Calm Hill My Random Thoughts

ငယ်ဘဝအမှတ်တရများ (၁)

ငယ်ငယ်ကနေရာ ဗမာပြည်အနှံ့နေခဲ့ဖူးတယ် သူငယ်တန်းမတိုင်ခင်အထိက မကွေးတိုင်းထဲမှာ လှည့်နေတယ် ငယ်လွန်းတော့ မမှတ်မိနိုင်တော့ဘူး။ ငယ်ကတည်းက ကံပါလာတာက လူကြီးတွေနဲ့နေရဖို့ ကံပါလာတယ်လို့ဆိုရမယ် အဖေ့ရဲ့သူငယ်ချင်း အတော်များများက အဖေ့ထက်အိမ်ထောင်ကျ နောက်ကျတာများတော့ ကျွန်တော်မွေးချိန်မှာ ကလေးဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ရှိပါတယ်။ အဲဒီတော့ အဖေ့ရဲ့သူငယ်ချင်း လူပျိုကြီးများနဲ့ ကလေးမရှိသေးတဲ့ လင်မယားစုံတွဲများက ကျွန်တော့်ကိုထိမ်းကြပါတယ်။ အဖေ့သူငယ်ချင်းတွေ ဆိုပေမယ့်လည်း ကျွန်တော့်အတွက်တော့ ဦးလေးအဒေါ်အရင်းတွေလိုပါပဲ။ ဒီလိုနဲ့ပဲငယ်ကတည်းက လူကြီးတွေနဲ့နေရမယ် ကံပါလာပုံရပါတယ်။ နည်းနည်းသိတတ်တဲ့ အရွယ်ကိုရောက်တော့ ပထမဆုံးမှတ်မိတာက ရပ်စောက်မှာနေတယ် သူငယ်တန်းစာမေးပွဲ ပြီးသွားလို့ ကျောင်းပိတ်ရက်မှာ အဖေကသူနဲ့ခေါ်ထားတာပါ။ ထုံးစံအတိုင်း တစ်အိမ်ထဲမှာနေကြရတာက လူပျိုကြီးသုံးယောက်နဲ့ပါ သူတို့သုံယောက်ဟာ နောက်နှစ်တော်တော်ကြာတဲ့အထိ ကျွန်တော့်ဒဏ်ကို အတော်လေးခံကြရပါတယ်။ မနက်မိုးလင်းတာနဲ့ ပူဆာတဲ့ဇာတ်လမ်းစပါတယ် လူပျိုကြီးသုံးယောက် မိုးလင်းတာနဲ့ကျွန်တော့်ကို မုန့်လိုက်ကျွေးတဲ့တာဝန်ယူရပါတယ်။ မနက်မိုးလင်း လက်ဘက်ရည်ဆိုင်သွားရင် လူပျိုကြီးသုံးယောက်ရယ် ကျွန်တော့်အဖေရယ် နောက်ပြီးတော့ ကလေးရောခွေးရောလို့ ​ပြောလို့ရပါတယ်။ အဖေ့သူငယ်ချင်း မွေးထားတဲ့ အယ်ဇေးရှင်းကြီး အမြဲပါပါတယ် ခွေးကြီးကအကြီးကြီးပါ နာမည်ကတိုက်ဂါးလို့ပေးထားတယ်။ ဒီကောင်ကြီးက ကျွန်တော့်ရဲ့စီးတော်ခွေးလို့ ​ပြောလို့ရပါတယ် ကျွန်တော်တက်စီးလို့ရတယ်။ တိုက်ဂါးကြီးဟာ အတော်ကိုလိမ္မာပါတယ် သူ့သခင်အိမ်ကိုလာတဲ့ ဧည့်သည်ကို အိမ်ပေါက်ဝကနေ ခေါင်းထောင်ကြည့်ပါတယ် သားသားနားနားသာ ဝတ်လာခဲ့ပါသူက အိပ်ရေးပျက်ခံပြီးတောင် ထပြီးမဟောင်ပါဘူး။ စုတ်စုတ်ြပတ်ပြတ်ဝတ်လာရင်တော့ ဘယ်သူတွေဘာတွေ သူနားမလည်ပါဘူး အသေကိုက်ပါတယ်။ အဲဒီ့တုံးက မဆလမပြုတ်သေးပါဘူး မြို့နယ်ကောင်စီ ဥက္ကဌကအိမ်ကို အမြဲလာတတ်ပါတယ် လာရင်တော့ရုံးကလာတော့ တိုက်ပုံနဲ့ဘာနဲ့အမြဲလာပါတယ် တစ်ညနေတော့ ဥက္ကဌကြီး စွတ်ကျယ်အစုတ်နဲ့လာတာ တိုက်ဂါးကိုက်လွှတ်လိုက်လို့ ဆေးခန်းပို့ရဖူးပါတယ်။ မနက်မိုးလင်းတာနဲ့ တိုက်ဂါးကကျွန်တော့် အိမ်ပေါက်ကိုရောက်နေပါပြီ လက်ဘက်ရည်ဆိုင် မလိုက်ရမချင်းသူမပြန်ဘူး လက်ဘက်ရည်ဆိုင် မသွားတဲ့နေ့ဆိုရင် အနည်းဆုံးတော့အိမ်မှာ ဖျော်တဲ့ကော်ဖီတိုက်မှ တိုက်ဂါးကသူ့အိမ်ကိုပြန်ပါတယ်။ လက်ဘက်ရည်ဆိုင်ရောက်ရင် တိုက်ဂါးကိုလည်း လက်ဘက်ရည်တစ်ခွက် တိုက်ရပါတယ် မုန့်ကျွေးရင်ဒီကောင်ကမစားဘူး။ သူ့အကျင့်က မုန့်ဆိုတစ်ြခားလူတွေ ကျွေးမှစားပါတယ် လက်ဘက်ရည် သောက်ြပီးတာနဲ့ တစ်ြခားဝိုင်းမှာသူက မုန့်လိုက်တောင်းပါတယ်။ ရပ်စောက်ဆိုတာက ကျဉ်းကျဉ်းလေးဆိုတော့ တိုက်ဂါးကြီးအကြောင်း လူတိုင်းကသိတော့ မုန့်ကျွေးကြပါတယ်။ တိုက်ဂါးမုန့်တောင်းတာက စားနေတဲ့လူတွေရဲ့ ပေါင်ကိုလက်နဲ့ပုတ်ြပီး တောင်းတတ်တယ်။ ရပ်စောက်ဆိုတော့ မြို့တစ်ဘက်အထွက်မှာ စစ်သင်တန်းကျောင်းကလည်းရှိတယ် တစ်ခါတစ်လေ အဲ့ဒီ့ကိုလာတဲ့ ဧည့်သည်တွေလည်း လက်ဘက်ရည်ဆိုင်ကို လာတတ်ပါတယ်။ တစ်ခါကလည်း လက်ဘက်ရည်ဆိုင်မှာ ဧည့်သည်မိသားစု တစ်စုထိုင်နေတာကို တိုက်ဂါးက မုန့်သွားတောင်းပါတယ်။ သူကတော့သူ့အကျင့်အတိုင်း ထိုင်နေတဲ့မိသားစုထဲက ကောင်မလေးရဲ့​ပေါင်ပေါ် လက်နဲ့သွားပုတ်တော့ ဟိုကလှည့်ကြည့်တယ် ခွေးအကြီးကြီးဆိုတော့​ကြောက်ြပီး ထ​ပြေးလိုက်တာ စားပွဲလည်းမှောက်ပြီးတော့ လက်ဘက်ရည်တွေ မုန့်တွေအကုန်မှောက်ပါတယ်။ ဒီအချိန်ကျတော့ ဦးဦးလူပျိုကြီးသုံးယောက်က အားကိုးရပါတယ် ညီမလေးဘာဖြစ်သွားသလဲ ဒီကောင်ကြီးကဒီလိုပဲ စသည်ဖြင့်ပေါ့လေ။ တိုက်ဂါးကလည်း သိတတ်ပါတယ် ဦးဦးလူပျိုကြီးသုံးယောက် သူ့ကိုဆူနေရင် ငုတ်တုတ်လေးနဲ့ မျက်နှာငယ်လေးနဲ့ ထိုင်နေတတ်ပါတယ်။ တစ်ကယ်က မုန့်သွားတောင်းတာ အစောကတည်းက သူတို့ကမြင်ပါတယ် တမင်သက်သက် မတားတာပါ။ ဒီလိုအကြောင်းတွေကြောင့် တိုက်ဂါးကို မနက်တိုင်း လက်ဘက်ရည်တိုက်ရလည်း ဦးဦးသုံးယောက် မနှမျောပါဘူး တိုက်ဂါးမလာရင်တောင် သွားခေါ်ကြပါတယ်။ အတော်လူလည်ကျတဲ့ ကျွန်တော့်ရဲ့ ဦးဦးလူပျိုကြီးသုံးယောက်ပါ။
comments powered by Disqus