Calm Hill My Random Thoughts

ညှော်တယ်အော်တယ်

မြင်ရရင် လျောက်မမေးရ မနေနိုင်တာလည်း ဝါသနာဖြစ်မယ် ဒီလကတော့ စင်ကာပူမှာ တရုတ်ကုလား အားပြိုင်တဲ့လလို့ဆိုရမယ် တရုတ်ကလည်း ဗိုက်ဆာနေတဲ့ တစ္ဆေတွေပွဲလို့​ပြောတယ် ညနေပိုင်းဟိုဟာ မလုပ်ရဒီဟာ မလုပ်ရလို့သူများတွေတော့ပြောတယ် ကိုယ်ကတော့ သိပါဘူးသယ်ချင်တာသယ် စားချင်ရာစားတာပဲ။ ရုံးမှာကလည်း ဗမာကနှစ်ယောက်ရှိတာ ရှိတဲ့အစ်ကိုကလည်း ထမင်းစားချိန်အိမ်ခဏပြန်တာများတော့ ထမင်းစားချိန်ဆို ကျန်တဲ့လူတွေက တရုတ်တွေပါ ထမင်းစားသွားတိုင်း ကိုယ်ကလည်းစပ်စပ်စုစု လျောက်မေးပါတယ် ရုံးအောက်မှာ စည်ပိုင်းပြတ်နဲ့ စက္ကူတွေမီးရှို့တာကို မေးကြည့်တော့ တစ်ယောက်က ငါကသေသေချာချာ မသိဘူးတဲ့ သူကခရစ်ယာန်တဲ့ ငါတို့ဘာသာမှာ Ghost မရှိဘူးတဲ့။ အဲဒါနဲ့ဘာရှိသလဲဆိုမေးကြည့်တော့ Spirit ပဲရှိတယ်တဲ့ အဲဒါနဲ့ အဲဒီ့နှစ်ခုက ဘာကွာတာလဲလို့မေးတော့ သူလည်းအတော်လေး စိတ်ညစ်သွားပုံရတယ် ငါလည်းမခွဲတတ်ဘူးတဲ့ အဲဒါနဲ့ ခွဲတတ်ဖို့ဆိုရင် မင်းနှစ်ခုလုံးမြင်ဖူးရမယ် အဲဒါမှမင်းခွဲတတ်မယ်ထင်တယ်လို့ ​ပြောလိုက်ရော ငါမသိတော့ဘူး သူ့မေးဆိုပြီး နောက်တစ်ယောက်ကို ဘော်လီဘောပုတ်ပြန်တယ်။ နောက်တစ်ယောက်က စိတ်ရှည်လက်ရှည် ရှင်းပြပါတယ် ကန်တင်းနားမှာ ရှို့မလို့ပြင်ဆင်ထားတဲ့နေရာ ခေါ်သွားပြီးတော့ စက္ကူတွေကိုပြပါတယ် ဒါကစက္ကူမဟုတ်ဘူး ပိုက်ဆံတဲ့ အဲဒါရှို့မှ တစ္ဆေတွေက တမလွန်ကနေ ပိုက်ဆံရတာတဲ့ ဒါမှသူတို့ကပျော်တာတဲ့ တစ်နှစ်မှာတစ်လ သေမင်းတံခါးကပွင့်တော့ ဒီလမှဒို့ကပိုက်ဆံလွဲရ​တာတဲ့။ အဲဒါနဲ့ သူတို့ကသုံးစရာနေရာ ရှိလိုလားမေးကြည်တော့ ငါလည်းမသိဘူးလေ မရောက်ဖူးသေးဘူးတဲ့။ ဒါနဲ့အဲဒါတွေက ဝယ်တာဘယ်လောက် ပေးရသလဲမေးကြည့်​တယ် တစ်စုံကို ၂၀ လောက်တော့ရှိတယ်​ပြောတယ် အခုပုံထားတဲ့အပုံလောက်ဆို ၁၀၀ လောက်တန်မယ်ထင်တယ်တဲ့။ ဒါနဲ့အဲဒါဆိုရင် အဲဒါတွေ ဘာလို့ရှို့နေသလဲ ၁၀၀ တန်တစ်ရွက်လောက် ရှို့လိုက်ရင်အဆင်​ပြေတယ် အဲဒါဆိုရင် တစ္ဆေတွေလည်း ဒေါ်လာအစစ်ရလို့ အတော်ကိုပျော်မယ် အခုတော့အတုတွေ မီးရှို့တော့ဒို့ကညှော်တာပေါ့လို့ ​အကြံပေးမိတယ်။ သူကလည်းကိုယ့်ကို ပြန်ပြီးတော့ အချွန်နဲ့မပါတယ် အကြံဉာဏ်ကောင်းတယ်တဲ့ ရှို့နေတဲ့အန်ကယ်ကြီးကို မင်းသွားပြောပါလားတဲ့။ အိမ်ြပန်ရင် ကုလားတွေကလည်း ဥပုသ်လဖြစ်လေတော့ တိုက်အောက်မှာ ယိုင်ပတ်ပြီးတော့ ဝတ်ပြုစရာနေရာတွေ လုပ်ထားပါတယ် ပုံမှန်ကပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဗမာပြည်မှာလို လော်စပီကာနဲ့ အော်လို့မရပါဘူး။ ဗမာပြည်တော့ ဗလီကနာရီခြားနဲ့ အော်တာပါပဲ အတော်ဆူတာပဲ မထူးပါဘူး ဘုရားပေါ်ကလည်း သူများတွေ အိမ်မှန်းမသိ မအိပ်မှန်းမသိ မနက်စောကြီး တရားတိတ်ခွေ လော်စပီကာနဲ့ဖွင့်တာလည်း အင်မတန်ဆူတာပဲ ဒီမှာပဲအေးတယ် ဘယ်သူမှမဆူနဲ့ Church လည်း အကြောင်းထွေထူးမရှိရင် ခေါင်းလောင်းထိုးလို့မရ ကုလားလည်း ပွဲမရှိမအော်ရ ဘုန်းကြီးကျောင်းလည်း တရားတိတ်ခွေကို လော်စပီကာနဲ့မဖွင့်ရပဲ။ ဘာပဲပြောပြော ဆူဆူညံညံမရှိတာ အတော်စိတ်ချမ်းသာစရာ ကောင်းတယ်။ ဒါပေမယ့်ဒီလတော့ ကုလားလည်း ဥပုသ်ထွက်ချိန် အော်လို့ရပါတယ် အဲဒါကို ဓာတ်လှေခါးထဲအတူတူ ပါလာတဲ့ တရုတ်မကြီးက စကားစပ်မိလို၌ ဆူတယ်တဲ့ အဲဒါနဲ့ သူ့လက်ထဲက တမလွန်ကို လွှဲမယ့်ငွေအထပ်လိုက်ကို လက်ညှိုးထိုးပြီး ညှော်တယ်လို့​ပြောခဲ့လိုက်တယ်။