Calm Hill My Random Thoughts

ပရိုဂရမ်မာဋီကာ (၁)

အပျင်းကြီးတယ်ဆိုတာ ပရိုဂရမ်မာစစ်စစ်တွေရဲ့ ကြန်အင်လက္ခဏာများထဲက အရေးကြီးတဲ့ အချက်များထဲက တစ်ချက်ပေါ့ ဒီအချက်နဲ့ မပြည့်စုံရင် ထူးချွန်တဲ့ပရိုဂရမ်မာ ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်း အတော်နည်းပါတယ်။ တကယ်တော့ သူတိုရဲ့စိတ်ထဲမှာ အလုပ်တစ်ခုကို တစ်ခါလုပ်ပြီးရင် ထပ်မလုပ်ချင်ပဲ လုပ်ပြီးသားအလုပ်ကို ပြန်သုံးချင်တဲ့ အပျင်းကနေအစပြုပါတယ်။

ဂဏန်းလေးနှစ်လုံး ပေါင်းချင်တယ်ဆိုပါစို့ စိတ်နဲ့မပေါင်းချင်တောင် ဂဏန်းပေါင်းစက်လေးယူပြီး ပေါင်းပေးလိုက်ရင် ချက်ချင်းအဖြေထွက်တာပေါ့ အဲဒါကိုနောက်တစ်ခါ လာခိုင်းနေရင် လုပ်ပေးရမှာစိုးတော့ ပေါင်းတဲ့ပရိုဂရမ်လေး တစ်ခုရေးပေးလိုက်တာ ကောင်းပါတယ် ပြီးမှပေးလိုက်ရင် သူ့ဟာသူတွက်ပေါ့ နောက်တစ်ခါ ငါအလုပ်ရှုပ်သက်သာတယ်ဆိုပြီး Console မှာအလုပ်လုပ်တဲ့ ပရိုဂရမ်လေးရေးလိုက်ပါရော။

ပရိုဂရမ်လေးအလုပ်လုပ် အဖြေလည်းထွက်တော့ စိတ်ကူးကတစ်မျိုးပြောင်းပြန်တယ် ဒီခေတ်မှာတော့ Command Line မှာသုံးတတ်တဲ့လူက မရှိသလောက်ဖြစ်နေပြီ ပေးလိုက်ရင် ဒီအတိုင်းသုံးတတ်မယ်မထင်ဘူး သင်ပေးရဦးမယ်ထင်တယ် သင်ပေးတော့အချိန်ကုန်တယ် သူ့ဟာသူစမ်းသုံးလို့လွယ်မယ့် UI လေးတော့ ထည့်ပေးလိုက်မယ်ဆိုပြီး Textbox လေး Button လေးတွေထည့်မိပြန်တယ်။

UI လေးနဲ့ အလုပ်လုပ်တာ ပြီးသွားတော့ ထပ်စဉ်းစားမိတာက သူကရုံးမှာသုံးလိုက် အိမ်မှာသုံးလိုက် သုံးချင်တယ်ဆိုပြီး ဖြစ်နေရင်တော့ လိုက်ပြီးတော့ Install လုပ်ပေးရရင်လည်း ငါအတော်အလုပ်ပျက်မယ့် သဘောရှိတယ် ဘာမှထည့်စရာမလိုပဲ လှမ်းသုံးလို့လွယ်အောင် Web ဆိုရင်ပိုအဆင်ပြေတယ်ဆိုပြီး ပရိုဂရမ်ကို အင်တာနက်ပေါ် တင်ဖို့ကြိုးစားပြန်တယ်။

ပရိုဂရမ် Web ပေါ်ပို့ပြီးပြန်တော့ တကယ်တော့ အင်တာနက်ဆိုတာ နေရာတိုင်းရတာမဟုတ် ကွန်ပျူတာဆိုတာက အကြီးကြီးပဲ နေရာတကာသယ်နိုင်တာမဟုတ် သွားရင်းလာရင်းတွက်လို့ရအောင် ဖုန်းထဲမှာအလုပ်လုပ်ရင် အဆင်အပြေဆုံးပဲဆိုပြီး အပေါ်တင်ထားတဲ့ ပရိုဂရမ်ကို ပြန်ဆွဲချပြီးတော့ အတင်းပဲဖုန်းထဲကို မရမက အတင်းသွပ်ပြန်တယ်။

အဲလိုနဲ့အပေါ်တင်လိုက် အောက်ပြန်ချလိုက်နဲ့ အမျိုးမျိုးလည်ပြီးတဲ့နောက်တော့ ဆက်လုပ်ရမှာလည်း ပျင်းလာပြန်တယ်။ ရသလောက်ပဲရပ် ဒါပဲဆိုပြီးပေးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ရောက်တော့ တွက်ခိုင်းတဲ့လူက စိတ်မရှည်လို့ စက္ကူနဲ့ခဲတံသုံးတွက်လိုက်လို့ အဖြေထွက်နေတာက လေးငါးရက်ရှိပြီဖြစ်လို့ သုံးစရာမလိုလို့ဆိုပါတယ်။

ဒီမှာလည်း ပျင်းတဲ့ရောဂါက မရပ်သေးပါဘူး ရေးထားတာလေးက ကောင်းနေတယ် သုံးမယ့်လူမရှိလည်း ငါ့လိုပျင်းတဲ့ နောင်လာနောက်သား သုံးလိမ့်မပေါ့ဆိုပြီး ရေးထားတာတွေ အပျင်းကြီးသူတွေ နားလည်စေဖို့ဆိုပြီး ဖြစ်သလိုရေးထားတဲ့ နေရာတွေကို အသေအချာလိုက်ရှာပြီး Comment တွေထည့် Document တွေရေးပြီးတော့ Opensource လုပ်လိုက်ရပါတယ်။

နေ့လည်းမအိပ် ညလည်းဇီးကွက်လို အလုပ်မပြီးမချင်း ထိုင်ရာကမထတဲ့လူမျိုးက ဘယ်လိုပျင်းသလဲလို့ မေးကောင်းမေးကြဦးမယ်။ ဒါလည်းမေးထိုက်တယ် ထပ်ပြီးတော့ဖြေရမယ်ဆိုရင် ပရိုဂရမ်မာတွေက ပျင်းရုံတင်ဘယ်ကမလဲ ခဏလုပ်ရမယ့်အလုပ် ထပ်လုပ်ရမှာပျင်းလို့ ပရိုဂရမ်ရေးမိရကာကနေ နောက်ဆုံး ဘယ်သူမှမသုံးတဲ့ အခြေအနေ ရောက်ရောက်သွားတော့ ဒီလိုလူတွေကိုမှ အတုံးဆုံးလူလို့မပြော ဘယ်လူတွေကို ပြောလို့ရပါဦးမလဲ။