Calm Hill My Random Thoughts

မန္တလေး နေ့ရက်များ (၂)

ငယ်ငယ်ကတည်းက မန္တလေးအိမ်ပြန်ရောက်ရင် မနက်ပိုင်း အမြဲသွားစားနေကျကတော့ မန္တလေးမုန့်တီသုတ်ပေါ့ မန္တလေးသား မုန့်တီကြိုက်တာ မထူးဆန်းပါဘူးလေ။ အကြေအရပ်က လူတွေကတော့ နန်းကြီးသုတ်လို့ ခေါ်ကြတယ် တစ်ကယ်က မုန့်တီဆိုတာ နန်းကြီးပဲရှိတာမှ မဟုတ်ပဲ နန်းကြီး၊ နန်းလတ်၊ နန်းသေး အစုံရှိတာပဲ နောက်တစ်ခုက နန်းသေးဆိုတာ မုန့်ဟင်းခါးဖတ်ကို ခေါ်တာမဟုတ်ဘူး သူ့ထက်ကြီးပါတယ်။ မုန့်တီမှာအရေးကြီးတာ ပဲမှုန့်ပါ ဒါကြောင့် ဘယ်မြို့မှာပဲသုတ်သုတ် မန္တလေးကမုန့်တီနဲ့ ကွဲပြားသွားတာက ပဲမှုန့်ကွာလို့ပါ။ ပဲမှုန့်အလှော် များများလေးရယ် ဆီကျက်ကလေးရယ် ကြက်သားဟင်းရည်လေးရည် ဒါလေးတွေ ကောင်းပြီဆိုရင် မုန့်တီကောင်းပါတယ်။ အပိုအနေနဲ့ကတော့ ပဲခေါက်ကြော်ကလေး အပိုထည့်လိုက်ရင် ပိုပြည့်စုံသွားတာပေါ့။ မုန့်တီမှာ ကြက်သားဆိုပေမယ့် ကြက်အရိုးလည်းသုံးပါတယ် တောင်ပံရိုး ခြေထောက်ရိုးနဲ့ပေါ့။ တစ်ချို့ဆိုင်တွေဆိုရင် ကြက်အူထုံးလေးတွေနဲ့လည်း ရောင်းတတ်ပါသေးတယ်။ တစ်ခြားမုန့်နဲ့မတူတာက အစပ်အဟပ်မတည့်ရင် အသားပိုထည့်လည်း စားလို့မကောင်းတာကတော့ မုန့်တီပါပဲ။

အခုနောက်ပိုင်းတော့ မုန့်တီနဲ့ နာမည်ကြီးတဲ့ဆိုင်တွေကတော့ လမ်း ၄ဝ ဘက်မှာဆို ဒေါ်သန်းမြက နာမည်အကြီးဆုံးပဲ။ မြောက်ပြင်မှာဆိုရင် လမ်း ၈ဝ ပေါ်ကနေ ဝင်းထဲဝင်သွားရတဲ့ ဒေါ်ကွန့် နောက်ပြီး ၁၃ လမ်းအနောက်ဘက်က အသုတ်ဆိုင်။ ၃၂ လမ်း ဝင်းထဲက မုန့်တီလည်းနာမည်ကြီးတယ် မလွန်ခဲတံတန်းထဲက ဆိုင်လည်းတော်တော် နာမည်ကြီးသဗျာ။ ၂၆ လမ်းပိုက်ကျုံး အနောက်ဆိုရင်တော့ ဒေါ်တောလည်း နာမည်တော်တော်ကြီးတယ်။ မုန့်တီဆိုရင် ရှေးကတည်းက အမျိုးသမီးတွေပဲ ရောင်းကြတော့ နာမည်ကြီးဆိုရင် အမျိုးသမီးနာမည်တွေပဲ များပါတယ် ဆိုင်နာမည် သတ်သတ်မရှိပါဘူး။ လက်ဘက်ရည်ဆိုင်က မုန့်တီဆိုရင်တော့ မင်းသီဟက မုန့်တီကတော့ တော်တော်လေးကောင်းပါတယ်။ ကျန်တဲ့ဆိုင်တွေကတော့ ပုံမှန်ပါပဲလေ။

အရင်ကတော့ နေ့လည်ဆိုရင် ခိုတောင်မုန့်တီသည်လေးတွေ လာတာလည်းရှိတယ်။ ခိုတောင်ဆိုတာက ဧရာဝတီဖြစ် တစ်ဘက်ကမ်း စစ်ကိုင်းနဲ့ မင်းကွန်းကြား စစ်ကိုင်းတောင်ရိုးအောက်ခြေက ခိုတောင်ရွာကနေ လှေနဲ့ကူးပြီးခေါင်းရွက်လေးနဲ့ လာရောင်းကြတာဗျ။ ဟင်းချိုရည်အိုးလေးကို မအေးသွားအောင် ပုဆိုးလေးတွေနဲ့ပတ် မုန့်တီနန်းသေးလေးတွေနဲ့ ခေါင်းရွက်ဘန်းကလေးနဲ့လာကြတယ်။ ခိုတောင်မုန့်တီမှာ အသားမပါဘူး ရိုးရိုးမုန့်တီနဲ့ နည်းနည်းကွာတာက ပဲသီးတောင်ကို သေးသေးလေးတွေ လှီးထားတာထည့်တယ် ဂေါ်ဖီထုပ်ကိုပါးပါးလှီးထားတာ ထည့်သုတ်တယ်။ ဟင်းရည်ကို သတ်သတ်မပေးဘူး မုန့်တီစားပြီးမှ မုန့်တီပန်းကန်ထဲကို ဟင်းရည်ထည့်ပေးတယ် ဟင်းရည်ကလည်း စပါးလင်လေး ဘာလေးနဲ့နည်းနည်းထည့်ထားတဲ့ ဆားနဲ့ ပုဇွန်ခြောက်ထည့်ထားတဲ့ ဟင်းရည်လေးပါ။ အခုခေတ်တော့ ဟင်းချိုမှုန့်ကူပါလိမ့်မယ် ထင်တယ်။ အခုတော့ ရွှေပြည်မိုးမှာတော့ နေ့လည်ပိုင်းဆို ခိုတောင်မုန့်တီရောင်းတယ် ဒါပေမယ့် ခိုတောင်ကလာတာမဟုတ်တော့ ခိုတောင်မုန့်တီတုပေါ့ဗျာ။ အိမ်ကိုလာတဲ့ ခိုတောင်မုန့်တီသည်တောင် ငယ်ငယ်ကရောင်းတဲ့ အဒေါ်ကြီးတောင် အသက်ကြီးလို့ သူ့သမီးတောင် မုန့်တီသည်ဖြစ်နေပါပေါ့လား။ အခုအချိန်အထိတော့ ခိုတောင်ကနေ မုန့်တီသည်တွေ အစဉ်အလာမပျက် အရပ်ထဲလှည့်ပြီးရောင်းနေပါသေးတယ် နောင်များတော့ လက်ဘက်ရည်ဆိုင်မှာပဲ ဘန်းချပြီး ပုံသေရောင်းလေမလားတော့ မှန်းကြည့်လို့ မသိနိုင်ပါဘူးလေ။