Calm Hill My Random Thoughts

ကျွန်တော်နှင့် ဗမာစာအဘိဓာန်

ငယ်ကတည်းက ဗမာစာဆရာမဆိုတာ ကျွန်တော်နဲ့က ရန်သူပဲပြောရမယ် ကိုယ်ကပဲဗမာဖြစ်နေလို့ စကားအပြီလွန်နေသလား မသိပါဘူး ဖတ်တာမမှန်ရင် လုံးဝမကြိုက်ဘူး။ ငါးတန်းကဆရာမကလည်း စကားမပြီကလာ ပြီကလာနဲ့ ရှမ်းမပါဗျာ ကျောင်းပြောင်းလာကာစက ဝါကျလို့ တစ်ခါထွက်လိုက်မိတယ် ခေါင်းခေါက်ခံရတယ် ဝက်ကျတဲ့ ဒါလည်းဟုတ်တယ်လေ ကိုယ်မှားတာပဲဟာ။ နေဦးဒင်းတော့လား ဘယ်လောက်မှန်အောင် ဖတ်တတ်မလည်းဆိုပြီး မှတ်ထားတာ နောက်နေ့ ကဗျာဖတ်တာ တစ်ချက်တွေ့တာပဲ “ဝါးပြာထည့်ကျို အိုးနားတိုနှင့် ခပ်ချိုညစ်တေ” ဘယ်ရမလဲ “အိုးနားတို” လို့ဖတ်သွားတာ “အိုးနဒို” လို့ဖတ်ရတယ် မဟုတ်ဘူးလားဆရာမရဲ့ဆိုတော့ နင်ဘယ်လောက်သိသလဲဆိုပြီး ခေါင်းခေါက်ပြန်ရော ဘယ်တုံးကမှငြိမ်ခံတဲ့လူမှမဟုတ်တာ မှန်ပါတယ်ဗျ ဆရာမမှားတာဆိုတော့ ထပ်အခေါက်ခံရပြန်ရော။ ဒီတစ်ခါတော့ နပ်သွားပြီ နောက်နေ့မှတွေ့မယ်ပေါ့ မှန်လျက်နဲ့အခေါက်ခံရတယ် အိမ်ကျမှအဖေ့ကိုတိုင်။ ဒါမျိုးကျတော့ အဖေကသိပ်အားကိုးရတယ် မှန်ရဲ့သားနဲ့ အရိုက်ခံရ အခေါက်ခံရတယ်ဆိုတာ မရှိရဘူးဆိုပြီး ကျောင်းလိုက် ပြဿနာရှာတာပဲ ဆရာမလည်းစိတ်ညစ်သွားပုံပေါ်တယ် နောက်ဘယ်လိုထွက်ထွက် ဘာမှမပြောရှာတော့ဘူး။ မကြာပါဘူး သမိုင်းဆရာမနဲ့ ထပ်ညိပြန်ရော “တန့်ဆည်” တဲ့လုပ်ပုံက “ဒဇယ်” လုပ်ပါဗျာဆိုတော့ အတန်းထဲကထွက်သွားရော နင့်ကိုတိုင်မယ်တဲ့ နောက်တော့ သူလည်းသတင်းရပုံရတယ် ခေါင်းလည်းမခေါက်ဘူး အတန်းပိုင်နဲ့လည်း မတိုင်ဘူးရယ် အိမ်ကလိုက်လာမှာ ကြောက်ပုံရတယ်။ ဒီလိုနဲ့ပဲ ရှစ်တန်းအထိ ဆရာမများနဲ့ အသံထွက်ပြဿနာတက်ရင်း လိမ်ဖယ်လိမ်ဖယ်နဲ့ အတန်းတက်သွားတာပါပဲ။ ကိုးတန်းရောက်မှ ကိုယ်ခံရတဲ့အလှည့်ရောက်တာပဲ ရှမ်းပြည်ကလည်းခွာခဲ့ပြီ ဆရာကဖြစ်ချင်တော့ အဖေနဲ့ဘော်တာ လူကအညာသား စကားကပြီလိုက်တာမှ ခက်နေတယ်။ အမေလုပ်ပုံက သားဖြစ်သူက ဗမာစာည့တယ်တဲ့ ဒါလည်းဟုတ်တယ် စာစီစာကုံးများ ဘယ်လိုရေးရေးမရေးတတ်ဘူးရယ် လက်ရေးလက်သားတော့ ပြောမနေနဲ့ ဗမာစာလက်ရေး ဖတ်မရသလောက်ပဲ ဒါနဲ့ကျူရှင်မသင်တဲ့ ဆရာဆီမှာ ဘော်တာချင်း သင်ပေးပါလုပ်ပြီးအတင်း သင်ခိုင်းလို့ကျူရှင်ဆိုတာ စတက်ဖူးတာပဲ တပည့်တစ်ယောက် ဆရာတစ်ယောက်။ ကဗျာသင်တယ်ဆို အသံနေအသံထားနဲ့ ရွတ်ခိုင်းပြန်ရော အသံထွက်မှားရင် နားရင်းတစ်ချက်ရိုက်ပဲ အညာမင်္ဂလာဆောင်ဆိုရင် ရွတ်လိုက်ရတဲ့ဖြစ်ခြင်း တိုက်တိုက်ဆိုင်ဆိုင် ဆရာကမ့်ရွေးသားကိုး ဘယ်ကာရံကဘယ်လိုဆိုရင် ဟုတ်ကဲ့ဆရာပေါ့။ အခုတော့ အဲဒီ့ကဗျာတွေလည်း မသင်ရတော့ဘူးဆိုလားပဲ။ ဒီတစ်ခါမှအရင် ဆရာမတွေကို ဒုက္ခပေးခဲ့သမျဝဋ်လည်တာပဲ။

