Calm Hill My Random Thoughts

အဆင်ကိုပြေလို့

အလည်ရောက်နေတဲ့ ဆရာမပြန်မယ်ဆိုလို့ မနက်ကတည်းက ချန်ဂီကိုသွားမယ်ဆိုပြီး ရထားစီးပြီး အိမ်ကထွက်ခဲ့တာပေါ့။ အဘိုးကြီးအဘွားကြီးနဲ့ ဗိုက်ကြီးသည်ပဲ ထိုင်တဲ့ခုံမှာ လူမရှိတာနဲ့ ခပ်တည်တည်ပဲ ထိုင်စီးလာတာ တရုတ်ဥယျာဥ်လည်းရောက်ရော ကုလားမကြီးသားမအမိ ရထားပေါ်တက်လာပါရော ထူးထူးဆန်းဆန်းဗျ မြင်တော့မြင်ရခဲတယ် အမေဖြစ်သူကလည်း ဆာရီနဲ့ပါ ဝတ်ထားတဲ့ ဆာရီဟာ အင်မတန် အဘိုးတန်မယ့် ဆာရီဆိုတာ အရမ်းသိသာတယ် အနားကွပ်တစ်လျောက်ကို ရှေကွပ်ထားတယ်ဗျ အင်္ကျီကလည်း ဆာရီဆင်နဲ့တစ်ဆင်တည်းပဲ။ သမီးဖြစ်သူကတော့ တစ်ထောင့်တစ်ည ပုံပြင်ထဲက မင်းသမီးဝတ်သလို ဝတ်စုံနဲ့ဗျာ မြင်သာအောင်ပြောရရင် အရင်ကတီဗွီမှာလာတဲ့ ဂျင်နီလို ဝတ်စုံနဲ့။ ကိုယ့်ဟာကိုယ်တောင် သံသယဖြစ်တယ် ငါစင်္ကာပူမဟုတ်ပဲ ဘဂ္ဂဒက်များ ရောက်နေသလားပေါ့။

နောက်တစ်ဘူတာလည်းရောက်ရော နောက်ထပ် ကုလားလင်မယား တက်လာပြန်ရော ပြီးတော့ ကိုယ်ထိုင်နေတဲ့ရှေ့ လာရပါတယ် ထိုင်နေတာ့ မော့လည်းမကြည့်မိပါဘူး။ ကုလားလို့ပြောရတာက ယောက်ျားက ကုလားလိုပြောနေသံကြားလို့ရယ် မိန်းမဖြစ်သူကလည်း ကုလားမတွေဝတ်တဲ့ သင်တိုင်းလိုအရှည်ကိုဝတ်ထားပြီး ပုဝါကိုစုံချထားတာတော့ ထိုင်နေလည်းမြင်မိတာပေါ့။ သူတို့စကားပြောသံကြားမှ စိတ်ထဲတစ်ခုခုတော့ လွဲနေတယ်လို့ ထင်မိတယ်။ ယောက်ျားက ကုလားလိုပြောနေတယ် အသေအချာနားထောင်မှ မိန်းမကတရုတ်လိုပြန်ပြောနေတယ်။ ဒါနဲ့မဟုတ်သေးပါဘူးလို့ မော့ကြည့်မိမှ ဘယ်ဟုတ်မလဲ ကုလားမမှမဟုတ်ပဲ တရုတ်မဖြစ်နေတယ် ယောက်ျားက ကုလားဖြစ်နေလို့ မိန်းမကကုလားဝတ်စုံ ဝတ်ထားတာ ဖြစ်နေပါရောလားဗျာ။ သူ့ဟာသူတော့ အဆင်ကိုပြေလို့ ကုလားကကုလားလိုပြော တရုတ်ကတရုတ်လိုပြော နှစ်ယောက်လုံးနားလည်ပါ့ဗျာ။