Calm Hill My Random Thoughts

ကျောင်းတော်ကြီးသို့အလွမ်း ( ၉ )

ငယ်တုံးကတော့ ကျောင်းမှာကလေးတွေ ပိုက်ဆံအတင်းကောက်ပြီး ဝါဆိုသင်္ကန်းဆိုပြီးလုပ်ရင် အလှူငွေထည့်ရတယ် တက္ကသိုလ်ရောက်တော့ ပထမနှစ်ကနေ တတိယနှစ်ကအထိတော့ အီးစီတွေက လည်ဖို့ပတ်ဖို့ဆို အင်မတန် တက်ကြွပါတယ် ဘာသာရေး အလှူကျတော့ မလုပ်ဖြစ်တော့ဘူး ကျောင်းမှာလည်း လုပ်တာမရှိပါဘူး။ တကယ်တော့ အီးစီခန့်တာကလည်း တက်ကြွလို့ခန့်တာမှမဟုတ်တာပဲလေ ဆရာမတစ်ယောက်လာပြီး မြင်တဲ့လူခန့်သွားတာ ပြောမယ်ဆိုရင် သူငယ်တန်းကလိုဆို လူကောင်ထွားလို့ မြင်သာထင်သာရှိတဲ့လူ ခန့်ထားတယ်​ပြောရမယ်။ တတိယနှစ်အောင်တော့ ဂုဏ်ထူးတန်းကို အီးစီအားလုံးနီးနီး တက်ခွင့်မရကြတော့တဲ့အတွက် ဂုဏ်ထူးတန်းမှာတော့ လူကောင်မထွားပေမယ့် လေလုံးထွားသလို လူတစ်ကာနဲ့ စကား​ပြောတတ်တဲ့ ကျွန်တော်အပါအဝင် သူငယ်ချင်းသုံးယောက်လောက် ဘယ်သူမှမခန့်ပဲ အလိုလိုနေရင်း ခေါင်းဆောင်ဖြစ်ပါတယ်။

အလည်အပတ် ခရီးထွက်ဖို့မစီစဉ်တော့ပဲ ဝါဆိုသင်္ကန်းကပ်ကို ပထမဆုံးအနေနဲ့ စပြီးလုပ်ဖြစ်ပါတယ်။ အတန်းထဲလည်ပြီး အလှူငွေကောက် ဆရာမတွေရဲ့ ဌာနပေါင်းစုံကိုလိုက်ပြီး အလှူငွေကောက် ရုံးဌာနတွေဖြစ်တဲ့ ငွေစာရင်း စီမံ ကျောင်းသားရေးရာလည်း မချန်ပါဘူး အကုန်လိုက်ကောက်တယ် စာကြည့်တိုက်က မစန္ဒာကတော့​ပြေးမလွတ်ဘူးပေါ့။ ဘုန်းကြီးကတော့ ဒဟတ္တောရွာထဲက ဘုန်းကြီးကိုသွားလျှောက်ရတယ်။ ဆွမ်းချက်တာက ကန်တင်းက ဖောက်သည်ဖြစ်နေတဲ့ စွယ်တော်ရိပ်ဆိုင်ခွဲကို ချက်ခိုင်းလိုက်တယ် ဆိုင်ကလည်းချက်ပေးရှာပါတယ် ကုသိုလ်ရေးဆိုတော့ ထမင်းသူတို့လှူတာပါ ဈေးဖိုးပေးပြီးကျန်တဲ့ အသားငါးကို အလကားချက်ပေးပါတယ်။

အကုန်ကိစ္စအေးမှပြဿနာက ဘုန်းကြီးဆွမ်းကပ်ဖို့ စားပွဲမရှိပါဘူး ကျောင်းစာသင်ခန်းက စာသင်ခုံကိုစားပွဲလုပ် ဆွမ်းကပ်လို့လည်း ခုံကခုံစောင်းဆို​တော့ ဘုန်းကြီးတွေပြဿနာတက်မှာ စိုးရိမ်ရတယ်။ ငှားစရာမရှိလို့ ဘုန်းကြီးကျောင်းကို ဘုန်းကြီးလည်းကြွပါ စားပွဲလည်းငှားပါလို့ သွားပြီးနားပူတော့ ဆရာတော်က ဆွမ်းစားစားပွဲ ယူသွားလေကွယ် အခုသယ်သွားဆိုလို့ စားပွဲကိုမောင်စိုင်းဒီနဲ့ ကျွန်တော်နဲ့ ထမ်းကြရပါတယ် ကျောင်းပေါ်အထိ နှစ်ပြလောက်အဝေးကို ကုန်းတက်လည်းဖြစ်တော့ လူတွေလည်း​ အတော်လေး မျက်ဖြူဆိုက်နေပြီပေါ့။ နောက်ဆုံးအစီအစဉ်အရ ကျောင်းသားကဒ်ကို အာမခံထားပြီးတော့ စီမံဌာနကနေ အိုးခွက်ပန်းကန်တွေ ငှားကြရတယ် ပန်းကန်ဘယ်နှစ်လုံး ဇွန်းဘယ်နှစ်ချောင်းပေါ့လေ အပ်ရင်တော့လျော်ရမယ်ဆိုတာ ငှားကတည်းကသိပါတယ် အလှူဆိုတာ ဇွန်းပျောက်တာ ထုံးစံမဟုတ်လား။

