Calm Hill My Random Thoughts

တပည့်များနဲ့ခဏတာ

ရန်ကုန်ကိုအလုပ်နဲ့ ခဏရောက်ဖြစ်တော့ ဝေးဝေးမသွားနိုင်ပေမယ့် ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းတွေ စာသင်ပေးခဲ့ဖူးတဲ့ တပည့်တွေနဲ့ ပြန်တွေ့ခွင့်ရလိုက်တာ အမြတ်ထွက်တယ်လို့ဆိုရမယ်။ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်မသွားဖြစ်သေးခင် ၂ ပါတ်လောက်မှာ စာသင်ပေးဖူးတဲ့ တပည့်တစ်ယောက်က မှတ်မှတ်ရရ ရန်ကုန်ရောက်ရင် ဖုန်းဆက်ပါလို့ အီးမေးတစ်စောင်ပို့ထားတယ်။ ရန်ကုန်ရောက်ပြီး နောက်တစ်ရက်ပဲ ဖုန်းဆက်လိုက်တော့ သူတို့လည်းဘယ်လိုမှ မထင်ထားမိတော့ အတော်အံ့ဩသွားပြီး ညနေပိုင်းပဲလာခဲ့မယ်ဆရာဆိုပြီး တပည့်စုံတွဲ ရောက်လာတယ်။ တကယ်တော့ စာသင်ပေးဖူးလို့သာ တပည့်လို့ပြောရတယ် ကိုယ်နဲ့ရွယ်တူပါပဲ။ ဒီလိုပဲမုန့်စားရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြော ဝမ်းသာအားရနဲ့ပေါ့ ကိုယ့်ကိုကိုယ် လွန်ခဲ့သော ၄ နှစ်ကိုပြန်ရောက်သွားလို ခံစားလိုက်မိတယ် ပြန်ခါနီးနှုတ်ဆက်တော့ ဆရာအသက်ကြီးသွားတာ နည်းနည်းသိသာသွားပြီပြောမှ ပစ္စုပ္ပန်ကိုသတိရတော့တယ်။ ဒီလိုပဲပေါ့ အချိန်ဆိုတာ ရုပ်ဝတ္ထုတွေကို တိုက်စားသွားနိုင်တယ် မဟုတ်လား။

တပည့်တစ်ယောက်က အွန်လိုင်းမှာတွေ့လို့နှုတ်ဆက်လို့ နင်ဘယ်မလဲမေးမိတယ် ရန်ကုန်မှာဆိုလို့ ငါလည်းရန်ကုန်ရောက်နေတယ်လို့ ပြောလိုက်မိတော့ အခုလာခဲ့မယ် လှည်းတန်းဆိုရင် ၁ နာရီအတွင်းအရောက်ဆိုပြီး စိတ်မြန်လက်မြန်နဲ့ အွန်လိုင်းပေါ်ကဆင်းသွားလေရဲ့။ တကယ်တော့သူက တပည့်ထဲမှာ သက်တမ်းအရှည်ဆုံး တပည့်ထဲကတစ်ယောက်ပဲ ၅ နှစ်လောက် စာသင်ပေးခဲ့ဖူးတယ် နောက်ပြီးတော့ သူငယ်ချင်းရဲ့ညီမ အိမ်နာမည်ပဲသိတော့ တစ်ခါက Facebook မှာပြန်တွေ့တယ် နာမည်အရင်းနဲ့ဖြစ်နေတော့ ဘယ်သူပါလိမ့်လို့ အတော်စဉ်းစားယူရတယ်။ ၁ နာရီအတွင်းလာမယ်ပြောတယ် သို့ပေမယ့်ရောက်မလာတော့ အလုပ်ဆက်လုပ်နေမိတယ် ရုတ်တရက် ဆရာဆိုပြီး လူအများကြီးအော်ခေါ်တာ ကြားလိုက်မိတော့ လာမယ်ဆိုတဲ့တပည့်က သူတို့အတူတူစာသင်ခဲ့ကြတဲ့ တစ်ခြားလူတွေကိုပါ လိုက်ရှာပြီးခေါ်လာတာ လူအကုန်မဟုတ်ပေမယ့် အများကြီးပါပဲ။ ဘာပဲဖြစ်ဖြစ် အတော်ကိုဝမ်းသာမိတယ် ကိုယ်ကျောင်းပြီးတဲ့အချိန် သူတို့တွေက ပထမနှစ်တက်ခါစ စာသင်ပေးခဲ့တဲ့ ဆရာပေါက်စဘဝကို ပြန်ရောက်သွားသလို ခံစားမိတယ်။ ဆရာမုန့်မကျွေးတာကြာပြီ မုန့်ကျွေးပါဆိုလို့ ဆရာတပည့်တွေ စာမသင်ချင် သင်တန်းဘေးကမုန့်ဆိုင်မှာ ထိုင်ဆိုတဲ့ တစ်ချိန်တုံးက လက်သုံးစကားကို အမှတ်တရအဖြစ်နဲ့ မုန့်ဆိုင်ကို ချီတက်ကြတာပေါ့။

