Calm Hill My Random Thoughts

အဖေ​ပြောတဲ့ အီကြာကွေး

သားအဖနှစ်ယောက် လက်ဘက်ရည်ဆိုင် တစ်ဆိုင်ရောက်လို့ အီကြာကွေးစားကြရင် အမြဲပြောလေ့ရှိတာက ဒါကအီကြာကွေးအစစ် ဒါကအီကြာကွေးအတုလို့ ပြောရင်းစားတတ်တယ်။ ဧည့်သည်ပါလာရင် ဘာပြောတာလဲလို့ ခဏခဏရှင်းပြရတယ်။ အဖေကကြံကြံဖန်ဖန် ပုံပြင်တစ်ခုပြောပြဖူးတယ် အီကြာကွေးဖြစ်လာတဲ့ ပုံပြင်ပေါ့လေ။ တစ်ခါက တရုတ်ပြည်မှာ အီကြာကွေးဆိုတဲ့ လူကြီးတစ်ယောက်ရှိတယ်တဲ့ ဖြစ်ချင်တော့သူကလည်း အင်မတန်ဆိုးတဲ့ လူဆိုးကြီးဆိုပဲ ဂန္တဝင်လူဆိုးကြီးဆိုရမယ် ငတက်ပြားကိုဖမ်းသလို ဘုရင်ကိုယ်တိုင်ဆင်းဖမ်းမှ မိတော့တယ်​ပြောတယ်။ ဘုရင်ကလည်း လူဆိုးကြီးဖမ်းမိတော့ နောက်လူတွေ မဆိုးရဲအောင်ဆိုပြီး စံပြဖြစ်အောင်ဒဏ်ပေးမယ်ဆိုပြီး တခြားရာဇဝတ်သားတွေ သတ်သလိုမျိုး ခေါင်းဖြတ်မသတ်ပဲ ပေါင်နှစ်ချောင်းကို မြင်းနဲ့ဆွဲပြီးပေါင်ဖြဲသတ်လိုက်တယ်။ နောင်လာနောက်သားတွေ အီကြာကွေးလို မဆိုးရဲအောင် အမှတ်ရနေအောင်ဆိုပြီး ဂျုံကိုရှည်ရှည်လေး နှစ်ခေါက်ခေါက် ဆီနဲ့ကြော်တဲ့မုန့် တစ်မျိုးကိုလုပ်စေတယ် မုန့်ကစားချင်ရင်ကပ်ထားတဲ့ နှစ်ချောင်းကိုဆွဲခွာစားရတော့ အီကြာကွေးကို ပေါင်ဖြဲသတ်တာ အမှတ်ရစေတယ်ဆိုပဲ။ တစ်ချို့အီကြာကွေးဆိုင်တွေက ဂျုံကိုနှစ်ခေါက်မခေါက်ပဲ အလည်ကနေဖြတ်ပြီးတော့ နှစ်ခုထပ်ကြော်တယ် အဲဒီတော့ ပေါင်ကဆွဲဖြဲလို့မရတော့ ကျွန်တော်တို့သားအဖက အီကြာကွေးအတုလို့ခေါ်လိုက်တာပဲ။ အခုထိတော့ စင်ကာပူမှာ အီကြာကွေးက အစစ်ကိုမမြင်မိသေးဘူး အကုန်အတုဖြစ်နေတယ်။

comments powered by Disqus