Calm Hill My Random Thoughts

အညာအလွမ်း​ပြေ အိမ်တွင်းဖြစ်နွားနို့ခဲ

ငယ်တုံးကတော့ တောင်ကြီးမှာနေတယ် ဒါပေမယ့်အမေက အညာသူဆိုတော့ ဟင်းချက်ရင် အညာကပုံစံပဲ ချက်လေ့ရှိပါတယ်။ ကြက်သွန်ဆီသတ်ြပီး ခရမ်းချဉ်အနှစ်နဲ့ အများအားဖြင့်ချက်ပါတယ် အောက်ြပည်အောက်ရွာလို ကြက်သွန်နဲ့အနှစ်လုပ်တာ မဟုတ်ပါဘူး။ မန္တလေးပြန်လို့ အဖွားတို့က အညာအစားအတွေ ထည့်ပေးတတ်တယ် အဖွားလေးရဲ့ယောက်ျားက စစ်ကိုင်းဘက်က လက်ပံစင်မှာ အမျိုးတွေရှိတယ် သူတို့ကနေပြီး နွားနို့ခဲတွေ နွားနို့ချက်တွေ ယူလာပြီးလက်ဆောင် ပေးတတ်ပါတယ်။ အညာကအစားအသောက်ထဲမှာ ကျွန်တော်အကြိုက်ဆုံးက နွားနို့ခဲချက်ပါ။ ကျွန်တော်ကြိုက်မှန်းသိတော့ ကျွန်တော့်အတွက်ပဲ ချက်ပေးတာများပါတယ်။ တစ်ခါတစ်ယံ တောင်ကြီးဈေးထဲမှာ သာစည်ကလာရောင်းတဲ့ နွားနို့ခဲသည်တွေ့ရင် အမေကအမြဲဝယ်လာပေးပါတယ်။ Burmese Cheese အဖေနဲ့မုံရွာလိုက်သွားရင် ဒေါ်ကြီးကိုပူဆာပြီးတော့ နွားနို့ခဲလုပ်ပြီးချက်ခိုင်းတယ်။ ဒေါ်ကြီးကတော့ နွားနို့ခဲလုပ်တာ လုပ်နေကျဆိုတော့ ကျွမ်းကျင်ပါတယ်။ နွားနို့ကိုအိုးလေးထဲထည့်ပြီး ဆူအောင်တည်ပါတယ် နွားနို့ပူလာပြီဆိုရင် ခြံထဲမှာပေါက်နေတဲ့ မရိုးပင်ကကိုင်းလေး တစ်ကိုင်းနှစ်ကိုင်း သွားချိုးပြီးထွက်လာတဲ့ မရိုးစေးလေးတွေကို နွားနို့အိုးထဲ့ထည့်ပြီး မရိုးကိုင်​းလေးနဲ့ပဲ မွှေရင်းနဲ့ပဲနွားနို့ကခဲလာပါတယ်။ အဲဒါလေးကို အဝတ်ပါးထဲလောင်းထည့်ပြီး အရည်စစ်ထားပြီး ငရုတ်ဆုံနဲ့ဖိထားလိုက်တယ်။ အရည်စစ်သွားရင် ခဲနေတဲ့နွားနို့ခဲလေးကို ထန်းလက်လေးနဲ့ဖြစ်ဖြစ် ဆတ်သွားဖူးရွက်နဲ့ဖြစ်ဖြစ် ပတ်ပြီးတော့မီးကင်ပါတယ် ဒါမှနွားနို့ခဲလေး အပေါ်ယံလေးတင်းပြီး အညိုရောင်လေး ဖြစ်သွားတယ်။ နွားနို့ခဲလေးကို ခရမ်းချဉ်သီး အနှစ်လေးနဲ့ချက်ရင် ချဉ်ချဉ်ဆိမ့်ဆိမ့် နွားနို့နံ့သင်းသင်းလေးနဲ့ အင်မတန်ကြိုက်ပါတယ်။ အခုတော့ နွားနို့ခဲကိုမစားရတာ နှစ်အတော်ကိုကြာပါပြီ စမ်းလုပ်ကြည့်ချင်ပေမယ့် မရိုးပင်မတွေ့တော့ လုပ်မရဘူးဖြစ်နေတယ်။ တစ်ခါကတော့ ရုက္ခဗေဒဥယျာဉ်ထဲမှာ မရိုးပင်ကိုတွေ့မိတယ် ဒါပေမယ်ဝေးလွန်းတော့ သွားပြီးခိုးချင်ပေမယ့် မလွယ်ဘူးဖြစ်နေတယ်။ အိမ်ရှင်ထီးလက်ရာမှာ အစ်ကိုတစ်ယောက် လုပ်ထားတာမြင်လို့ မရိုးမရှိပဲဘယ်လိုခဲသလဲ မေးလိုက်မိတော့ သံပုရာရည် နည်းနည်းထည့်ရင်အတူတူပဲလို့ပြောတယ် ဒါနဲ့သံပုရာကို မရိုးအစားထည့်သုံးလိုက်တယ်။ ကျန်တာကတော့ ငယ်ကတည်းက ဒေါ်ကြီးလုပ်တာမြင်နေကျဆိုတော့ မခက်ခဲပါဘူးလေ။ အညာလိုတော့ ခြံကနွားနို့တော့မဝယ်နိုင်ဘူးပေါ့ Dutch Lady နှစ်ဘူးဝယ်ပြီး နွားနို့ခဲလိုက်ပါတယ်။ ချက်ချင်းလုပ်ပြီးချက်တော့ မီးကင်တော့ပါဘူး ဒီအတိုင်းလေးပဲချက်လိုက်တယ်။ မစားရတာကြာတော့ အတော်လေးစားကောင်းတယ် ဒါပေမယ့် ဒေါ်ကြီးလုပ်တဲ့ နွားနို့ခဲကိုတော့ ဘယ်လိုမှမမှီဘူး။