Calm Hill My Random Thoughts

မြီးရှည်

မိန်းကလေးဆိုတော့ အချက်အပြုတ်တတ်ရမယ်ပေါ့ သို့ပေမယ့် အချက်အပြုတ် မတတ်တဲ့ညီမတစ်ယောက် ရောက်လာလို့ပိုချက်ရတဲ့ အစ်ကိုဘဝကပိုဆိုးတယ် ခေါ်ရမယ်ထင်ပါတယ်။ အစ်ကိုကြီးမြီးရှည် လုပ်ပေးပါဆိုလို့ ဈေးခြင်းဆွဲပြီးမြီးရှည်သည် ဇာတ်လမ်းစခဲ့ရတယ်။ တကယ်တော့ မန္တလေးမြီးရှည်ဆိုတာက သော်တာဆွေစကား အငှားပြောရရင် ဗမာသုပ်တဲ့တရုတ်မုန့်တီ လို့ပြောလို့ရမယ်။ အရပ်ထဲမှာနေ့လည်ဆို အထမ်းလေးတွေနဲ့ လာလာရောင်းတယ်။ အထမ်းတစ်ဘက်မှာ မီးဖိုးပေါ်မှာ ရေအိုးကိုတင်ပြီးဟင်းချိုရည်အိုးပါပြီး တစ်ဘက်မှာတော့ ပန်းကန်ခွက်ယောက်နဲ့ ပြင်စရာဆင်စရာ အဆာပလာထည့်ထားတဲ့ မတ်ခွက်လေးတွေ စီစီရီရီနဲ့ပေါ့။

မုန့်တီဖတ်လေးနဲ့ ပဲပင်ပေါက်လေး နည်းနည်း ပန်းကန်လုံးထဲထည့် မုန့်ဖတ်ကိုဟင်းချိုအိုးထဲ ထည့်မပြုတ်ပါဘူး ပန်းကန်ထဲကိုသာ ဟင်းချိုရည်လေး တစ်မှုတ်လောက်ထည့်ပြီး မုန့်ဖတ်ကိုအပူပေးပြီး ဟင်းချိုကိုအိုးထဲ ပြန်ထည့်ပါတယ်။ ပဲငပိလေးနည်းနည်း တရုတ်နံနံနဲ့ကြက်သွန်ဖြူလေး အရည်ဖျော်ထားတာထည့် ဂျုံလုံးကြော်လေးနဲ့ ဝက်ခေါက် ဝက်သား ဝက်ဆီဖတ်လေးနဲ့ပေါ့ အထမ်းလေးဘေးမှာ ခွေးခြေခုံပုလေးတွေနဲ့ ထိုင်စားရတယ်။ စားပြီးတော့လည်း ဟင်းချိုရည်ကို ပန်းကန်ခြွေတာတဲ့အနေနဲ့ စားလို့ကုန်တဲ့ ပန်းကန်ထဲကို ပဲငပိလေးရယ် တရုတ်နံနံနဲ့ကြက်သွန်ဖြူထောင်းလေးထည့်ပြီး ဟင်းချိုရည်လေး သောက်ကြရတယ်။

လူတွေကလည်း မြီးရှည်ဆိုရင် ဆိုင်နဲ့ကနားနဲ့ အတည်တကျရောင်းတဲ့ မြီးရှည်သည်ထက် အထမ်းလေးနဲ့ အသည်မှကောင်းတယ်လို့ အစွဲကလည်းရှိကြသေးတယ်။ အခုတော့ အရပ်ထဲလည်ရောင်းတဲ့ မြီးရှည်သည်လည်း မမြင်မိတော့ပါဘူး အကုန်လုံးလက်ဘက်ရည်ဆိုင် ရောက်ကုန်ကြတယ်။ နေရာသာပြောင်းသွားတယ် အခုခေတ်လည်း မြီးရှည်သည်က ရိုးရာမပျက် အထမ်းနဲ့ပါပဲ ဒါပေမယ့်သူတို့အထမ်းက လက်ဘက်ရည်ဆိုင်ပိတ်ချိန် ဆိုင်ထဲသွင်းလိုက်တာကလွဲရင် အရင်လိုမရွေ့နိုင်တော့ဘူး သို့ပေမယ့် နောင်လာနောက်သားကို မြီးရှည်ဆိုတာ အထမ်းနဲ့ရောင်းတာလို့ ပုံပြင်လိုပြောပြစရာ မလိုအပ်သေးတာပဲ ကျေးဇူးတင်ရမယ်ထင်တယ်။

ကိုယ်တိုင်လုပ်တဲ့ မြီးရှည်​လေး စားသွားကြပါဦးလား အထမ်းသည်တော့ မဟုတ်ဘူးပေါ့လေ အဲဒီတော့မကောင်းဘူးလည်း ယူဆနိုင်ပါတယ်။ ကုန်ကြမ်းတွေကတော့ ပြောစရာမလိုပါဘူးလေ ရှာလို့လွယ်ပါတယ် မုန်ညင်းချဉ်တစ်ခုပဲ မိတ်အင်ဘားမားလိုအပ်တယ် ကျန်တာအကုန် ဆိုင်မှာဝယ်လို့လွယ်ပါတယ်။ ဂျုံလုံးကြော်မကြော်အားလို့ အကြံအဖန်အနေနဲ့ အီကြာကွေးကို တောက်တောက်စဉ်း ထည့်ထားလိုက်တယ်။