တစ်ကယ်က နယ်တကာလှည့်သွားနေတာ ဘယ်လိုမှဗမာစာ ဝေါဟာရများများစားစား သိစရာအကြောင်းမရှိပါဘူး ဗမာစာသိပ်မတတ်တဲ့နေရာတွေမှာပဲ နေလာတာများပါတယ် ပတ်ဝန်းကျင်ကနေတော့ ဗမာစာဘယ်လိုမှ မတတ်တာသေချာတယ်။ ဖြစ်ချင်တော့အိမ်မှာက တစ်ယောက်တည်းနေရတော့ ဖတ်စရာစာအုပ်ကလည်းမရှိဘူး အိမ်မှာရှိတဲ့စာအုပ်တွေက ကလေးစာအုပ်တွေထက် လူကြီးစာအုပ်တွေပါ ကျန်တာတွေမဖတ်တတ်ဘူး။ ပုံပဲကြည့်ဖြစ်တဲ့ စာအုပ်တွေက ဖြစ်ချင်တော့ ဗမာအဘိဓာန် ၅ အုပ်တွဲရှိတယ် အိမ်မှာက “အ” တစ်တွဲတော့ပျောက်နေတယ်။ သုံးလေးတန်းကတည်းက အဲဒီ့စာအုပ်တွေကို လှန်ကြည့်ဖြစ်တာများတယ် ကလေးစိတ်ဝင်စားစရာ ပုံတွေပါတယ် ဒါနဲ့ပဲ ဘယ်ပစ္စည်းဗမာလို ဘာခေါ်တယ်ဆိုတာ ငယ်ကတည်းက ရင်းနီးနေတယ် နည်းနည်းစာဖတ်တတ်လာတော့ ဖတ်ဖြစ်တာပေါ့။ အသံထွက်လည်းပါတယ် ဗမာစာလုံးအသစ် အသံမထွက်တတ်ရင် အဘိဓာန်မှာဘယ်လို အသံထွက်သလည်း ပြေးကြည့်တာက အကျင့်ဖြစ်လာတယ်။ “အ” တစ်တွဲမရှိတော့ “အ” နဲ့စတဲ့အစကားလုံးတွေ မသိဘူးဖြစ်ကုန်ပြီလို့ ပြဿနာရှာလို့ အဖေဘယ်ကရှာလာသလဲမသိဘူး မနည်းရှာလာရတယ်ပြောတယ်။ ဗမာဖြစ်ပြီး ဗမာအဘိဓာန်လိုသလား မေးလာရင်တော့ လိုတယ်ပြောရမယ် မယ့်ရင်ဖတ်ကြည့်လို့ရတယ် မသိသေးတဲ့စကားလုံးတွေ အများကြီးရှိတယ် အဓိကအားဖြင့် ပစ္စည်းအခေါ်အဝေါ်တွေ မသိတာသိပ်များတယ်။ အခုတော့ အဲဒီ့ငါးအုပ်တွဲက ဘယ်လိုမှရှာလို့မရသလောက်ပါပဲ နောက်တော့ တစ်အုပ်တည်းချုံ့ပြီးပြန်ထုတ်တယ်။ ညီမဝမ်းကွဲလေးက မြန်မာစာကဆိုတော့ တစ်အုပ်တည်းထုတ်ထားတဲ့ အဘိဓာန်ကုန်သွားလို့တဲ့ လိုက်ရှာရမတဲ့ ဒါနဲ့မရှာနဲ့ ငါ့စာအုပ်စင်က အတွဲလိုက်ကိုသုံးပါဆိုတော့ တစ်အုပ်တည်းပဲ ပေါ့ပေါ့ပါးပါးကောင်းတာ ငါးအုပ်ဆိုမကောင်းဘူးတဲ့ ဒါနဲ့ နင့်ဟာနင်သွားရှာ ငါ့စာအုပ်ကို ငါကဘယ်သူမှမကိုင်လေ ကြိုက်လေပဲလို့ ပြောလှတ်လိုက်ရတယ် တော်တော်စိတ်ဝင်စားပုံရပါတယ် တစ်ခါမှကိုလာကြည့်ပုံမပေါ်ဘူး။

comments powered by Disqus