Calm Hill My Random Thoughts

ထမင်းပေါင်းအိုးပြဿနာ

နိုင်ငံခြားဆိုတဲ့အရပ်ကို ထွက်လာခဲ့တော့လည်း အမေဖြစ်သူက အိမ်ထောင်ပြောင်းတယ် ယူဆသလားမသိပါဘူး ပစ္စည်းအစုံထည့်ပေးလိုက်တယ် သွားကြားထိုးတံနဲ့ ပန်းကန်ကနေ ထမင်းပေါင်းအိုး တစ်လုံးချက်လေးပါ ထည့်ပေးလိုက်တယ်။ ကျွန်တော်ကလည်း ကျောင်းမတက်တဲ့ရက် ထမင်းဟင်းချက်မယ်လို့ ဆုံးဖြတ်ထားသလားထင်ရတယ် ပေါင်အိုးလေးကို တစ်နေ့မပြတ် မချက်နဲ့နေ့ကိုမရှိပါဘူး ထမင်းမချက်တောင် မနက်စာကြက်ဥထည့်ပြုတ်ပါတယ်။ ဒီလိုနဲ့နှစ်ရှည်လများကြာခဲ့တော့ ပေါင်းအိုးလေးလည်း အနိစ္စသဘောနဲ့ ကိစ္စချောစပြုပါတယ် ထမင်းစေ့ကို တစ်ဝက်မကျက်တစ်ဝက်ကျက်ဆိုရင် ခလုတ်တက်သွားလို့ ကိုယ်လည်းထမင်းစေ့ကို ကျက်တဲ့အပိုင်းပဲ ရွေးမစားတတ်တော့ ပြဿနာတက်သပေါ့ဗျာ။

ဒါနဲ့ညကအိမ်နားက Gient ကိုသွားကြည့်တယ် အသေးဆုံးအိုးက ၁.၅ လီတာ ထမင်းအပေါင်းအိုး ကျွန်တော့််ရဲ့ ညမနက်အားလုံးပေါင်း နို့ဆီဘူးတစ်လုံးနဲ့တော့ ချိုးကပ်တာနဲ့တင် စားလိုက်ရမယ်မထင်ဘူး။ မဖြစ်သေးပါဘူးဆိုပြီး Jurong Point ကိုသွားပြီး Court မှာဝင်ကြည့်တယ် ပိုဆိုးလာတယ် ၁.၈ လီတာအိုးတွေ ဖြစ်နေတယ်။ ဝ.၈ လီတာအိုးလေး တစ်လုံးတော့တွေ့တယ် စျေးကြည့်လိုက်တော့ ၁၆ဝ တဲ့။ မဟုတ်သေးပါဘူး ထမင်းအိုးတော့ ၁၆ဝ ပေးမဝယ်သေးဘူးလေ။ ဒါနဲ့ NTUC ထဲသွားကြည့်တော့လည်း ထမင်းအိုးတွေက အများကြီးပဲသို့သော် အသေးဆုံးက ၁ လီတာအိုး ဒီတော့မဖြစ်ချေဘူးဆိုပြီး Harvey Norman သွားကြည့်တော့ အထဲဝင်ကာရှိသေး ပိတ်ပြီဆိုပြီးအတင်း မောင်းထုတ်ပါရော ဒါနဲ့အိမ်ပြန်လာရတယ်။

အိုးသေးသေးကို ရှာရတာလည်း စိတ်ကပျက်စပြုလာတော့ အိမ်ပြန်ရောက်တော့ စဥ်းစားတယ် ၁ လီတာအိုးဝယ်ပြီး ဘယ်လိုချက်မလဲပေါ့။ ထမင်းစားနှုံးတိုးပြီး တစ်ရက်ကို တစ်လုံးခွဲကုန်အောင် စားရင်တော့ မဆိုးလှဘူး ခက်တာက ကိုယ်ကလည်း ငယ်ကတည်းက ဒီလောက်ပဲစားတတ်တယ် နေ့တိုင်းကျပြန်တော့လည်း အဲလိုစားနိုင်မယ်မထင် နေ့စဥ်ရက်ဆက်ဆိုရင်လည်း ဝိတ်တက်လာမှာလည်း စိုးရိမ်ရသေးတယ်။ နှစ်ရက်စာချက်ပြီး တစ်ဝက်ရေခဲသေတ္တာထဲ ထည့်ထားဆိုတော့လည်း မဟုတ်သေးဘူး။ မရရင်တော့ ၁ လီတာအိုးဝယ်ပြီး တစ်လုံးခွဲချက်မယ် မနက်အစောပါ မုန့်မစားပဲ ထမင်းပဲစားမယ်ပေါ့ဆိုပြီး စဥ်းစားထားရတယ်။

ဒီနေ့မနက်မှ Harvey Norman ကိုပြန်သွားရတယ် မနက်အစောဆိုတော့ လူလည်းမရှိဘူးဗျာ ရှင်းလင်းနေတာပဲ။ ဒါနဲ့အားနေတဲ့ Phillips အရောင်းစာရေးမ တရုတ်မလေးက လိုက်ပြီးထမင်းအိုးများကို ဘေးကနေလိုက်ပြီး ပွတ်တွတ်ပွတ်တွတ်နဲ့ ကြော်ငြာတယ်။ ငါကတစ်ယောက်စာပဲချက်တာ အိုးသေးသေးလိုချင်တာဆိုတော့ ရှိတယ်ဆိုပြီး အချိုးမပြေပုံက ၁.၅ လီတာအိုးကိုပြတယ်။ ဒါနဲ့နင်ငါ့အိမ် လိုက်နေရင်တော့ ဒီအိုးနဲ့ထမင်းချက်လို့ ဖြစ်လောက်တယ်လို့ ပြောလိုက်တော့မှ ငါကထမင်းမချက်တတ်ဘူး ဝယ်စားတာဆိုပြီး လစ်ပြေးသွားတာ ဘယ်ပျောက်သွားမှန်းမသိဘူး။ ဒါနဲ့ပဲ မဖြစ်ချေဘူးဆိုပြီး IMM ရောက်သွားတယ် ဟိုဝင်ဒီဝင်နဲ့ပဲ တစ်ခုသောဆိုင်မှာ ဝ.၆ လီတာအိုးလေးတွေ့တယ် တစ်လုံးပဲကျန်တယ် မတတ်နိုင်ဘူးအရောင်မကြိုက်ပေမယ့် ဝယ်လာခဲ့ရတယ်။ ထမင်းအိုးအသေးများ အတော်ကိုပဲဒုက္ခပေးတာပဲ နောက်တစ်ခါမပျက်မမချင်းတော့ ငြိမ်းသွားပြန်ပြီ နှစ်သစ်မှာ ထမင်းအိုးအသစ်ဆိုတော့ ဘာပဲပြောပြော နိမိတ်တော့အကောင်းသား။