Calm Hill My Random Thoughts

Adaptability

အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေ လာလာ​ပြောနေကျ စကားတွေကို စိတ်ကူးပေါက်လို့ Chat List ထဲမှာပြန်ကြည့်မိတော့ မလုပ်ဖူးတာတွေ လုပ်ရတယ် မလုပ်တတ်ပါဘူးဆို ခိုင်းတော့ကြာမှာပေါ့ လုပ်နေကျမှမဟုတ်ပဲ ဒါတွေက အများဆုံးတွေ့ရတဲ့ ကြားနေကျစကားတွေပါ။ တကယ်တော့ လုပ်နေကျအလုပ်ပဲ လုပ်ရတဲ့အလုပ်တော့ ဘယ်နေရာမှမမြင်မိပါဘူး ဈေးရောင်းစာ​းတောင် အခန့်မသင့်ရင် ဈေးဝယ်ကို ပြန်​ဖြေရတဲ့စကား ကွဲပြားသေးတာပါပဲ။ နောက်တစ်ခု စဉ်းစားလို့မရတာက ဘာဖြစ်လို့များ လုပ်တတ်ပြီးသား အလုပ်တွေကို လုပ်ချင်ကြသလဲ မကွဲပြားဘူး။

တကယ်တော့ ကိုယ်လည်းအလုပ်မှာ ကျွမ်းကျင်တာနဲ့ မဆိုင်တာတွေ အများကြီးဖြစ်သလို ကိုယ့်မသိတာတွေလည်း အများကြီးရှိပါတယ် ယူထားတဲ့ဘွဲ့တွေက ကွန်ပျူတာသိပ္ပံနဲ့ သုတသိပ္ပံ အလုပ်လုပ်နေတာက မာတီမီဒီယာနဲ့ ဂိမ်းအလုပ်တွေ ပြောမယ်ဆိုရင် ကျောင်းကစာရေးမကြီးကများ ဘွဲ့လက်မှတ်ကို အထူးပြုဘာသာ မှားရိုက်ပေးလိုက်သလား ယူဆရမယ်။ အလုပ်ဆိုတော့ မဆိုင်ဘူးနေလို့မရဘူး ဝါသနာမပါလည်း စိတ်ဝင်စားယူရတာပဲ။ ပြောမယ်ဆိုရင် မိုဘိုင်းဆော့ဝဲတွေ စိတ်ကိုမဝင်စားလို့ ကျောင်းသာပြီးတယ် တစ်ဘာသာမှမယူဘူး သူငယ်ချင်းတစ်ယောက် မိုဘိုင်းနဲ့ပါတ်သက်ပြီး အခက်အခဲဖြစ်တော့ အကူအညီတောင်းတယ် နားတော့မလည်ဘူး ဖတ်ကြည့်ပေးတယ် ကူရှင်းပေးတယ် အဆင်ပြေတာပါပဲ။ လူတချို့က သူတို့ကျွမ်းကျင်တဲ့အလုပ်ကို စာဖတ်ကြည့်ရတယ် ပြောတော့သိပ် အမြင်မကြည်ဘူး တကယ်တော့ သူတို့လည်း ဘာထူးတော်တာလိုက်လို့ စာဖတ်ပြီးတတ်လာတာပါပဲ သူတို့ကိုယ်ပိုင် တီထွင်ထားတာ တစ်ခုမှမမြင်မိပါဘူး။

အဖေနဲ့ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် ရောက်လာလို့ တစ်ရက်လောက် စကား​ပြောဖြစ်တယ် သူကတစ်သက်လုံးမှာ တစ်ဝက်လောက်က တက္ကသိုလ်မှာပဲ နေခဲ့တယ်ပြောရမယ် တက္ကသိုလ်ပေါင်းစုံ လှည့်တက်ပြီးတော့ တက္ကသိုလ်မှာပဲ ဆရာဘဝနဲ့ မော်ကွန်းထိမ်းဘဝနဲ့ နှစ်အတော်ကြာခဲ့တယ် နောက်တော့ ကျောင်းကထွက်ပြီး အပြင်ကလူမှု့ရေးအလုပ်တစ်ခုမှာ အရာရှိတစ်ယောက်အဖြစ်နဲ့ အလုပ်ဝင်လုပ်တယ်။ ဦးဦး အနှစ် ၂၀ – ၃၀ သင်လာတဲ့ လေ့လာလာတဲ့ ဘာသာရပ်တွေနဲ့ အခုအလုပ် ဘာမှမဆိုင်ဘူး ဒါပေမယ့် ဦးဦး အလုပ်မှာ ကောင်းကောင်း စီမံခန့်ခွဲနိုင်တာပဲ အရေးအကြီးဆုံးက မင်းလက်ရှိ မင်းရဲ့ကိုယ်ပိုင်စွမ်းရည်ကို ဘယ်လောက် အသုံးချမလဲ လက်ရှိအလုပ်ကို မင်းဘယ်လောက် လေ့လာနိုင်မလဲဆိုတာပဲ အရေးကြီးတယ် အရင်က မင်းဘာတွေ လေ့လာခဲ့တယ်ဆိုတာ အရေးမကြီးပါဘူးလို့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က သူပြောခဲ့ဖူးတယ်။ အခုပြန်တွေ့တော့လည်း အရင်လိုပဲ ဒီလိုစကားမျိုးပဲ​ပြောပြီးဆုံးမတယ်။

