Calm Hill My Random Thoughts

အဘိဓာန်လျှော့ဖို့လိုတယ်

အခုအချိန်အထိ ခဏခဏမြင်ဖူးနေတာက အကြောင်းအရာတစ်ခုမေးရင် ဗမာလိုမရှိဘူးလား အရင်မေးတယ် မူရင်းကိုဖတ်ပါဆိုရင် ဖြေလေ့ရှိတာက အဘိဓာန်လေးနဲ့ ကြိုးစားဖတ်ပါ့မယ်ဆိုတာက အမြဲကြားရတတ်တယ်။ မြင်သာထင်သာရှိတာ ပြောမယ်ဆိုရင် စေတန့်ရဲ့ အင်္ဂလိပ်-ဗမာ အဘိဓာန်ဟာ အတော်ရောင်းကောင်းတယ် ရောင်းကောင်းတာက ကောင်းတဲ့ကိစ္စဆိုပေမယ့် ရောင်းကောင်းရခြင်း အဓိကအကြောင်းကတော့ ဝမ်းသာစရာမဟုတ်ဘူး။ တကယ်ကစာဖတ်မယ်ဆိုရင် အဘိဓာန်ကြည့်ဖတ်တာဟာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ကိုယ်ရဲ့ဘာသာစကားမဟုတ်လို့ ဝေါဟာရတွေ အကုန်သိဖို့မလွယ်ပါဘူး နောက်ပြီးတော့ ကိုယ်ဖတ်တဲ့စာမှာ ကိုယ်သိတဲ့ဝေါဟာရတွေပဲပါမှ ဖတ်တတ်မယ်ဆိုရင် ဒါမှမဟုတ်အဲလို ဖြစ်ဖို့ကြိုးစားနေတာ ဆိုရင်တော့ စာဖတ်တာမဟုတ်ပဲ ခက်ဆစ်ကျက်တာ ဖြစ်လာပါလိမ့်မယ်။ ရေးထားတဲ့စာကို နားလည်ဖို့အတွက် စကားလုံးတိုင်းကို အဓိပ္ပာယ်သိဖို့လိုတယ်ဆိုတာ မဟုတ်ပါဘူး တစ်ကယ်တော့ ရေးထားတဲ့စာကို နားလည်ဖို့ဟာ Comprehensive reading skill သာအရေးကြီးပါတယ်။ စာတစ်ပိုဒ်မှာ မသိတဲ့စကားလုံးပါလည်း အခြားသောစကားလုံးများအပေါ် မူတည်ပြီးတော့ အဓိပ္ပာယ်ဟာ ပြန်ယူလို့ရပါတယ်။ ဒီလိုဖြစ်ဖို့ကတော့ စာများများဖတ်ဖို့လိုပါတယ် တစ်ြခားနည်းနဲ့လည်း လုပ်ယူလို့မရပါဘူး။ ငယ်ကတည်းက စာဖတ်ခိုင်းလေ့ရှိပါတယ် အိမ်ကအကျင့်လုပ်ပေးထားတာက မသိရင်လည်းဆက်ဖတ်သွား ခြုံငုံပြီးတော့ ဘာသာပြန်ကြည့်ရပါတယ် လုံးလုံးဘာသာပြန်လို့မရမှသာ အဘိဓာန်ကိုကြည့်ရပါတယ် ဖတ်ြပီးရင်ဘာတွေရေးထားသလဲ နားလည်သလိုပြန်ပြောရတယ် ဒီလိုနဲ့ပဲ နားလည်နိုင်စွမ်းတက်လာပြီးတော့ တစ်ြဖည်းဖြည်းနဲ့ အဘိဓာန်အသုံးကို လျှော့ချလို့ပါတယ်။ နောက်ပြီးတော့ အရေးကြီးတာက တတ်နိုင်သ၍ အင်္ဂလိပ်-ဗမာအဘိဓာန်ကို အသုံးမပြုပဲ အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကို ပြောင်းသုံးနိုင်ရင် အကောင်းဆုံးပါ အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ဟာ ခက်ခဲတဲ့စကားလုံးကို လွယ်ကူတဲ့စကားလုံးနဲ့ နားလည်အောင် ရေးထားတာဖြစ်တဲ့အတွက် အဲဒါဟာလည်း နားလည်နိုင်စွမ်းကို လေ့ကျင့်တဲ့နေရာမှာ အထောက်အကူ အများကြီးဖြစ်ပါတယ်။ ကျူရှင်ပို့အင်္ဂလိပ်စာသင်ရုံနဲ့ တကယ်ကမလုံလောက်ပါဘူး ကျူရှင်မှာသင်တဲ့ သဒ္ဒါဆိုတာက ဖော်မြူလာထဲ ထည့်ရေးတာထက်မပိုပါဘူး ဘာသာစကားဖြစ်လို့ ပုံသေနည်းလွတ်အောင် မလေ့လာနိုင်ရင် ဘယ်တော့မှလည်း မတတ်ပါဘူး စာဖတ်မှသာ ပုံမှန်ထက်ကွဲပြားနေတဲ့ အသုံးအနှုံးတွေကို သိနိုင်မှာပါ။ အဲဒီတော့ ကိုယ်ကမိဘဆိုလည်း သားသမီးကို အရွယ်နဲ့တန်မယ့်စာကို ဖတ်ခိုင်းတာသင့်လျော်တယ် ကိုယ့်အတွက်ဆိုလည်း ခွေးကြီးမှလက်ပေးသင်လို့ မရဘူးမထင်ပါနဲ့ ကျည်ပွေ့အတက်ပေါက် ဆိုတာလည်းရှိတာပါပဲ ဘယ်အရွယ်ဖြစ်ဖြစ်သင်လို့ရပါတယ် စာများများဖတ် အဘိဓာန်ကိုလျှော့ပါလေ။