Calm Hill My Random Thoughts

ဆရာသမားနဲ့တစ်နေ့တာ

Amazon Web Services ကနေလုပ်တဲ့ Seminar ကိုသွားဖြစ်တယ် ပြောမယ့်ဟာတွေက သိပြီးသားတွေမှန်းသိပေမယ့် အသစ်များပါမလား ဘာများလက်ဆောင်ရမလဲ မသိဘူးပေါ့လေဆိုပြီး သွားလိုက်ပါတယ် မပြောခင်စောစောရောက်တော့ သဘောအကျမိဆုံးက အသားညှပ်ပေါင်မုန့်နဲ့ ကိတ်မုန့်အပုံလိုက်ကြီး မြင်လိုက်ရတာပါပဲ နားမထောင်ခင် အစားတော့ဝမှဖြစ်မယ်ဆိုပြီး အားနာနာနဲ့ ပေါင်မုန့်လေး လေးငါးဆယ်ခု ကိတ်မုန့်လေး နှစ်ခုလောက် စားမိပါသေးတယ်။ Seminar စပြီး မိနစ် ၂၀ လောက်မှာ နောက်ဆုံးကနေ လူတစ်ယောက်ဝင်လာတာ သတိထားလိုက်မိတယ် နောက်ဆုံးမှ ဝင်လာပေမယ့် ဘယ်သူမှမထိုင်တဲ့ ရှေ့ဆုံးကခုံတန်းကို သွားထိုင်ပါတယ် လူပုံကရင်းနီးလွန်းလို့ အသေအချာကြည့်မိတော့ တစ်ချိန်က ကိုယ့်ရဲ့ကျမ်းကို ကြီးကြပ်ပေးခဲ့တဲ့ ဆရာအရင်းခေါက်ခေါက် ဒေါက်တာဗီဗက် ဖြစ်နေလို့ အံ့ဩမိတယ် တကယ်တော့ Academic ကလူဟာ Industry က Seminar ကိုလာတယ်ဆိုတာ မရှိဘူးမဟုတ်ပေမယ့် နည်းပါတယ်။ Seminar ပြီးသွားတော့ ဆရာ့ကို သွားပြီးနှုတ်ဆက်ဖြစ်တယ် သူ့နောက်ကနေ ပရော်ဖက်ဆာလို့ ခေါ်လိုက်တော့ အလန့်တစ်ကြားလှည့်ကြည့်တယ် ကိုယ့်ကိုမြင်တော့ ဘာလုပ်နေသလဲ အခုဘယ်မှာအလုပ်လုပ်နေသလဲ ငါ့ကိုမင်းရဲ့ လိပ်စာကဒ်ပေး အားရင်ငါ့ဆီကိုအီးမေးပို့ပြီး အဆက်အသွယ် မပြတ်ပါစေနဲ့လို့ ဝမ်းသာအားရပြောတယ်။ ပြီးတော့ မင်းအားရင် ငါစကားပြောချင်ပါသေးတယ် စောင့်နိုင်ရင်စောင့်ပါဦးဆိုလို့ စောင့်ပါ့မယ်ဆရာ လုပ်စရာရှိတာ ပြောစရာရှိတာ ပြောလိုက်ပါဦး အားမနာပါနဲ့လို့ဆိုပြီး အားမနေရအောင် မုန့်ဗန်းတွေနားသွား ထပ်စားရင်းစောင့်နေပါတယ်။ ကိုယ့်လိုပဲ အားကျမခံလာစားတဲ့ လူတွေကို စကားစပ်ပြီး ဘာအလုပ်လုပ်သလဲ လျှောက်မေးလျှောက်ပြော။ ဆရာစကားပြောပြီးလို့ လာခေါ်တော့ ကိုယ့်တစ်ယောက်ထဲ ကျန်ပါတော့တယ်။ ဆရာတပည့်နှစ်ယောက် နေ့လည်စာအတူ မစားဖြစ်တာကြာပြီ စားကြမယ်ဆိုပြီး သွားလိုက်တာ Lau Pa Sat ကိုရောက်တယ်။ ထမင်းစားရင်း အတော်စကားပြောဖြစ်တယ် ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုမေးတယ် ဘာတွေလုပ်လို့ရမလဲ သူ့စိတ်ထဲကအကြံဉာဏ်လည်း ပြောပြပါတယ်။ သူလုပ်ချင်တာတွေလည်း ကိုယ့်ကိုပြောပြီး ဖြစ်နိုင်မဖြစ်နိုင် အတော်လေး စကားပြောဖြစ်ကြတယ်။ ဆရာဆိုတော့ ဆရာပါပဲလို့ ပြောရမယ် ဆုံးမစရာရှိတာ အမြဲဆုံးမပါတယ် ရှေ့ဆက်ဖို့ဆို အလုပ်တစ်ခုမှ နှစ်အကြာကြီးမလုပ်ဖို့ အသေအချာမှာတယ်။ အခုလို Seminar တွေလည်း မကြာမကြာတက်ဖို့ တိုက်တွန်းတယ် Seminar လာရင်လည်း စောစောလာပြီး တွေ့တဲ့လူနဲ့စကားပြောရမယ် တတ်နိုင်သလောက် အရေးပါတဲ့လူတွေနဲ့ စကားပြောရမယ် Seminar မှာလည်း အနည်းဆုံးတော့ ကိုယ့်ကိုသတိထားမိအောင် မေးခွန်းတစ်ခုတော့ အနည်းဆုံးမေးပါလို့ သတိပေးအကြံပေးပါတယ်။ ပြောရင်းနဲ့ မင်းကိုအရင်ကတည်းက ငါအတန်တန်မှာတယ် ရှေ့ဆုံးမှာထိုင်ပါဆိုတာ မင်းအခုလည်းနောက်ဆုံးမှာ ထိုင်နေတယ်လို့ဆိုလို့ ဆရာပဲစောစောလာဆိုပြီး ဆရာကျဘာလို့ နောက်ကျနေသလဲလို့ ပြန်မေးမိလို့ နှစ်ယောက်သား ရယ်လို့မဆုံးတော့ဘူး။ ဆရာတပည့်နှစ်ယောက် စားသောက်ပြီးထွက်လာတော့ တစ်ခြားဝိုင်းက ကောင်လေး ၅ ယောက်လောက်က ဆရာ့ကိုလာနှုတ်ဆက်တယ် ဆရာ့တပည့်တွေလားလို့ မေးကြည့်တော့ ဟုတ်တယ်တဲ့ ငါသူတို့ကို အတော်လေး နှိပ်စက်ခဲ့ဖူးတယ် ဒါတောင်ငါ့ကို သံယောစဉ်မကုန်ကြဘူးဆိုပြီး ပြောရင်းရယ်နေပါတယ်။ MRT နဲ့နှစ်ယောက်သား ပြန်လာခဲ့ပြီးတော့ ကိုယ်သွားခါနီးတော့ မင်းကငါ့ရဲ့နောက်ဆုံး ကြီးကြပ်ပေးခဲ့တဲ့ တပည့်တစ်ယောက်ဖြစ်မယ်လို့ ပြောလို့လန့်သွားတယ်။ ပရော်ဖက်ဆာအလုပ်ကို ထွက်တော့မယ် ဇူလိုင်လကုန်တာနဲ့ ငါဆရာမဟုတ်တော့ဘူး Industry ကိုပြောင်းပြီလို့ပြောရင်း အဆက်အသွယ်မပြတ်ဖို့ မှာရင်းဆရာတပည့် နှစ်ယောက်လမ်းခွဲခဲ့ကြတယ်။