Calm Hill My Random Thoughts

ဒိုဂျိုသို့အလည်တစ်ခေါက်

မန္တလေးကိုခဏပြန်ရောက်တော့ အိုက်ကီဒိုသင်တန်းကို အရောက်မဖြစ် ရောက်ပါတယ် သွားခဲ့တာနှစ်တွေကြာခဲ့တော့ တစ်ချိန်က ကိုယ်သင်ပေးခဲ့တဲ့ သင်တန်းသားတွေကိုပဲ လက်ထောက်ဆရာတွေ ဖြစ်နေကြပြီပေါ့ တစ်ညပဲနေမှာဖြစ်လို့ မတွေ့လိုက်ရဘူး ဖြစ်မှာစိုးရိမ်လို့ ဆက်သွယ်လို့ရသမျှ သင်တန်းသားတွေကို မန္တလေးမသွားခင် အရင်ဆုံးဆက်သွယ်ရတယ်။ ညနေပိုင်းရောက်တော့ ဝတ်စုံလေးအိပ်ထဲထည့်ပြီး သင်တန်းဘက်ထွက်လာခဲ့တယ် သင်တန်းရှေ့ဆိုင်ကယ်ရပ်မိတော့ သင်တန်းထဲကနေ သင်တန်းသားတွေက ဆရာဆိုပြီးဝိုင်းနှုတ်ဆက်ကြတယ်။ မြင်ဖူးတဲ့လူရော မမြင်ဖူးတဲ့လူရော ရှိသမျှလူအကုန် ဆရာခေါ်နေကြတော့ ကိုယ်မရှိတော့ပေမယ့် အမှတ်တရရှိနေကြသေးတဲ့အတွက် အတိုင်းမသိဝမ်းသာမိတယ်။

သင်တန်းကတော့ အရင်လိုပဲမှောင်မှောင်မဲမဲ ဖုန်တစ်လုံးလုံး သဲတစ်လျှပ်လျှပ်နဲ့ပေါ့ ဒါပေမယ့် ဒီနေရာကိုပြန်ရောက်လာဖို့ မျှော်လင့်ခဲ့မိတာ နှစ်အတော်ကြာတဲ့အထိ ပြန်မရောက်နိုင်ခဲ့ဘူး ပြန်ရောက်လာတော့ အရင်လိုပဲ စိတ်အင်အားတွေ ပေးနိုင်နေတုံးပါပဲ။ အင်္ကျီလဲလိုက်ဦးမယ်ဗျဆိုတော့ သင်တန်းသားတွေက ဆရာက ကစားဦးမှာလားဆိုတော့ မကစားပဲနဲ့သင်တန်းကို ဘာလုပ်ဖို့လာခဲ့မလဲ နောက်ပြီးတော့ အင်မတန်ဝန်ကျယ်တဲ့ သင်တန်းဝတ်စုံတွေကို မိုင်ထောင်ချီ ခရီးအဝေးကြီးဘာဖြစ်လို့ သယ်ခဲ့ဦးမှာလဲလို့ မေးချင်မိတော့တယ်။ မိုးယိုနေတော့ ဗွက်တွေနဲ့ဆရာ့ အင်္ကျီပေမယ်ဆိုတော့ အရင်လည်းဒီလိုပဲ စုတ်စုတ်ပြတ်ပြတ် ကစားတာပါပဲဗျာလို့ ပြန်ပြောချင်မိတော့တယ်။ ဆရာကြီးကတော့ ရန်ကုန်သွားနေလို့ သင်တန်းမှာမရှိ ဒါပေမယ့်ကိုယ့်ကို သင်ပေးခဲ့ဖူးတဲ့ လက်ထောက်ဆရာရှိနေတယ် တွေ့လိုက်တော့ ဆရာလို့ ဝမ်းသာအားရခေါ်ပြီးတော့ အလေးပြုလိုက်မိတယ်။