လှည်းတန်းနားက ကော်ဖီဆိုင်က စားပွဲထိုးကောင်လေးတွေက တစ်ရက်နှစ်ရက်အတွင်း ကိုယ့်ကိုမှတ်မိနေတယ် ဒီလူကြီးတစ်ရက်ကို လေးခါလောက်လာတယ် တစ်ခါလာတိုင်း လူတစ်အုပ်နဲ့လို့ ထင်နေမယ်ထင်တယ်။ ဆရာတပည့်တွေ တစ်ယောက်တစ်ပေါက် လက်ပံပင် ဆက်ရက်ကျဆိုလို အော်ဟစ်နေလို့ဘေးကလူတွေ အတော်စိတ်ညစ်သွားမယ်။ ပြောမနာဆိုမနာ တပည့်တွေဆိုတော့ သူတို့ကလည်း မလေးမစားရယ်လည်း မရည်မရွယ်ပါဘူး ဒါပေမယ့် ဆရာလို့သာခေါ်တာ သူငယ်ချင်းလိုဖြစ်နေတယ်။ စားပွဲထိုးကောင်လေးတွေက ပြုံးစိစိနဲ့ပေါ့ အင်္ကျီအပွကြီး ဖိနပ်ကတစ်တောင်လောက် မတော်တရော် အကြီးကြီးစီး ထီးကောက်ကြီးနဲ့ ဆံပင်ဖြူစုတ်ဖွားနဲ့လူကြီးကို ကလေးမတစ်သိုက်က ဆရာလို့လည်းခေါ်ကြတယ် သို့ပေမယ့်လည်း ရစရာမရှိအောင်လည်း ပြောနေကြတယ် ထင်ကြမယ်ထင်ပါတယ်။ ဘာတွေလုပ်နေကြသလဲ မေးကြည့်မိတော့ အားလုံးထဲမှာ သူငယ်ချင်းရဲ့ညီမ တစ်ယောက်ပဲ ပရိုဂရမ်မာလုပ်တယ် ကျန်တဲ့လူတွေက ကွန်ပျူတာနဲ့မသက်ဆိုင်ကြပါဘူး အများအားဖြင့် NGO အဖွဲ့တွေမှာ အလုပ်လုပ်နေကြတယ်။ ပရိုဂရမ်မာလုပ်တဲ့ တပည့်ကျော်က သမီးတစ်ယောက်ပဲ အဆင်းရဲဆုံးပါ ဆရာရယ်ဆိုလို့ စိတ်မကောင်းဖြစ်ရတယ်။ ငါမင်းအရွယ်တုံးက မင်းလောက်တောင် ဘဝကိုမစနိုင်သေးပါဘူးလို့ ပြောမိတော့ စိတ်ဓာတ်မကျပါဘူး အောင်မြင်တဲ့အထိလုပ်မှာပါ ဆရာလို့ပြောလာတော့ ဝမ်းသာမိပါတယ်။

ကိုယ်ကအချိန်ရပေမယ့် သူတို့လည်းအလုပ်ကိုယ်စီနဲ့ အချိန်မရကြတော့ဘူး တပည့်တစ်ယောက်က ရခိုင်ဘက်ခရီးထွက်ရမယ် သွားတော့မယ်ဆရာဆိုပြီး အရင်ဆုံးနှုတ်ဆက်ပြီး ထွက်သွားတယ်။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတယ် နောက်ဆုံးကျန်ခဲ့တာ ပရိုဂရမ်မာလုပ်တဲ့တပည့်ရယ် သူ့သူငယ်ချင်းရယ် သူတို့နဲ့တော့ အတော်ကြာကြာစကားပြောဖြစ်တယ် ဘာဆက်လုပ်သင့်သလဲ အခုဘာတွေလုပ်နေသလဲ ပြောပြလို့အကြံပေးနိုင်တာပေးပေါ့လေ။ သူတို့ပြန်သွားတော့ဆိုင်မှာ အတော်ကြာကြာထိုင်နေမိသေးတယ်။ လွန်ခဲ့သော လေးငါးနှစ်အတွင်းမှာ ကိုယ့်ဘဝထဲမှာ အတော်များများ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့တယ်။ မောင်နီသင်းရေးတဲ့ အလွမ်းနာဆိုတဲ့ ကျောင်းဆရာဘဝကို ရုံးအရာရှိဘဝကနေ တမ်းတနေမိတဲ့ အက်ဆေးကိုသတိရမိတယ်။ ကိုယ်လည်းဘဝတူပါပဲ အရာရာပြောင်းလဲသွားပေမယ့် တပည့်တွေကမပြောင်းမလဲ ကျန်နေခဲ့တယ် အဲဒီ့ဘဝကိုပြန်လွမ်းမိပေမယ့် ပြန်သွားလို့လည်း မဖြစ်နိုင်မှန်းလည်း သိပြီးသားပဲမဟုတ်လား ဆရာတပည့်တွေ ခဏလောက်ပြန်ဆုံရတာကိုပဲ ဝမ်းသာလွန်းလှပါပြီ အချိန်တွေဘယ်လောက် တိုက်စားသွားပါစေ ဆရာတပည့်သံယောစဉ်တွေက ပျောက်ပျက်မသွားနိုင်ပါဘူးလေ။

comments powered by Disqus