Calm Hill My Random Thoughts

ခေါင်းနဲ့ပန်း

လူတစ်ယောက် သေတယ်ရှင်တယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်မှန်းသိပါတယ် ဒါပေမယ့် တစ်ခါတစ်ယံမှာတော့ လက်ခံဖို့ခက်ခဲလွန်းတယ်။ နာတာရှည်ဖြစ်နေတဲ့ လူတစ်ယောက် သေသွားနိုင်တယ်ဆိုတာ မျှော်လင့်ပြီးဖြစ်လို့မထောင်းသာပါဘူး ဒါပေမယ့် လူကောင်းတစ်ယောက် ချက်ချင်းသေမယ်ဆိုတာ ရက်ချိန်းသိတော့ စိတ်မှာအတော်လေး လက်မခံနိုင်ြဖစ်မိတယ်။ ကျောင်းအတူတက်ခဲ့ကြတယ် အစ်ကိုကြီး တစ်ယောက်လိုလည်း ဖြစ်နေတယ် အရင်တစ်ပါတ် တနင်္ဂနွေကပဲ အတူတူပျော်ပျော်ရွှင်ရွှင် လက်ဘက်ရည်သောက် မုန့်စားအတူသွားနေတယ် ဒီတနင်္ဂနွေမှာ နောက်ဆုံးအလွန်ဆုံး ၆ လပဲအသက်ရှင်မယ်လို့ ပြောင်းလဲသွားတာကို အတော်လေး လက်ခံရခက်မိတယ်။ သတင်းသိသိချင်းပဲ ဆေးရုံကိုအရောက်သွားတယ် အတူတူလိုက်လာတဲ့အစ်မ နှစ်ယောက်ကတော့ စကာ​းပြောရင်း မျက်​ရည်တွေနဲ့ပေါ့ လူမမာကတော့ စိတ်ဓာတ်ကမာပါတယ် ဒါပေမယ့် ငြင်းလို့မရတာကတော့ အတိုင်းအတာတစ်ခုအထိတော့ လျော့ကျသွားပြီပေါ့လေ အစ်ကို​ပြောတဲ့စကားကိုသာ အလိုက်အထိုက်ဖြေဖြစ်တော့တယ် ဘယ်လိုစကားနဲ့ သတင်းမေးရမလဲ စဉ်းစားလို့မရသလို ​ပြောလို့လည်းမထွက်ခဲ့ဘူး။ အားရစရာသတင်း တစ်ခုမှမရှိဘူး ကင်ဆာဆဲတွေဟာ သွေးကြောထဲမှာ ရောက်နေပြီ ထိမ်းလို့မရတော့ဘူး ဘယ်လိုပဲအသက်ကို ဆွဲဆန့်ဆန့် လပိုင်းထက်ပိုမရတော့ဘူးဆိုတော့ ဘာမှလည်းအကြံပေးစရာ မရှိသလိုဖြစ်ရတယ်။ တကယ်တော့ အိမ်ထောင်ကျသွားရင်တောင် မိဘအတွက် အလုပ်မလုပ်နိုင်မှာစိုးတယ် အဲဒါကြောင့် သူချစ်တဲ့လူရှိလျက်နဲ့ ချန်ထားခဲ့ပြီးတော့ အိမ်ထောင်မပြုတော့ဘူးဆိုတဲ့ လူမျိုးတစ်ယောက်ပါလေ ဖန်ဆင်းရှင် ဘာသာတွေအရဆိုရင် ဘုရားသခင်ဟာ မတရားဘူးပဲဆိုရမယ် ကိုယ့်ဘာသာအရတော့ ကုသိုလ်ရဲ့လက်ငင်း အကျိုးပေးဟာ နှေးကွေးလွန်းလှတယ်။ ကိုယ်လုပ်ပေးနိုင်တာ သူစိတ်ဓာတ်မကျအောင်ပဲ အားပေးနိုင်တာ အကောင်းဆုံးအကူအညီပါ ဒါပေမယ့် ပြောမထွက်ခဲ့တာကိုပဲ ကိုယ့်ကိုကိုယ် အပြစ်တင်မိတယ် တကယ်တော့ သေခြင်းတရားဟာ ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်းလိုပဲ တစ်ခါတစ်ယံမှာ ချက်ချင်းလည်း ပြောင်းလည်းသွားတတ်တာပဲ။