Calm Hill My Random Thoughts

သွားတိုက်တံရှာပုံတော်

သွားတိုက်တံတစ်ချောင်းကို ၄ လထက်ပိုသုံးရင် မကောင်းဘူးဆိုလား ကြားတော့ကြားဖူးတယ် ဘယ်သူပြောမှန်းလည်း မမှတ်မိတော့ဘူး အဲဒါနဲ့ ၃-၄ နေလိုက် သွားတိုက်တန် အသစ်လဲလိုက်နဲ့ အိမ်ကတည်းက ပါလာတဲ့သွားတိုက်တံတွေ ကုန်သွားလေတော့တယ်။ သွားတိုက်တံဝယ်မယ်ပေါ့ ဘယ်တော့မှကရုစိုက်မကြည့်မိတဲ့ သွားတိုက်တံရောင်းတဲ့ အတန်းဘက်ရောက်တယ်။ လိုက်ကြည့်လိုက်တော့ အလိုဗျာ များပြားလိုက်တဲ့ သွားတိုက်တံတွေ ဓာတ်ခဲထည့်တိုက်ရတဲ့ သွားတိုက်တံ မဖြစ်သေးပါဘူး သွားတိုက်တာ ၅ မိနစ်လောက်အတွက်တော့ လက်လှုပ်နိုင်ပါတယ် ဓာတ်ခဲတော့မလိုသေးဘူး ထင်မိပါသေးတယ် သွားတိုက်တော့ မော်တာနဲ့လည်ပြီးတိုက်တော့ ဆရာဝန်ပြောသလို အထက်အောက် ဘယ်လိုမှတိုက်လို့ မဖြစ်လောက်ဘူးထင်တယ်။ သွားတိုက်ရင်း ဓာတ်ခဲကုန်သွားရင် ဘယ်လိုများ ဆက်တိုက်လို့ရသလဲတော့ အသေအချာမလေ့လာခဲ့မိဘူး။ လက်ကိုင်ကလည်း အမျိုးမျိုးတွေ့သဗျာ လက်ကိုင်တုတ်လေ စျေးနည်းနည်းပိုကြီးလေထင်တယ် စာဖတ်ကြည့်တော့ လက်ကိုင်က ချော်မထွက်အောင် ဒီဇိုင်းလုပ်ထားတယ်ဆိုပဲ စဥ်းတော့စဥ်းစားကြည့်ပါတယ် သွားတိုက်တာလား ကြမ်းတိုက်တာလားလို့ သွားတိုက်တံကို ချော်ထွက်လောက်အောင် ဘယ်လောက်များ အင်တိုက်အားတိုက် သွားတိုက်ကြပါလိမ့်။ သွားတိုက်တံမှာ လက်ကိုင်ကအရှင်ဖြစ်ပြီးတော့ အဖျားကဘရပ်ကို ဖြုတ်လဲလို့ရတာလည်းရှိပြန်ရော လက်ကိုင်ကဘာများ ပိုကောင်းသလဲလို့ ကြည့်တော့ ဘာမှလည်းမထူးပါဘူး အဲဒါများဘာလို့ ဘရပ်ကိုဖြုတ်လဲလို့ရအောင် လုပ်ထားသလဲ စဥ်းစားလို့ကိုမရဘူး။ နောက်တစ်မျိုးက လက်ကိုင်မှာ ဘက်တီးရီးယား မတက်အောင် နည်းပညာနဲ့လုပ်ထားတယ်ဆိုပဲ လက်ကိုင်ကပါးစပ်ထဲမှ မထည့်တာပဲဟာ ပါးစပ်ထဲထည့်တဲ့ အဖျားပိုင်းကို မတက်အောင်ဘာလို့ မလုပ်သလဲစဥ်းစားလို့ လုံးဝမရဘူးဖြစ်လာတယ်။ လက်ကိုင်တွေ လိုက်ကြည့်တာ မူးလာတာနဲ့ သွားတိုက်တဲ့အပိုင်းပဲ ကြည့်တော့မယ်ဆိုတော့ နည်းနည်းပိုဆိုးလာတယ် တစ်ချို့ကလှိုင်းတွန့်ပုံဗျ ဘာလို့လဲဖတ်ကြည့်တော့ သွားကခပ်ခုံးခုံးဆိုတော့ တစ်ခါတည်း သွားမျက်နှာပြင်ကို အကုန်ထိအောင်ဆိုပဲ လှိုင်းတွန့်မှာက တစ်ချို့ကအလယ်ကချိုင့်ပြီး တစ်ချို့ကအလယ်က ဖောင်းပါတယ် အဲဒါလည်းမတူဘူးဆိုပဲ ဘာမတူမှန်းတော့ စဥ်းစားမရတော့ဘူး။ တစ်ချို့က သွားတိုက်တံကအမွှေးအပြင် ရာဘာအချောင်းသေးသေးတွေပါ ပါလာပြန်ရော အဲဒါတွေနဲ့ဆို သွားတိုက်ဆေး အမြုပ်ထွက်ပါ့မလား နည်းနည်းသံသယ ဖြစ်မိတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေအတွက်တော့ အဆင်ပြေလောက်တယ် ခဲတံနဲ့သွားကြားထိုးမိရင် သွားမှာခဲတံအရာတွေ ထင်နေမယ်မဟုတ်လား အဲဒါဆိုရင် ရာဘာချောင်းတွေက ခဲဖျက်လိုတော့ ပွတ်သွားမယ်ထင်တယ်။ သွားတိုက်တံ တစ်မျိုးချင်းယူကြည့်ရင်း မူးလာသလိုဖြစ်လာတယ် ဘယ်ဟာဝယ်ရမှန်းမသိတော့ဘူး မထူးပါဘူးဆိုပြီး မျက်စေ့မှိတ်ပြီး တစ်ခုဆွဲယူခဲ့လိုက်တယ် ငွေရှင်းခါနီးမှကြည့်မိတော့ သွားတိုက်တံအမွှေးတွေက အဖြောင့်ဗျလှိုင်းတွန့် မပါဘူးရယ် အဲဒါကိုသွားလဲရကောင်းနိုးနိုး ဖြစ်နေသေးတာ နောက်မှစဥ်းစားမိတယ် မဟုတ်လည်း လိုချင်တဲ့အတွန့်ပုံစံ အိမ်ရောက်မှ ကပ်ကြေးနဲ့တိလိုက်ရတာပဲဟာ ဆိုပြီးပြန်သွားမလဲတော့ပဲ လက်ထဲပါလာတာပဲ ဝယ်လာလိုက်တယ် အခုတော့ ကိုယ်သွားနဲ့အဆင်ပြေအောင် သွားတိုက်တံကို ဘယ်လိုပုံစံလေး ကပ်ကြေးနဲ့တိရင် ကောင်းမလဲစဥ်းစားနေရတယ်။