Calm Hill My Random Thoughts

အိမ်လွမ်းသူ

“ရေလွှာလည်း ခင်းပြန့်ကြည်လင်စေ မိုးဦးလည်း လှပသာယာစေ ဘဝစေရာတာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့ ရေစုန်ကိုဆန်ကာပြန်ခဲ့ပြီ …..” ခင်ဝမ်းသီချင်းက တိုးတိုးလေး ဖွင့်ထားသံ ကြားတယ် စားပွဲပေါ်မှာ လက်ဘက်ရည်တစ်ခွက်၊ ရေနွေးကြမ်းဓာတ်ဘူးနဲ့ အကြမ်းပန်းကန်တစ်လုံး။ ဆိုင်ဒေါင့်က ချောင်ကျကျစားပွဲမှာ ထိုင်လို့ပေါ့ လူရှင်းနေတဲ့ဆိုင်ထဲမှာ ဘယ်ကိုကြည့်မှန်းမသိပဲ ငေးနေမိတယ် ဒီလိုအချိန်မျိုး ပြန်မရနိုင်တော့ဘူးလို့ ထင်နေမိတာပါ။ သြော်… ငါမဟာနွယ်မှာ ရောက်နေတာပဲ။ စားပွဲထိုးညီလေးရေ အစ်ကို့ကို ပူတီတစ်ပွဲပေးပါဟ။ ဟေ…. ပူတီမရဘူးဟုတ်လား သြော်… ဒါဆိုရင်ဒါ မဟာနွယ်မဟုတ်ပါလား။

“နာမည်ဆန်းတဲ့ လက်ဘက်ရည်ဆိုင် အလွမ်းကဖီးလို့ ပေးထားတယ် အချစ်ဆုံးမင်းနဲ့အတူ အမြဲသောက်တဲ့ ဒီဆိုင်လေး …..” ဂျေညီညီသီချင်းဖြစ်သွားပါလား။ သြော်…. မိန်းထဲက ရူဘီမှာရောက်နေတာပဲ။ ဘေးဘယ်ညာလှည့်ကြည့်တော့ အမေ့ဓာတ်ပုံတွေထဲမှာ တွေ့တွေ့နေတဲ့ တိုင်လုံးကြီးတွေနဲ့ ပင်မအဆောက်အဦးပါလား၊ ဒီဘက်မှာက စာသင်ဆောင်တွေ၊ ဟိုး…ဘက်မှာက လူမရှိတဲ့လူနေဆောင်တွေ၊ နိုင်ငံခြားဘာသာ တက္ကသိုလ်ထဲတော့ မဝင်တော့ပါဘူးလေ ဆရာနဲ့တိုးရင် လာတက်ဦးခေါ်နေဦးမယ်။ ဟေ့… စားပွဲထိုးညီလေးရေ အစ်ကို့ကို မုန့်တီတစ်ပွဲပေးကွာ။ ဟေ… မုန့်တီမရှိဘူး ကြာဇံသုတ်ပဲရတယ်ဟုတ်လား အေး… ကျေးဇူးပါညီလေးရယ် မယူတော့ပါဘူးကွယ်။

“ရိုးရိုးလေးသာ ဝတ်ခဲ့ပါကွယ် အေးမြလို့ ကျင်လည်ရာလူ့လောကမှာ အပူမီးနဲ့အတူ လှုပ်ရှားရုန်းကန် ဟန်လုပ်ပြုံးရခြင်းတွေ စွန့်ပစ်ခဲ့မယ်သွားကြမယ်လေ ဘုရားဖူးစို့ …” ဟောဗျာ ခင်မောင်တိုး ဖြစ်သွားပြန်ပြီ။ ဒါကဘယ်မှာလဲ ငါ… အောင်တော်မူထဲ ရောက်နေတာပဲ ကဖီးဘလူးမှာ မနက်စာစားနေတာဖြစ်မယ်။ အင်း… အဖေရှိစဉ်ကတော့ တနင်္လာမနက်တိုင်း လာလေ့ရှိတယ်။ စားပြီးရင်တော့ အမှတ်တရအဖြစ် ဘုရားဝင်ပြီးတရားထိုင်ဦးမယ်။ ဟေ့… ညီငယ်လေးရေ အစ်ကို့ဆိုင်ကယ်ကို ထုံးစံအတိုင်း ခဏထားခဲ့မယ် အစ်ကိုဘုရားကို ဝင်ဖူးလိုက်ဦးမယ် မသိမသာကြည့်ထားပေးနော်။ ခင်ဗျာ… အစ်ကိုဘယ် ဘယ်ဘုရားသွားမှာလဲဟုတ်လား။ အင်းအင်း… အစ်ကိုစကားမှားပြောမိတာ ဖြစ်မယ်ထင်ပါတယ် ညီလေးရယ်။

“ကြင်နာသူအတွက်ဆို မိုးကောင်းကင် ဒူးနဲ့ တိုက်မယ် ဘဝကိုပေး ရင်းချစ်ရဲတယ် သူ့အလိုအတိုင်း အမြဲတမ်း ပြည့်စေမယ် ချစ်သူအတွက် သတ္တိရှိတယ် သူ့အတွက်ပဲ ကိုယ့်ဘဝ ဖြစ်ခဲ့တယ် …” ဟမ်… ဒါက စိုးလွင်လွင်ပါလား။ ခက်တာကဒီလောက် မိုက်ကန်းတဲ့ သီချင်းဖွင့်တဲ့ဆိုင် ငါထိုင်လေ့မရှိပါဘူး ဘယ်ဆိုင်လဲငါစဉ်းစားမရဘူး။ သြော်…. ရေနွေးတစ်အိုးအောင် ကုန်ပါပေါ့လား ညီလေးရေ ငါ့ကိုရေနွေးပေးဦးဟ။ ဟေ… ရေနွေးဖိုးဟုတ်လား ဘယ်လောက်လဲ အေးအေး… ရော့တစ်ကျပ်ခွဲ။ အတိတ်ကနေအခုပဲ ပြန်ပြီးရောက်တော့ သတိထားမိတာက ပင်နီစူလာက ရဲရင့်ဆိုင်မှာနေ့လည် တစ်ယောက်တည်း ထိုင်နေမိတယ်။ အင်း… လူကမူးနောက်နောက်နဲ့ ကျန်ခဲ့တယ် ဘာပဲဖြစ်ဖြစ်ပါ သီချင်းလေးပုဒ်စာလောက် ပစ္စုပ္ပန်ကိုမေ့ခွင့်ရတာနဲ့ကို တစ်ကျပ်ခွဲကတန်ပါတယ်လေ အခုတော့လူက အခန်းကိုပြန်မယ် စိတ်ကတော့ အိမ်ရောက်ချင် ရောက်ဦးမယ်ပေါ့။

comments powered by Disqus