အိုက်ကီဒိုသင်တန်းမှာ ကစားရင်းနဲ့ခင်နေတဲ့ ဗီယက်နမ်သူငယ်ချင်း တစ်ယောက်ရှိတယ် သူ့နိုင်ငံမှာတော့ သူတို့အမျိုးက ဆွေကြီးမျိုးကြီးပြောရမယ် ဆွေစဉ်မျိုးဆက်က ဗီယက်နမ်လွတ်လပ်ရေးကနေ ပြည်တွင်းစစ်ထဲမှာလည်း အရေးပါခဲ့တဲ့လူတွေပါ။ သူ့အဖေဖြစ်သူက ဗီယက်နမ်မှာပဲ ကျောင်းတက်တယ် ကျောင်းမှာလည်း ထူးချွန်ပါတယ် အဲဒါကြောင့် ကွန်မြူနစ်နိုင်ငံဆိုတော့ ဆိုဗီယက်ကိုပို့ပြီး ကျောင်းဆက်တက်စေတယ် ၁၀ နှစ်လောက်ကြာတော့ နယူးကလီးယားအင်နာဂျီအထူးပြုနဲ့ ပါရဂူဘွဲ့ရခဲ့တယ် သူ့နိုင်ငံမှာ အလုပ်လုပ်စရာမရှိတော့ ဂျပန်က နယူကလီးယားစက်ရုံမှာ အလုပ်လုပ်တယ်။ သူအဖေအကြောင်း သူပြောပြတော့ သူ့အဖေတို့စက်ရုံက ဒါရိုက်တာက နယူးကလီးယား အကြောင်းဘာမှမသိဘူးတဲ့ ဟားဗက်ကနေ စီးပွားရေးအထူးပြုနဲ့ ပါရဂူဘွဲ့ရတယ်ဆိုပဲ။ သူအနေနဲ့ နယူးကလီးယားအကြောင်းကို အသေးစိတ်ဘာမှမသိပေမယ့် အလုပ်သဘာဝကို သူကောင်းကောင်းနားလည်ပါတယ် ဒါ့ကြောင့်လည်း သူကောင်းကောင်း စီမံခန့်ခွဲနိုင်တာပါ။ သူဒါတွေ မသင်ခဲ့ဘူးဆိုတာ မှန်ပါတယ် ဒါပေမယ့် အလုပ်သဘောမှာ လိုအပ်လာတော့ မလေ့လာဘူးဆိုတာတော့ မဟုတ်ခဲ့ဘူး။

နာမည်ကြီး အကြောင်းအရာကို ပြပါဆိုရင် ဒုတိယကမ္ဘာစစ်ထဲမှာ Operation Reserach အတွက် အင်္ဂလန်က တက္ကသိုလ်တွေကလူတွေ အများစုနဲ့ အမေရိကန်က တက္ကသိုလ်တွေက လူတွေစုပေါင်းပြီး အလုပ်လုပ်ကြတယ်။ တကယ်က Operation Reserach မှာက statistics, optimization, probability theory, queuing theory, game theory, graph theory, decision analysis, mathematical modeling and simulation တွေကိုအ​ခြေခံတယ်။ အလုပ်လုပ်ကြတဲ့လူတွေထဲမှာ အဲဒါတွေနဲ့ မရင်းနီးတဲ့လူတွေ ပါနေတာတွေရှိပါတယ်။ Chairman တစ်ယောက်ဖြစ်တဲ့ Owen Wansbrough Jones ဟာ သင်္ချာသမားမဟုတ်ပဲ Chemist ဖြစ်တယ်။ ပိုထူးခြားတာက Conrad Hal Waddington ဟာ Biologist ဖြစ်ပါတယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် သူတို့တတွေအလုပ်ကို တာဝန်ယူပြီးကြိုးစားတယ် လိုအပ်တဲ့အရာကို ထပ်ပြီးလေ့လာတယ် သူတို့ရဲ့ကျွမ်းကျင်တဲ့ Analysis Skill တွေအသုံးချခဲ့တယ် ဒီလိုနဲ့ပဲ စစ်အတွင်းက အသုံးချနိုင်ခဲ့တဲ့ Operation Reserach ထွက်လာတာပါပဲ။

ဒီနေရာမှာ ဘာမှမတတ်ပဲ လုပ်ချင်တဲ့အလုပ် လုပ်လို့ရတယ်လို မဆိုလိုပါဘူး အရေးကြီးတာက လိုက်လျောညီထွေပြောင်းလဲမှု့နဲ့ ကြိုးစားမှု့ပါပဲ ကိုယ်ပိုင်အရည်အချင်းလည်း အရေးကြီးတယ်။ တကယ်တော့ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းဆိုတာကိုက အတော်ကြိုးစားပျိုးထောင်ရတာပါ လွယ်တယ်တော့ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ်ဝါသနာပါတဲ့အလုပ် ကျွမ်းကျင်တဲ့အလုပ်ကို လုပ်ခွင့်ရတဲ့လူဟာ ၁၀၀ မှာ ၁ ယောက်ရှိတာမဟုတ်ပါဘူး အဲဒီ့လို လုပ်ခွင့်မရလို့ အခွင့်အရေးမရလို့ ကျဆုံးမယ်ဆိုရင် ၉၉ ယောက်လုံး ကျဆုံးကုန်မှာပေါ့။ တကယ်တော့ ရောက်ရာအရပ်မှာ ကျရာအလုပ်မှာ ထူးချွန်အောင်နေတတ်ရင် အရာရာအဆင်ပြေပါတယ်။

comments powered by Disqus