ဆွမ်းကပ်တဲ့နေ့ကျ မနက်ငါးနာရီလောက်ကတည်းက အိမ်ကနေကျောင်းကို ဆိုင်ကယ်နဲ့လာကြရတယ် လှူဖွယ်ဝတ္ထုအစုစုလည်း သယ်လာရတယ် အသိဆိုင်ကနေ အများကောင်းမှု့အဖြစ် သင်္ကန်းငါးစုံ​ဝယ်လာတယ် ကျန်တဲ့လူတွေကလည်း သူ့အစီအစဉ်နဲ့သူ ဝယ်ချင်သပဆိုလည်း ဝယ်ခဲ့လို​ပြောထားလို့ အလှူပစ္စည်းကတော့ အတော်လေးကိုစုံပါတယ် ရေစက်ချတော့ ပါမောက္ခချုပ်လုပ်တဲ့ ဆရာဦးစိုးမြင့်ကို အတင်းခေါ်နာခိုင်းရတယ် ဆရာကြီးလည်း တရားနာဆိုတော့ အားနာနာနဲ့လာပါတယ်။ ဆရာကြီးကလည်း အများကောင်းမှု့ ပိုသိသာအောင်ဆိုပြီး ကပ့်မယ်သင်္ကန်းတွေကို ဘူးထဲကနေထုတ်ဖြန့်ပြီး ကျောင်းသားကျောင်းသူတိုင်းကို ကိုင်ခိုင်းပြီးရေစက်ချပါတယ် သူကတော့ စေတနာနဲ့ပေါ့လေ ဘုန်းဘုန်းတွေတော့ နည်းနည်းပြဿနာတက်သွားတယ် ဖြန့်လိုက်တော့ ဆိုင်ပြန်သွင်းရ နည်းနည်းခက်သကိုးဗျ။

တရားနာပြီးတော့ အများကောင်းမှု့ဆွမ်းကျန် ကွမ်းကျန်စားကြတာပေါ့ အစကတည်းက ပိုချက်ထားတာ တစ်တန်းလုံးစားတာတောင် ဟင်းတွေကပိုနေတယ်။ အချိုပွဲတွေလည်း ဌာနပေါင်းစုံလိုက်ဝေပါတယ်။ နောက်ဆုံးစာရင်းချုပ်တော့ ဇွန်း ၅ ချောင်းနဲ့ အချိုပန်းကန်ပြား ၁ ချပ်ပျောက်တယ် ပျောက်တာက ဆရာဦးစိုးမြင့်အခန်းမှာပါ အဲဒါသူ့အခန်းတာဝန်ကျတဲ့လူက အဲဒါသူတို့ဟာနဲ့ပေငြင်းနေလို့ ကျောင်းပစ္စည်းကျောင်းဆိုပြီး ပြန်မတောင်းတော့တာ ဒါပေမယ့်စီမံက အန်တီကြီးက ကိုယ့်တွေတိုင်း ဇွန်းအကြွေးတောင်းတယ် ဘယ်တော့မှလည်း မလျော်ပါဘူးလေ ဇွန်းအကြွေးကျန်လို့ အောင်စာရင်းမထွက်လို့မှ မရှိပဲဟာ။ ပြဿနာက ဘုန်းကြီးကျောင်းက စားပွဲနောက်နေ့မှပို့မယ်ဆိုပြီး ထားခဲ့တာ နောက်နေ့လာတော့ မရှိတော့ဘူး အစောင့်တွေကတော့ သူများသွားပို့တယ် ထင်တယ်လို့​ပြောတယ် ဒါပေမယ့် လိုရမယ်ရအနေနဲ့ နောက်နှစ်တော့ တောင်​ခြေကျောင်းက ဘုန်းကြီးပြောင်းပင့်မယ်လို့ သူငယ်ချင်းနှစ်ယောက်သား တိုင်ပင်ထားတယ်။

မဟာတန်းရောက်တော့ နောက်တစ်နှစ်လည်း ဆက်လုပ်ဖြစ်ပါသေးတယ် ကိုယ့်လူနဲ့ကိုယ် တက်ညီလက်ညီပါပဲ။ နောက်တော့ ကိုယ်မရှိတော့လည်း အစဉ်အလာတော့ ဖြစ်သွားတယ်​ပြောရမယ် ဝါဆိုမှာလည်းပုံမှန်လုပ်တယ် ကထိန်လည်းဖြစ်အောင် စီစဉ်ကြတယ်။ ကျောင်းရောက်ရင် ဝင်တာနဲ့ ကထိန်သင်္ကန်းအတွက် အလှူခံပုံးကလေးတစ်ခုတွေ့တယ် ဘာပဲဖြစ်ဖြစ်ဝမ်းသာမိပါတယ် ဖြစ်သလိုနဲ့စခဲ့တဲ့ ဝါဆိုသင်္ကန်းကနေ ပုံမှန်လုပ်ဖြစ်တယ် နောက်တော့ကထိန်အတွက်ပါ ကြိုးစားလုပ်ထားကြတယ်။ ကျောင်းရောက်တိုင်း ဆရာမတွေက မင်းတို့စခဲ့တာ အစဉ်အလာဖြစ်သွားတယ်လို့ ပြောတာကြားရတိုင်း ဝမ်းသာရတယ်။ တစ်ချိန်ကတက်ညီ လက်ညီလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း ကျောင်းပြီးတော့ တစ်ယောက်တစ်နယ်စီဖြစ်နဲ့ ပြန်မဆုံနိုင်ကြတော့ပါဘူး ဖြစ်နိုင်မယ်ဆိုရင်တော့ အရင်တစ်ချိန်ကို ခဏလောက်ဖြစ်ဖြစ် ပြန်ရောက်ချင်ပါသေးတယ် တစ်ခါတုံးက ကွန်ပျူတာတက္ကသိုလ်ရယ်။

comments powered by Disqus