Calm Hill My Random Thoughts

ဂျာအေး သူ့အမေရိုက်

Linux မှာပြဿနာက Driver ပဲ။ အမြဲတမ်း ပြဿနာလုပ်တာက nVidia နဲ့ Broadcom ကသူတို့ Driver တွေကို Source Code ထုတ်မပေးဘူး။ ကိုယ့် Wifi ကလည်း ဖြစ်ချင်တော့ Broadcom Chipset ဖြစ်နေပါရောလား။ အရင်ကတည်းက Red Hat သုံးနေကျပါ ပိုက်ပိုက်ပေးရတော့ Fedora ပြောင်းသုံးတယ်။ အရင် Fedora မှာဆိုရင် Wifi အတွက်ကို Wrapper နဲ့ပဲ Window Driver တွေကိုပြန်ထည့်ယူရတယ်။ တော်တော်လေးကို ရွာလည်ဖူးတယ်။ ထည့်ထားလို့ အဆင်ပြေလိုက် တစ်ခါတစ်လေ Upgrade လုပ်လိုက်ရင် Wifi ပျောက်သွားလိုက်နဲ့ပဲ Ubuntu ပြောင်းသုံးလိုက်မှ အလုပ်ရှုပ်သက်သာသွားတယ်။ Ubuntu က Dell နဲ့ ဘော်တာလုပ်ထားတော့ သူ့ Driver တွေအကုန်ပါလာတော့ ကိုယ့်ဟာကိုယ်ထည့်စရာ လုပ်စရာမလိုတော့ဘူးပေါ့။

အရင်ကတော့ Ubuntu 9.04 လေးကို 8.10 ကနေပြီး Upgrade လုပ်ပြီးသုံးလာတာပါ 9.10 ထွက်တော့လည်း Upgrade လုပ်လိုက်တာပေါ့ တိုက်တိုက်ဆိုင်ဆိုင် ဘာဖြစ်တယ်မသိဘူး Boot ကိုတက်မလာတော့ဘူး အမျိုးမျိုးတော့ ကလိကြည့်ပါတယ် မရတော့ဘူး။ တော်သေးတာပေါ့ လုပ်လက်စအလုပ်တွေကို Backup လုပ်ထားလိုက်လို့ Data တော့မကုန်သွားပါဘူး။ ဒါနဲ့ Clean Install လုပ်ကွာဆိုပြီး အသစ်ပြန်လုပ်တယ် လှလှပပလေးတက်လာပါတယ် ပြဿနာစတာက Wifi ကိုမသိတော့ပါဘူး။ ဟုတ်သေးပါဘူးဆိုပြီး သူ့ဖိုရမ်ထဲဝင်ကြည့်တော့ ကိုယ်လိုလူတွေအများကြီးပဲ မရတော့ဘူးဆိုပြီး အော်ကြဟစ်ကြပေါ့ ကိုယ့်ဖိုရမ်လိုပဲ သိတဲ့လူများကလည်း တတ်သလောက် မှတ်သလောက် ဝင်ပြီးပြောကြပေါ့ ဒါလည်းမပြေလည်ပါဘူး။

ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး မျက်ချေပြတ်နေတဲ့ Broadcom ကိုပြန်လိုက်ရတယ် http://wireless.kernel.org/ မှာမှေတော့မှထွက်လာတယ်။ ဒါနဲ့အဲဒီ့ကနေ တစ်ဆင့် http://www.broadcom.com/support/802.11/linux_sta.php ကိုတစ်ခေါက် ထပ်ပြေးရပြန်ရော။ ဒီတစ်ခါတော့ Broadcom က Linux အတွက်ထုတ်ပေးထားတယ်ပေါ့ အဲဒါတွေကိုဒေါင်း။ ဒေါင်းဆိုတော့လည်း Wifi မရပါဘူးဆို Linux ဘက်ကလည်း ဒေါင်းမရဘူးလေ Window ထဲကနေဒေါင်းယူရတယ်။ ဖွင့်ကြည့်တော့ မောင်မင်းကြီးသားက Source တော့မပေးပါဘူး Lib ကို Binary နဲ့ပဲပေးထားပါတယ်။ သူပိုင်တာပဲလေ ပေးချင်လည်းပေးမှာပေါ့ မပေးချင်လည်းနေလို့ရတာပဲ။ ကိုယ်သုံးဖို့နည်းနည်း အဆင်သင့်ဖြစ်တာပဲ တော်ပါပြီ အရင်လို exe ထဲကနေဆွဲထုတ်စရာတွေ မလိုတော့ဘူးပေါ့။ အဲဒါလေး Compile လုပ် Install လုပ်လိုက်တော့မှပဲ Wifi လေးအသက်ဆက်သွားတော့တယ်။

အသေအချာ ပြန်ဖတ်ဦးမယ်ဆိုပြီး wireless.kernel.org ကိုထပ်ဝင်ကြည့်တော့ Broadcom ကိုမှသွားစရာမလိုတာပဲ ကိုယ်ကအစပဲဖတ်ပြီး ဟိုဘက်ရောက်သွားတာ သူ့မှာ Distro အလိုက် အမျိုးမျိုး အဆင်သင့်လုပ်ပြီးသားတွေရှိတာပဲ မတတ်နိုင်ပါဘူး အလုပ်လည်းရှုပ်လိုက်ပြီးသွားပြီကိုး။ သူ့ဖိုရမ်ထဲဝင်ကြည့်တော့ သကောင့်သားတစ်ယောက်က sudo apt-get install b43-fwcutter တဲ့အဲဒါဆိုရင်ရပြီတဲ့။ နောက်တစ်ယောက်ကတော့ Install လုပ်တဲ့အချိန်မှာ Internet ရှိရင် တစ်ခါတည်း Wifi Driver ကို အော်တိုဒေါင်းသွားတယ်တဲ့။ နောက်တစ်ယောက်က ထပ်ရေးထားတယ် အဲဒါတွေ လုပ်ကြည့်တာလည်းမရဘူးတဲ့။ ဘယ်ရမလဲ ဂျာအေး သူ့အမေရိုက်ဖြစ်နေကြတာကိုး Wifi မရလို့ အင်တာနက်မရပါဘူးဆို On-Line Repository တွေဘယ်လိုလုပ်သုံးမလဲ။ ဒါနဲ့ Package ကိုဒေါင်းယူပြီး Install လုပ်လိုက်လို့ ဝင်ပြီး လျာရှည်ခဲ့လိုက်တယ်။ ကိုယ်လိုလူ နောက်တစ်ယောက်က ဝင်ပြောထားပြန်တယ် ကြိုးတပ်လိုက်ပါလားတဲ့ ကောင်းလိုက်တဲ့အကြံ။

အင်တာနက်မရှိလို့ Wifi မသိတာလား Wifi မသိလို့ အင်တာနက်မရတာလား ဒါနဲ့ပဲ ပြဿနာတက်နေတဲ့လူ မနည်းပါလား။ နောက်ပြီးတော့ အင်တာနက်မှ မရပါဘူးဆိုတာ Forum ပေါ်မှာတက်ပြီး မေးရတာလည်း ဘယ်လိုကြီးမှန်းမသိဘူး မရဘူးလည်းပြောတယ် ဒီအပေါ်ဘယ်လိုရောက်အောင် တက်ပြီးလာမေးရပါ့မလဲ စဥ်းစားမရဘူး။ အင်တာနက်အပေါ်မှာ အရမ်းကို မှီခိုလွန်းအားကြီးသွားပါပြီ ဒါနဲ့ပဲ အင်တာနက်မရတဲ့အချိန်မှာ ဂျာအေး သူ့အမေရိုက်တဲ့ အဖြစ်တွေဖြစ်နေကြတော့တာပဲ ဖြစ်မယ်။