Calm Hill My Random Thoughts

စဥ်းစားမိသလောက်လူ့ခွစာ

ခင်တဲ့လူရော မတည့်တဲ့လူရော ကျွန်တော့်အကြောင်း အတူညီဆုံးပြောတဲ့စကားက လူ့ခွစာတဲ့ ဘာလို့ပြောတယ်မှန်း စဥ်းစားမရဘူး တစ်ကယ်ကသူများကို ခွတိုက်တယ်လည်း ခွစာဆိုတာ သူများနဲ့အမူအကျင့် အပြောအဆိုမတူတာကို ပြောကြပုံရတယ်။ ဘယ်နေရာတွေ ပြောပုံဆိုပုံမတူသလည်း ပြန်စဥ်းစားတော့ အတော်လေးတော့ များတယ်ပြောရမယ် ဒီရက်ပိုင်းမှတ်မိသလောက် ပြန်စဥ်းစားမိတယ်။

တစ်လောလောက်က ကိုသာသာမင်္ဂလာဆောင်တယ် နောက်တော့ Facebook မှာ Status ကို Married လို့ပြောင်းသွားတယ်။ ကိုယ့်သူငယ်ချင်း မင်္ဂလာဆောင်တာ သဘောမကျတဲ့လူ မရှိပါဘူး ဝမ်းသာလွန်းလို့ အပြောင်အပျက် ဘာမှမပြောပဲ Comment မှာ ဝမ်းသာကြောင်း သဘောကျကြောင်း ရေးလိုက်ပါတယ်။ ဖြစ်ချင်တော့ သူများတွေက Like ဆိုတာကို နှိပ်ကြသတဲ့ဗျာ အဲဒါကို မောင်ပြုံးက ခင်ဗျားကသဘောကျရင် ဘာလို့ Like ကိုမနှိပ်သလဲတဲ့။ ခက်တော့အခက်သား ကိုယ်တိုင်ရေးလိုက်တဲ့စာကို မောက်စ်နဲ့ Like button ကို ကလစ်နှိပ်လိုက်တာထက် ကျွန်တော်တန်ဖိုးထားပါတယ်။ Like ကိုနှိပ်လိုက်လို့ ဘာဖြစ်သွားမှာလည်း မေးတဲ့လူလည်းရှိတယ် ဒါပေမယ့် အားတိုင်းမနှိပ်တတ်တဲ့ အကျင့်ကို ပြင်ဖို့မလွယ်ဘူး ပြင်စရာလိုတယ်လည်း မမြင်မိသေးဘူး အဲဒီ့ကိစ္စတွေမှာ ကျွန်တော်ဟာ အများလုပ်ပုံနဲ့ သဟဇာတ ဖြစ်ပုံမရဘူး။

