Calm Hill My Random Thoughts

ကျောင်းတော်ကြီးသို့အလွမ်း (၁၀)

ကွန်ပျူတာဆိုတာ တကယ်တော့ သင်္ချာနဲ့တွဲလျက်ပေါ့ အဲဒီတော့ ကွန်ပျူတာ ကျောင်းသားဆိုတာ သင်္ချာတော်ကြပါတယ်။ တက္ကသိုလ် မတက်ခင်မှာ ဖခင်ကြီးကလည်း တက္ကသိုလ်မှာ သားတော်မောင်ကို မျက်နှာမငယ်အောင်လို့ ကြိုတင်ပြီးတော့ ပြင်ဆင်ပေးပါတယ်။ တက္ကသိုလ်ဝင်အကြိုအနေနဲ့ ဆယ်တန်းအောင်ကတည်းက သင်္ချာအခြေခံကောင်းအောင် ကြိုတင်သင်ပေးပါတယ် တွက်နည်းပေါင်းစုံပေါ့ ပေါင်းခြင်း ၂၁ အစ ဟောလီးဝုတ်အလည် ပိုကာဒေါင်းအဆုံး လို့ဆိုရအောင် သင်္ချာကျမ်းကုန် သင်ခဲ့ရဖူးတယ်။

ဖခင်ကြီးက အသေအချာဆုံးမတယ် လောင်းကစားဆိုပေမယ့် သစ္စာရှိရတယ် ဘယ်တော့မှ လိမ်မရိုက်ရဘူးတဲ့ ဒါပေမယ့် သူများလိမ်တာမခံရအောင် ဘယ်လိုလိမ်ရမလဲတော့ သိရမယ်ဆိုပဲ အဲလိုနဲ့လိမ်ရိုက်တာလည်း သင်ရပြန်တယ် လိမ်မရိုက်နဲ့သင်ပေမယ့် အဖေ့ကိုလိမ်ရိုက်ရင် ကိုယ်ပဲခံလိုက်ရတာပါပဲ ကိုယ်လိမ်ရိုက်ရင် မိတာများတယ် အဲတော့ အပင်ပန်းခံပြီး လိမ်မရိုက်တော့ပါဘူး ကိုယ်ရှုံးလည်းပြန်တောင်းလို့ ရတာပါပဲ ကိုယ်နိုင်ရင်တော့ နိုင်တဲ့ပိုက်ဆံ ပြန်ပေးတယ် ထုံးစံမရှိပါဘူးလေ။

ကျောင်းစတက်တော့ သူငယ်ချင်း ၇ ယောက်ရှိတယ် ကိုယ်ကလွဲရင် အကုန်လူလိမ္မာလို့ ပြောလို့ရခဲ့သေးတယ် ဖဲမရိုက်တတ်ကြလို့ အကုန်လုံးကိုဖဲရိုက် သင်ပေးခဲ့ရတာပေါ့လေ နောက်မှကိုယ့်ထက် ပိုပြီးလက်စောင်း ထက်ကုန်တာတော့ ကိုယ့်တာဝန် မဟုတ်ဘူးထင်ပါတယ်။ ဂုဏ်ထူးတန်းကို ရောက်တော့ ကျောင်းသား အရေအတွက်ကလည်း အရမ်းကိုနည်းသွားပါပြီ ပင်မဆောင်အပေါ်ဆုံးထပ်က ဟာ့ဒ်ဝဲဌာနနဲ့ ဆော့ဝဲဌာနဘေးက စာသင်ခန်းမှာ အတန်းတက်ကြရတယ် စာသင်ချိန်မရှိရင်တော့ စာသင်ဆောင်ရဲ့ ဝရန်တာထိပ်စွန်းမှာ ခုံတွေချပြီးတော့ ထိုင်ကြတာပေါ့။

နောက်တော့ ဖဲထုပ်ယူလာပြီး စာသင်ချိန်အတန်းတက် စာမသင်ရင်ဖဲရိုက်နဲ့ အချိန်ကိုအကျိုးရှိအောင် အသုံးချကြရတော့တယ်။ အရင်တုံးက ကျောင်းကို ဝေးလို့ဆိုပြီး မလာကြတဲ့လူတွေလည်း အတန်းမှန်လာကြတယ်။ ဆရာမတွေကလည်း အရမ်းမျက်စေ့မှုန်သွားတယ် တကယ်တော့ ခုံတွေချပြီးဝိုင်းဖွဲ့ကြတာက ဆရာမအိမ်သာနားမှာ ကိုယ့်နားကဖြတ်သွားလည်း သူတို့ကကိုယ့်ကို မမြင်ကြဘူးလေ သင်္ချာဆရာမဆို အရမ်းသဘောကောင်းတယ် ငါ့တပည့်တွေ စာအရမ်းကြိုးစားတယ်တဲ့ Probability တွေလေ့လာနေတာဆိုပဲ။ ဖဲဗေဒင်ကြည့်နေတာလား ဆရာမကိုကြည့်ပေးဦး ဆိုတာလည်း ရှိကြပါတယ်။ ဆရာမတွေကလည်း စာသင်ချင်ရင် ဖဲဝိုင်းလာခေါ် လူစုရလွယ်တယ်ဆိုတော့ ပုံမှန်ကတော့ ဘာမှလည်းမပြောပါဘူး။