ဆရာကခြေထောက် ဒဏ်ရာရထားလို့ ခင်ဗျားရောက်တာအတော်ပဲ သင်တန်းဒီနေ့အတန်းကို ခင်ဗျားကိုင်ပေးဆိုလို့ တစ်ရက်တာဝန်ယူလိုက်တယ်။ သင်တန်းသားတွေကို အားလုံးကျွမ်းထိုးကြမယ်ဆိုပြီး နမူနာထိုးပြလိုက်တော့ မိုးရွာထားလို့အခင်းတွေပေနေလို့ ကျောမှာတံဆိပ်နှိပ်ပြီးသား အမှတ်တရဖြစ်သွားတယ်။ ပြီးတော့ ဂျူနီယာတွေနဲ့ စီနီယာတွေကို တစ်ဝက်စီခွဲပြီး အခြေအနေကြည့်ပြီးတော့ သင်လို့ရမယ့်ဟာတွေ သင်ပေးခဲ့မိတယ် ကြမ်းကြမ်းတမ်းတမ်းကစားတာတွေကို နည်းစနစ်အဆင်ပြေနေရင် မပြင်ပေးမိတော့ဘူး ဖြစ်စေချင်တာက ဝုန်းကနဲပြုတ်ကျသွားမည့်အစား ငြင်ငြင်သာသာပဲ လိမ့်ထွက်သွားစေချင်ပေမယ့် တစ်ညနဲ့တော့ ပြင်မပေးနိုင်မှန်းသဘောပေါက်လို့ မပြင်ခဲ့မိတော့ဘူး။

သင်တန်းပြီးတော့ သင်တန်းသားတွေက ထမင်းကျွေးမယ်ဆရာဆိုလို့ အကင်ဆိုင်ကိုရောက်ဖြစ်တယ် စကားမပြောဖြစ်တာကြာလို့ ရှေးဟောင်းနှောင်းဖြစ်တွေပြော ရယ်လိုက်မောလိုက် လက်ဘက်ရည်ဆိုင်နဲ့ အကင်ဆိုင်ပဲကွာခြားတယ် လွန်ခဲ့တဲ့သုံးလေးနှစ်ကို ပြန်ရောက်သလိုပဲ ခံစားမိတော့တယ်။ သင်တန်းသားတွေကလည်း ကိုယ့်တော့လူငယ်လည်းဖြစ်နေတော့ သူငယ်ချင်းလိုပဲဖြစ်နေတယ် သူတို့ရဲ့သင်တန်း ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ပြောပြကြပါတယ် ကိုယ်လည်းနားထောင်ပြီး အကြံပေးနိုင်တာပေးရတယ်။ တကယ်တော့ တာဝန်တွေပိုလာတာပါ ကိုယ်တိုင်က အိုက်ကီဒိုကိုပဲလေ့လာမယ် သင်တန်းပြဿနာတွေ အဖွဲ့အစည်းအစွဲအလမ်းတွေ မထားဘူးလို့ဆုံးဖြတ်ထားပေမယ့် ကိုယ့်သင်တန်းကိစ္စတော့ ပါသင့်ပါသေးတယ်လို့ ချို့ယွင်းချက်စာရင်းမှာ ထည့်ထားပြီး ကူရှင်းပေးပါ့မယ်လို့ ကတိပေးခဲ့မိတယ်။ အချိန်တန်တော့ လူစုခွဲခဲ့ကြပြန်တယ် သင်တန်းသားတစ်ယောက်က အိမ်လိုက်ခဲ့မယ်ဆိုလို့ အိမ်ကိုခေါ်ခဲ့ပြီးတော့ ကိုယ်အနှစ်နှစ်အလလ ခိုးထားခဲ့တဲ့ အိုက်ကီဒိုဗီဒီယိုတွေကို ကူးထည့်ပေးလိုက်တယ် ကိုယ်မရှိပေမယ့် သူတို့အတွက် အထောက်အကူတစ်ခု ဖြစ်နိုင်မယ်ဆိုရင်ပဲ အတော်လေးဝမ်းသာမိမယ်ထင်ပါတယ်။