မျှော်လင့်ချက်ချင်း မတူတာလည်းရှိတယ် ဥပမာပြောရရင် စာရေးတယ် Technical နဲ့ပါတ်သက်တဲ့ အမြင်တွေရေးတယ် ဖတ်တဲ့လူလာဖတ်တယ် မျှော်လင့်တာက ကောင်းလိုက်တာတို့ နောက်လည်းရေးပါဦးတို့ ဒါမျိုးတွေမဟုတ်ဘူး ရေးထားတာက ဘယ်နေရာက ဘာမှားနေတယ်လို့ ပြောခဲ့မယ်ဆိုရင် ဘယ်အရာတွေလိုသေးတယ် လို့ပြောခဲ့မယ်ဆိုရင် အင်မတန်ဝမ်းသာပါတယ်။ ဘာကောင်ဖြစ်နေလို့ ရေးနေသလဲဆိုတဲ့ အပြောမျိုးလာလည်း ခွေးဟောင်တိုင်း ခေါင်းထောင်ကြည့်ရင် အိပ်ရေးပျက်တယ်လို့ ယူဆပြီး ပြန်ပြောမနေတာလည်း အကျင့်ဖြစ်နေတယ်။ ခက်တာက သူများကိုလည်း အဲဒီလိုပဲလို့ ယူဆမိတာကအမှားဖြစ်မယ် အကြောင်းသိနေတဲ့လူက ဘာမှမဖြစ်ပါဘူး။ စေတန်ဆို အားတိုင်း Technical post တွေပဲရေးနေတယ် သူ့ဆီမှာသွားရေးထားတဲ့ ကျွန်တော့်ရဲ့ Comment မှန်ရင် ကောင်းလိုက်တာလို့ တစ်ခါမှမပြောမိဘူး ဘာတွေထည့်လိုက်ရင် ပိုကောင်းမယ် ရေးထားတာက ဘယ်နေရာမကောင်းဘူး ဒါမျိုးတွေပဲများပါတယ်။ မခင်လို့ရေးတာလားဆို မဟုတ်ပါဘူး သူငယ်ချင်းဆိုတာထက် ညီတစ်ယောက်လို ဖြစ်နေတာပဲ ခင်လွန်းလို့ရေးရတာပါ လိုနေတာကိုမပြောပဲ ကောင်းလိုက်တာလို့ ပြောရတာကို သစ္စာဖောက်တယ်လို့ ခံစားမိလို့ပါ။ အများက ကောင်းတဲ့ကိစ္စကိုပဲ ပြောနေပြီး မကောင်းတဲ့ကိစ္စကို မသိချင်ယောင်ဆောင်တတ်တာကို မကောင်းတဲ့ဟာကို ပြောပြီးတော့ ကောင်းတဲ့ဟာကို သူများပြောပြီးသားဆိုပြီး မပြောတတ်တဲ့ကိစ္စက အများနဲ့ သဟဇာတ ဖြစ်ပုံမရဘူး။

ကောင်းတယ်လို့ အများစုလက်ခံတဲ့ အကြောင်းအရာကို ဆွေးနွေးထားတာ မြင်တိုင်းလည်း ကိုယ့်အယူအဆနဲ့ မကိုက်ရင် ထောက်ခံဖို့ဝန်လေးတယ်။ မှတ်မှတ်ရရ အစ်မတစ်ယောက်က မိဘကျေးဇူးပေါ့ မိဘစကားနားထောင်သင့်ကြောင်း စသည်ဖြင့်ရေးထားတဲ့ ဆောင်းပါးလေးကို တွေ့ပါတယ် မကောင်းတာ တစ်ခုမှမပါပါဘူး အဲဒါကတော့လက်ခံပါတယ်။ အများကတော့ Like တွေနှိပ်ကြ ကောင်းလိုက်တာပြောကြပေါ့ ထုံးစံအတိုင်းပဲ Like လည်းမနှိပ်ဖြစ်ပါဘူး ဘာလို့ဆိုတော့ ကိုယ်တိုင်က မိဘစကားဆိုပြီး နားထောင်တဲ့လူ မဟုတ်ပဲကိုး မိဘဆိုပေမယ့် အကြောင်းအရာတစ်ခု ပြောလာမယ်ဆိုရင် ကိုယ်တိုင်ပဲစဥ်းစားပါတယ် နားထောင်နိုင်တဲ့ အကြောင်းအရာဆို နားထောင်ပါတယ် မိဘပြောလို့ဆိုပြီး မျက်စေ့စုံပိတ် လုပ်မယ့်လူတော့မဟုတ်တာ အသေအချာပဲ။ အမုန်းဆုံးစာပေထဲမှာ မတွေးခေါ်နိုင်တဲ့အရွယ်ကို ယျေဘုယကောင်းတဲ့ အကြောင်းအရာဘန်းပြပြီး လိုချင်တာရိုက်သွင်းတာမျိုးကို အမုန်းဆုံးပဲ။ အဲဒါကြောင့် သားလေးဖတ်ဖို့တို့ သမီးလေးဖတ်ဖို့တို့ဆိုတဲ့ စာအုပ်မျိုးတွေအင်မတန်မုန်းတယ်။ ရန်ဖြစ်တာ မကောင်းပါဘူး ဒါပေမယ့် အန္တရာယ်ပြုလာတာကို မခုခံပဲနေတာကို သူရဲကောင်းလိုလို လူလိမ္မာလိုလို မတွေးတတ်တဲ့ကလေးကို ရိုက်သွင်းထားတာက အဆိပ်ခပ်တယ်လို့ ယုံကြည်ထားတာ။ ဒါမျိုးကိစ္စတွေကတော့ အများစုနဲ့လုံးလုံးကို သဟဇာတ ဖြစ်မယ့်ပုံမပေါ်ဘူး။

