Calm Hill My Random Thoughts

ယွန်းချို သို့မဟုတ် Yunghkio

ဒီနှစ်ပိုင်းမှာ ယူနီကုဒ်အသုံးအစွဲ တက်လာပါတယ် အရင်နှစ်ကကိုယ်သုံးတော့ သုံးတဲ့လူသိပ်မရှိတော့ ဖတ်လို့ရအောင် Converter ထည့်ထားပါတယ် အခုတော့အဲဒါပါ ဖြုတ်လိုက်ပါတယ်။ ယူနီကုဒ်သုံးတော့ ကြည့်လို့မကောင်းတာရယ် ဖောင့်စာလုံးသေးတာရယ် လူအပြောများပါတယ်။ ဟုတ်ပါတယ် မြန်မာ ၃ ဖောင့်ဟာ စာလုံးသေးပါတယ် နောက်ပြီးတော့ ဗမာစာပုံက သူ့နည်းသူ့ဟန်နဲ့ရှိပေမယ့် အင်္ဂလိပ်စာလုံးကတော့ ရုပ်ဆိုးပါတယ် နောက်ပြီးပိတောက်ဖောင့်ကတော့ ဗမာစာစာလုံးပုံစံ အတော်လေးရုပ်ဆိုးပါတယ်။ သူငယ်ချင်းတစ်ယောက်က ကွန်ပျူတာတက္ကသိုလ်မှာ မဟာတန်းကျမ်းပြုစုတော့ ရှမ်းစာအတွက် ယူနီကုဒ်စနစ်တစ်ခု လုပ်ခဲ့ပါတယ် အဲဒါကြောင့်သူက ဖောင့်တွေအကြောင်း ကောင်းကောင်းနားလည်ပါတယ်။ သူ့ကိုဗမာစာအတွက် ဖောင့်တစ်ခုလုပ်ပေးဖို့ အကူအညီတောင်းဖူးတယ် ပရောဂျက်တစ်ခု အနေနဲ့လုပ်မယ် စိတ်ကူးခဲ့တယ် ဒါပေမယ့် အဲဒီ့ပရောဂျက်ပျက်သွားခဲ့တယ်။ ဒါပေမယ့်သူငယ်ချင်းက သူ့ဟာသူဆက်လုပ်ခဲ့လို့ ဖောင့်တစ်ခုတော့ အကြမ်းရလာခဲ့ပါတယ် အရင်နှစ်ကတည်းက ပေးထားပေမယ့် သုံးမယ့်လူသိပ်မရှိတာနဲ့ အသေးစိတ်မစမ်းနိုင်ခဲ့ပါဘူး။ ယူနီကုဒ်တွေ အပြောင်းအလဲလုပ်တာများတော့ ဖောင့်မလှဘူးအော်ကြဟစ်ကြတော့ လုပ်ထားတဲ့ဖောင့်အကြမ်းကို သတိရလို့စမ်းကြည့်တယ် လက်ရှိဖောင့်တွေထက် စာလုံးကြီးသလို လှလည်းလှပါတယ် ဒါပေမယ့်အမှားတွေရှိပါတယ်။ အဲဒါနဲ့ သူငယ်ချင်းကိုဆက်သွယ်ပြီး အမှားတွေကိုအရင်ဆုံး အကြမ်းပြင်ခိုင်းရပါတယ် တိုက်ဆိုင်ချင်တော့ စေတန်က Font Embed လုပ်မယ်ဆိုတော့ လိုင်စင်ကိစ္စအဆင်ပြေရင် အဲဒီ့ဖောင့်ကို ယူသုံးချင်တယ်ပြောလို့ အဆင်ပြေလို့သုံးဖြစ်ပါတယ်။ ဖောင့်နာမည်က မူရင်းနာမည်က ရှမ်းနာမည်ပါ ဒါပေမယ့် ဗမာလိုခေါ်ချင်ရင်တော့ ယွန်းချိုလို့အသံထွက်မယ်လို့ သူငယ်ချင်းက အကြံပေးပါတယ်။ ဘာအဓိပ္ပာယ်လဲမေးရင် ဒေါင်းစိမ်းလို့ အဓိပ္ပာယ်ရပါတယ်။ တစ်ချိန်က ကျွန်တော်တို့နှစ်ယောက် သင်တန်းတစ်ခု အတူတူဖွင့်ရင်း စာသင်ခဲ့ကြဖူးပါတယ် သင်တန်းတံဆိပ်က ဒေါင်းအစိမ်းရောင်လေးပါ အဲဒါကိုအမှတ်တရ နာမည်ပေးထားတယ်လို့ပြောပါတယ်။ ယူနီကုဒ်ဖြစ်တဲ့အတွက် ဖောင့်တစ်ခုထဲမှာ ဘာသာစကား အမျိုးမျိုးသုံးလို့ရပါတယ် လက်ရှိအနေနဲ့ယွန်းချိုမှာ ဗမာ၊ ရှမ်း၊ ပလောင်၊ ပအိုဝ် ဘာသာတွေအတွက် အထောက်အပံ့ပေးထားပါတယ်။ အကယ်၍များ အခြားသောဘာသာစကားတွေအတွက် အလုပ်လုပ်နေတဲ့လူ ရှိရင်လည်းယွန်းချိုမှာ ထည့်ပေးလို့ရအောင် ဘယ်ဘာသာကိုမဆို ဖိတ်ခေါ်ပါတယ်။ လက်ရှိအနေနဲ့ ယွန်းချိုဖောင့်ကို Version 1.1.1 အနေနဲ့ ရယူနိုင်ပါတယ်။ အကယ်၍သုံးရင်းနဲ့ အမှားတွေ့ရင်လည်း ကူညီတဲ့အနေနဲ့ မှားနေကြောင်း ပြောပြနိုင်ပါတယ် အမှားတင်ပြချက်တွေကို နောက်ထွက်မယ့် Version မှာပြင်ဆင်နိုင်မှာ ဖြစ်တဲ့အတွက် မှားတာပြောပြလေလေ လုပ်တဲ့လူက ကျေးဇူးတင်လေလေပါ။ အောက်မှာပြထားတဲ့ ဝဘ်ဆိုက်မှာ ယွန်းချိုဖောင့်နောက်ဆုံး Version များကိုရယူနိုင်ပါတယ်။ ကီးဘုတ်များကိုတော့ ကြိုက်နှစ်သက်ရာ Keyman, NHM, အက္ခရာ စတာတွေနဲ့ရိုက်လို့ရပါတယ် ယူနီကုဒ်ဖြစ်တဲ့အတွက် ဖောင့်တစ်ခု ကီးဘုတ်တစ်ခု သီးသန့်မလိုအပ်ပါဘူး မိမိတို့ကြိုက်နှစ်သက်ရာ ပေါင်းစပ်သုံးစွဲနိုင်ပါတယ်။
http://www.yunghkio.com/unicode/