်လား။

ငယ်ငယ်ကဖတ်ဖူးတယ် ဓနမဂ္ဂဇင်းထဲမှာထင်တာပဲ အီကြာကွေးရေးတာ ဇာတိမြို့နဲ့ပါတ်သက်ပြီး သံယောစဥ်ကြီးပုံကို စျေးထဲကစျေးသည်တွေကို ရပ်ဆွေရပ်မျိုး အမျိုးစပ်ပြီး အဆစ်တောင်းတာ နမူနာပြပြီးရေးထားတာ။ ဟိုတစ်နေ့ကလည်း ဘောလုံးကန်တာ ရန်ကုန်မန္တလေးရန်ဖြစ်သတဲ့ ဒီတစ်ခါတော့ခံရတာက ရန်ကုန်ကဖြစ်နေတော့ ခင်ဗျားတို့ဆီက ရိုက်လှတ်လိုက်တာဆိုပြီး လူတိုင်းလာလာပြောနေတယ်။ ဘောလုံးပွဲရန်ဖြစ်တာ ဆန်းသလား ပြီးတော့ဖြစ်ပြီဆိုမှတော့ ဘယ်ဘက်ကမှငြိမ်မခံပါဘူး သူတင်ကိုယ်တင်ချမှာပါပဲ တစ်ခုတော့ရှိတာပေါ့ လူနည်းတဲ့ဘက်ကတော့ ခံရတာပါပဲ။ ကြာတော့စိတ်ရှုပ်လာလို့ ငါ့အိမ်ကလူတွေတောင် ထွက်ရိုက်သေးဆိုလားလို့ ပြောလိုက်မှပဲ လာပြောတာရပ်သွားတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ ကိုယ်ဘက်ကခံရတော့ ဘယ်ကြိုက်မလဲ။ လူဆိုတာကလည်း ခွေးချင်းကိုက်တောင် ကိုယ်ခွေးနိုင်မှ သဘောကျတာမဟုတ်လား။ ဘယ်သူ့ကိုမှ ခွေးနဲ့နှိုင်းတာမဟုတ်ဘူး အဲဒါမန္တလေးသားစကား စကားပုံတွေ ဆိုရိုးစကားတွေနဲ့ မြင်သာအောင်ပြောတတ်တယ်။

ဘောလုံးပွဲရန်ဖြစ်တာနဲ့ ပါတ်သက်ပြီး အခုလူတွေက ဗဟုသုတမရှိကြတော့ဘူး ငယ်ငယ်က အဖေပြောပြတာသတိရတယ်။ အရင်ကတော့ အခုလိုလိဂ်တွေတော့ မရှိဘူးပေါ့ ပြည်နယ်တိုင်းဘောလုံးပွဲပေါ့ အမြဲတမ်းလိုလိုဗိုလ်လုပွဲဆိုရင် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း ကန်ကြတာများပါတယ်။ ကန်တိုင်းလည်းရန်ဖြစ်ပါတယ် အများအားဖြင့် ရန်ကုန်မှာပဲလုပ်တော့ တစ်ကယ်ချဆိုရင် လူနည်းတဲ့မန္တလေးကလူပဲ ခံရတာများတာပဲ တစ်ခါကတော့ ဗိုလ်လုပွဲကို မန္တလေးမှာကျွန်တော့် ဦးလေးတစ်ယောက်က လက်မှတ်ဝယ်လာပြီးတော့မှ ဂျီတီအိုင် စာမေးပွဲရှိလို့ လက်မှတ်ကိုအဖေ့ကိုပေးပြီး အကြည့်ခိုင်းလိုက်တာ ဘောလုံးပွဲမှာ ပရိတ်သတ်ချင်းချကြပါရော။ ဦးလေးကစာမေးပွဲပြီးလို့ ကျောင်းထဲကထွက်ပြီးတော့ ဗထူးကွင်းနားလာပြီး ဘယ်နှစ်ဂိုးစီရှိကြပြီလဲလာကြည့်တာ ကွင်းထဲကအုတ်နီခဲထွက်လာပြီး ခေါင်းကိုမှန်တာ ၅ချက်ချုပ်လိုက်ရပါရော။ အဲလိုပဲ ဘောလုံးဆိုတာ လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းချင်းတောင် ကွင်းထဲရောက်ရင် ရန်ဖြစ်အောင် လုပ်နိုင်တဲ့အမျိုးမဟုတ်လား။