ကိုယ်စိတ်ထဲက မလိုတာတွေကို အလွယ်တကူ ပယ်ထားလိုက်တတ်တယ်။ မိဘကျေးဇူးကိစ္စမှာ ဝင်ပြောမိရင်းနဲ့ အရာအားလုံးတော့ ပြောသမျှနားထောင်းလို့ မဖြစ်ဘူး ဥပမာဆိုရင် သိဒ္ဓတ္ထ ဖအေစကားအကုန် နားထောင်ခဲ့ရင် ဘုရားတောင် မဖြစ်ခဲ့ဘူးလို့ ပြောလိုက်မိတယ်။ ဖတ်မိတဲ့သူငယ်ချင်း တစ်ယောက်က လာပြောပါတယ် သိဒ္ဓတ္ထလို့ဘာလို့ခေါ်သလဲ မရိုမသေနဲ့လို့ ပြောပါရောလား ပြောမယ်ဆိုရင် ကိုယ့်အတွက်က ဘာသာရေးမှာ လူပုဂ္ဂိုဆိုတာကို ပယ်ထားတာ ဘုရားဆိုလို့ ကိုးကွယ်တယ်လို့ မဟုတ်ဘူး ဟောတဲ့ဝါဒကို လက်ခံနိုင်လို့ ဝါဒကိုထူထောင်တဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အထွဋ်အမြတ်ထားတာပါ။ သူ့ဟာသူ မုန့်ညင်းစေ့ထဲ လမ်းလျှောက်နိုင်တာတို့ ဘာတို့က မြင်လည်းမမြင်ဖူး စိတ်လည်းမဝင်စားဘူး အဲဒါတွေကြောင့် ဒီဘာသာကို လက်ခံထားတာမဟုတ်ဘူး ဝါဒကိုလက်ခံလို့သာ ဗုဒ္ဓဘာသာဖြစ်နေတာ။ အဲဒီ့တော့ သိဒ္ဓတ္ထဆိုတာ အမည်နာမပဲ လူတိုင်းခေါ်လို့ရတာပဲ မရိုမသေလုပ်တယ်လို့ မခံစားသင့်ဘူး။ အများစုဟာ လူနဲ့မူကိုခွဲနိုင်ဖို့ အတော်ခက်ခဲပုံရတယ်။ ဒီလိုကိစ္စတွေလည်း အများနဲ့ကျွန်တော် သဟဇာတ မဖြစ်ပြန်ဘူး။

ဒီရက်ပိုင်း စဥ်းစားမိသလောက်ကို ရေးချထားလိုက်မိတယ် တစ်ကယ်က ဒီထက်ပိုပြီးအများနဲ့ သဟဇာတ မဖြစ်တဲ့အကြောင်းတွေ အများကြီးရှိပုံရပါတယ်။ ဘာကြောင့်ဖြစ်သလဲ အတော်စဥ်းစားရခက်တယ် ငယ်ကတည်းက တစ်ယောက်တည်းနေခဲ့တော့ အများရဲ့အမူအကျင့်ကို မရခဲ့တာလည်းအကြောင်းအရင်း တစ်ရပ်ဖြစ်နိုင်တယ် နောက်တစ်ချက်က ငယ်ကတည်းက ရိုက်သွင်းတဲ့စာမျိုး တစ်ခုမှမဖတ်ခဲ့ရတာလည်း တစ်ချက်အပါအဝင်ဖြစ်မယ်။ နောက်ဆုံးကတော့ ဖအေဖြစ်သူဟာ လူ့ခွစာလို့အင်မတန် နာမည်ကြီးတဲ့ လူကြီးဖြစ်နေတာ အဆိုးဆုံးအချက်ဖြစ်မယ်။