Calm Hill My Random Thoughts

သူငယ်ချင်းပြောတဲ့ တရုတ်စာသင်နည်း

ရုံးနားကကန်တင်းက ခေါက်ဆွဲဆိုင်ရောက်ရင် အမြဲဒုက္ခရောက်တတ်တာက တရုတ်မကြီးက အင်္ဂလိပ်လိုမပြောတတ်ပါဘူး မှာချင်ရင် ခေါက်ဆွဲပန်းကန်ပုံတွေကို လက်ညှိုးထိုးမှာရတယ် ကိုယ်ကဟိုဟာဒီဟာ စုံစီနဖာထည့်ချင်ရင် ပြဿနာတက်ပါတယ် လုစကားဝမသိ ဝစကားလုနားမလည် ဖြစ်ရပါတယ်။ ကိုယ်ကလည်း တရုတ်စကားဆိုလို့ သူတို့ပြောတဲ့စကားထဲမှာ တစ်ကျပ်ကနေ သုံးကျပ်အထိပဲ နားလည်ပါတယ် သုံးကျပ်ကျော်ရင် လက်ညှိုးထောင်ပြရတယ်။ အဲဒီ့အကြောင်းကို သူငယ်ချင်းနဲ့စကားစပ်မိတော့ သူငယ်ချင်းကရယ်ပါတယ် အစ်ကိုကလည်း ညံ့လိုက်တာတဲ့ တရုတ်မကြီးတရုတ်စာ သင်လိုလုပ်ရင်ချက်ချင်း တတ်တယ်ဆိုတော့ ကိုယ်လည်းစိတ်ဝင်စားမိတယ် ဘယ်လိုသင်သလဲငါ့ပြောပြလို့ ချော့ချက်မေးတော့ သူငယ်ချင်းက တရုတ်စာသင်တဲ့ပုံပြင်ပြောပါတယ်။ တစ်ခါက မြို့တစ်မြို့မှာ တရုတ်လင်မယား နှစ်ယောက်ရှိသတဲ့ အဲဒီ့မှာတရုတ်မကြီးက စာမတတ်ဘူး။ တစ်ရက်တော့ ယောက်ျားဖြစ်သူက မိန်းမကိုပြောတယ် မင်းအလကားနေအားနေတာ စာသွားသင်ပါ တရုတ်ဖြစ်ပြီးတရုတ်လို မရေးတတ်တာ သိက္ခာကျတယ်ပေါ့ အဲဒီလိုပြောတော့ တရုတ်မကြီး တရုတ်စာသွားသင်တယ်။ တရုတ်စာသင်တန်းကလည်း တစ်နှစ်သုံးလေးက စသင်တာပေါ့ ပထမရက်မှာ တစ် ကိုအရေးသင်တယ် တစ်ဆိုတော့ ဒုတ်ချောင်းတစ်ချောင်းခြစ်ပေါ့။ နောက်ရက်ကျတော့ နှစ်ဆိုတော့ ဒုတ်ချောင်း နှစ်ချောင်းခြစ်။ သုံးရက်မြောက်ကျတော့ ဒုတ်ချောင်းသုံးချောင်း။ အဲလိုနဲ့လေးရက်လည်း ရောက်လာတော့ တရုတ်မကြီးက သင်တန်းမသွားတော့ဘူး ယောက်ျားကမေးတော့ ငါတရုတ်စာတတ်ပြီတဲ့ သင်စရာမလိုတော့ဘူး ငါလည်းသင်တန်းဖွင့်မယ်ဆိုပြီး လုပ်တော့တာပဲ။ အဲဒါနဲ့ တရုတ်မကြီးတရုတ်စာ သင်တန်းဖွင့်တော့တာပဲ တရုတ်မကြီးဖွင့်တဲ့ သင်တန်းဆိုတော့ သင်တန်းသားကလည်း ဖွင့်တဲ့ရက်မှာပဲ အတော်များတယ်ဆိုပဲ။ သင်တန်းစစချင်းပဲ တရုတ်မကြီးက တရုတ်စာဆိုတာ အင်မတန်လွယ်တယ် ကနေ့မင်းတို့ကို ကိန်းဂဏန်းရေးနည်းကနေ စသင်မယ်ဆိုပြီး စုတ်တံတစ်ချောင်းကိုယူ မင်အိုးထဲနှစ်လိုက်တယ် တစ်ဆိုရင် ဒီလိုတစ်ခြစ်ခြစ်ရတယ် နှစ်ဆိုရင် နှစ်ခြစ်ခြစ်ဆိုပြီး အားရပါးရသင်တော့တာပဲ။ အဲလိုနေတုံးကို စပ်စပ်စုစုကလေးတစ်ယောက်က တစ်ရာဆိုရင် ဘယ်လိုရေးသလဲ တီချယ်ဆိုပြီး ထပြီးတော့မေးတယ်။ အဲဒီ့မှာ တရုတ်မကြီးက ဒါကဖြတ်လမ်းနည်းရှိတယ် သင်အထောက်အကူ ပစ္စည်းလိုတယ်ဆိုပြီး မှန်တင်ခုံပေါ်က ခေါင်းဘီးကိုသွားယူပြီး မင်အိုးထဲကိုနှစ်လိုက်တယ် ပြီးတော့မှ စာရွက်ပေါ်ကို ခြစ်ချလိုက်တယ် အဲဒါတစ်ရာပဲ ငါ့တပည့်ဆိုပြီးသင်လိုက်တော့တယ်။ တရုတ်မကြီးရဲ့ တရုတ်စာသင်နည်းကို ရဖို့ကိုသူငယ်ချင်းကို မနည်းချော့မော့ ပြောပြခိုင်းလိုက်ရတယ်။ ပြောပြီးတော့ သူကကိုယ့်ကိုပြန်ရစ်တယ် ငါကတော့ ပုံပြင်အရ တစ်ရာအထိပဲ ရေးတတ်တယ်တဲ့ နင်ဆိုရင် တစ်ထောင်ဘယ်လို ရေးမလဲဆိုတော့ အတော်ခက်တယ် ဆံပင်ဖြူအောင် တစ်မျိုးလှည့်လာပြန်တယ်။ မဟုတ်လည်း ကြမ်းပိုးလိပ်ဖြစ်အောင် ပြောတတ်တာပဲ အဲဒါနဲ့ ဘီးစိတ်တစ်ချောင်း ဆောင်ထားရင်ဖြစ်တာပဲလို့ ပြောလိုက်ပါတယ်။