Calm Hill My Random Thoughts

ဖတ်မိဖတ်ရာ တွေးမိတွေးရာ

အလုပ်ထဲကိုလူကို နှစ်ထားခဲ့တာ ကြာလာတော့ အလုပ်နဲ့ မပါတ်သက်တဲ့ စာတွေလည်း မဖတ်ဖြစ်တာ အတော်ကြာသွားတယ်။ အရင်တစ်ပါတ်ပိတ်ရက်မှာ The Soviet Story ကိုကြည့်ဖြစ်လိုက်တယ် The Soviet Story မှာတော့ ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်တော့ လူ့အဖွဲ့အစည်းအသစ် ပြန်တည်ထောင်မယ်ဆိုပြီး လူတန်းစားတစ်ခု ဒါမှမဟုတ်လူမျိုးစုတစ်ခုကို အကုန်လုံးအမြစ်မကျန် သတ်ခဲ့တာတွေ ယူကရိန်းမှာ အစားအသောက်တွေ ဖြတ်တောက်ပြီးတော့ အငတ်ဘေးနဲ့သေစေခဲ့လို့ ယူကရိန်း ၇ သန်းလောက် သေခဲ့တာတွေကို နာဇီပါတီက ဂျူးတွေကို အမျိုးပြုတ်သတ်ခဲ့တာနဲ့ ယှဉ်ပြထားတယ်။

The Soviet Story ကိုကြည့်ဖြစ်လိုက်ရာကနေ ဆက်မဖတ်ဖြစ်ပဲ ရပ်ထားခဲ့တဲ့ The Black Book of Communism. Crimes, Terror, Repression ပြန်ဖတ်ဖြစ်တယ်။ အဲဒီ့စာအုပ်ကတော့ ဆိုဗီယက်နိုင်ငံ တစ်ခုတည်းအကြောင်းမဟုတ်ပဲ ဆိုဗီယက်၊ ပိုလန်၊ စပိန်၊ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ လက်တင်အမေရိကနိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ ကွန်မြူနစ်နိုင်ငံထူထောင်ရင်း ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ရေးထားတာဖြစ်တယ်။

The Black Book of Communism ကွန်မြူနစ်မဟုတ်တဲ့လူတွေရေးတဲ့ စာအုပ်ဖြစ်နေတော့ ကွန်မြူနစ်မကောင်းတာကို ပိုပိုသာသာရေးမယ်လို့ ယူဆလို့ရနိုင်တော့ ဆန့်ကျင်ဘက်စာအုပ်ကိုလည်း လိုက်ရှာဖြစ်ပါတယ်။ The Black Book of Capitalism ဆိုတဲ့စာအုပ်က The Black Book of Communism ထွက်လာတဲ့အတွက် ထပ်ရေးကြတာဖြစ်ပါတယ်။ ဒါပေမယ့်အဲဒီ့စာအုပ်က အင်္ဂလိပ်လို ဘာသာပြန်ထားတာမရှိပဲ ပြင်သစ်လိုပဲရှိတဲ့အတွက် ကိုယ်လည်းမဖတ်နိုင်ပါဘူး။ ဒါပေမယ့် ရေးထားတဲ့ အခန်းလိုက်ခေါင်းစဉ်တွေကတော့ ဝီကီမှာကြည့်လို့ရတဲ့အတွက် သိနိုင်ပါသေးတယ်။ အရင်းရှင်စနစ်ကြောင့် ကျွန်အရောင်းအဝယ်တွေ ပထမကမ္ဘာစစ်ကြောင့် သေခဲ့တဲ့အရေအတွက်တွေ ကွန်မြူနစ်ဝါဒကြောင့် အာဖရိနိုင်ငံတွေ လွတ်လပ်ရေးရခဲ့တာတွေကို ရေးထားတာပါပါတယ်။

ဒီနှစ်ခုကိုယှဉ်ဖတ်တော့ စာအုပ်နှစ်အုပ်က ဟိုဘက်သည်ဘက် မကောင်းတဲ့အကြောင်း ရေးနိုင်ကြပါတယ်။ ဒါပေမယ့် ကွန်မြူနစ်နိုင်ငံတွေ ထူထောင်တော့လုပ်ခဲ့ကြတဲ့ Crimes, Terror, Repression တွေကိုတော့ The Black Book of Capitalism ကမဟုတ်ပါဘူးလို့ ငြင်းနိုင်စွမ်းမရှိခဲ့ဘူး။ မူရင်းကွန်မြူနစ်ဝါဒ ကောင်းမကောင်းဆိုတာထက် တော်လှန်ရေးဆိုပြီး ကွန်မြူနစ်နိုင်ငံတွေ တည်ထောင်ဖို့အတွက် Crimes မှန်းသိလျက်နဲ့ ကျူးလွန်ခဲ့ကြတာတော့ ကောင်းတယ်လို့ လက်ခံနိုင်ကြမယ်မဟုတ်ဘူး။ Capitalism ကြောင့်လည်း လူတွေအများကြီး သေခဲ့တယ်ဆိုလည်း လက်ခံနိုင်ပါတယ် ဒါပေမယ့် Capitalism ဖြစ်ဖို့ဆိုပြီး သတ်ဖြတ်ခဲ့တဲ့ Crimes အမျိုးအစားတွေတော့ The Black Book of Capitalism မှာမတွေ့မိဘူး။

ဆက်စပ်ပြီးတော့ ပြန်စဉ်းစားမိတာက အထက်တန်းမှာသင်ခဲ့တဲ့ သမိုင်းမှာသင်ခဲ့ကြရတဲ့ ဒုတိယကမ္ဘာစစ် အကြောင်းအရာတွေမှာ အီတလီ၊ ဂျာမဏီ၊ ဂျပန်တွေကိုပေါင်းပြီးတော့ ဖက်ဆစ်ဆိုပြီးပြောတယ် ဖက်ဆစ်ဝါဒဟာ အရင်းရှင်စနစ်ပျက်လိုလို စာတွေနဲ့သင်ကြတယ်။ တကယ်တော့ နာဇီဝါဒဟာ ဘယ်လိုစဉ်းစားစဉ်းစား အရင်းရှင်ဝါဒလည်း မဟုတ်ခဲ့ဘူး ဆိုရှယ်လစ် လွှမ်းမိုးမှုတွေပဲ တွေ့နိုင်တယ်တယ်။ ဗမာပြည် ဆိုရှယ်လစ်ခေတ်မှာရေးတဲ့ သမိုင်းစာအုပ်တွေဖြစ်လို့ ဟစ်တလာဟာ ဆိုရှယ်လစ်ဝါဒီဖြစ်ခဲ့တယ်လို့ မရေးတာတော့ ထူးဆန်းတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။