သူ့ဟာသူနေရင် ငြိမ်းချမ်းနေပေမယ့် တစ်ရက်တော့ မိန်းကလေးဝိုင်းက ဖဲလိမ်ရိုက်ရာကနေ အစပြုပါတယ် ရှုံးသွားတဲ့တစ်ယောက်က မကြေနပ်ပြီးတော့ အောက်ထပ်က သုတသိပ္ပံဌာနက ဌာနမှူးကိုသွားတိုင်ပါတယ် ဌာနမှူးကလည်း အောက်ထပ်တင်နေတော့ ကိုယ့်အပေါ်ထပ်က ဝိုင်းကိုမမြင်ဖူး ကျောင်းမှာ ဖဲရိုက်နေသလားဆိုပြီး အလန့်တကြားနဲ့ အပေါ်တက်လာပါတော့တယ် သူ့တစ်ယောက်ထဲ မနိုင်မှာစိုးတော့ သင်္ချာဌာနကိုဝင်ပြီးတော့ ဌာနမှူးကိုခေါ်တယ် အကြောင်းသိနေတဲ့ သင်္ချာဌာနမှူးကတော့ လာခေါ်တော့လည်း မလိုက်လို့ကလည်းမဖြစ်နဲ့ အင်တင်တင်နဲ့ပါလာတာပေါ့။

မိန်းကလေးဝိုင်းကလည်း ဝိုင်းကောင်းနေတယ်ဆိုရမယ် ဘေးကထိုးတဲ့လူလည်း ရှိဆိုတော့ အနည်းဆုံးတော့ ကျောင်းသူ ၁၅ ယောက်လောက် ဝိုင်းနေတာပဲ အကြွေရှားတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငါးရာတန် တစ်ထောင်တန်ကို တစ်ခေါက်ခေါက်ရင် တစ်ဆယ် နှစ်ခေါက်ခေါက်ရင် နှစ်ဆယ်စနစ်နဲ့ ရိုက်နေတော့ စားပွဲပေါ်မှာတော့ ပိုက်ဆံတွေက အတော်ကိုပုံနေတာပေါ့။ ဒိုင်ဖြစ်သူက ကုလားဖန်ထိုးနေတုံး ဌာနမှူးနှစ်ယောက်က အနားရောက်လာတယ် ဒါပေမယ့်လည်း ခါတိုင်းလည်း ဆရာမတွေလာနေတာပဲဆိုတော့ သူတို့လည်းသတိမထားမိဘူးပေါ့။ ဌာနမှူးက ဖဲထုပ်ကိုလှမ်းအဆွဲ လက်မြန်တဲ့ ဒိုင်ကမော့မကြည့်ပဲ “ဟဲ့ ဘာလုပ်တာလဲ ချိုးတောင်မချိုးရသေးဘူး” ဆိုပြီးတော့ ရိုက်လွှတ်တာပေါ့ နောက်မှ မော့ကြည့်မိတော့မှ “ဟယ်.. တီချယ်” ဆိုပြီး မိန်းကလေးတစ်သိုက် ဖဲဝိုင်းမှုနဲ့ ရုံးခန်းရောက်သွားပါတော့တယ်။

ဆရာမက ဘာမှတော့ ပြဿနာမရှာပါဘူး နည်းနည်းဆူပြီးတော့ ဖဲထုပ်သိမ်းပြီး ပြန်လွှတ်လိုက်တယ်။ ကိုယ့်အဖွဲ့ ထမင်းစားပြန်လာတော့ သုတသိပ္ပံဌာနမှူးက “မင်းတို့အတန်းကကွယ် ဖဲရိုက်လို့သွားဖမ်းတာ ယောက်ျားတွေမဟုတ်ဘူး မိန်းမတွေရိုက်နေကြပါရောလားတဲ့ နောက်တစ်ခါဆိုရင် ငါ့ကိုလာပြောသိလား” လို့လမ်းမှာတွေ့လို ပြောပါတော့တယ်။ “ဟုတ်ကဲ့ တီချယ်” ဆိုပြီးအဖွဲ့လိုက်လစ်လာတုံး မိန်းကလေးဝိုင်းက ဒိုင်လုပ်သူနဲ့ဆုံတော့ ဖဲထုပ်လက်မဲ့ဖြစ်နေလို့ မိန်းကလေးတွေကို ဦးစားပေးတဲ့အနေတဲ့ ကိုယ့်အိပ်ထဲက နှစ်ထုပ်ကိုပေးလိုက်ရသေးတယ်။ အခုအချိန်အထိ ဘယ်အချိန်ပဲရောက်ရောက် ဖဲရိုက်တိုင်း သူငယ်ချင်းတွေကို သတိရမိပါသေးတယ် တစ်ခါတစ်လေ ပြန်ဆုံကြပေမယ့် အဲဒီ့အချိန်တွေကိုတော့ ပြန်မရနိုင်တော့ဘူးလေ။

comments powered by Disqus