Calm Hill My Random Thoughts

Why do you use Linux?

လွန်ခဲ့တဲ့ နှစ်တွေနဲ့ယှဉ်လိုက်ရင် Linux သုံးတဲ့လူ အရေအတွက် တိုးလာတာမြင်ရပါတယ်။ အခုအချိန်မှာ Linux တွေဟာ အိမ်သုံးအဖြစ်တိုးလာခဲ့တယ် GUI Shell တွေဖြစ်တဲ့ Gnome နဲ့ KDE ဟာ လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်နဲ့ ဘယ်လိုမှနှိုင်းယှဉ်လို့ မဖြစ်နိုင်အောင် သုံးရလွယ်လာတာရယ် နေ့စဉ်သုံး Software တွေကလည်း Commercial Platform ပေါ်တွေနဲ့ ကွာဟမှုမရှိပဲ အတူတူဖြစ်လာတာက အဓိကအကြောင်းအရင်းလို့ ပြောလို့ရပါလိမ့်မယ် နောက်ပြီးတော့ လူသုံးအများဆုံး Linux ဟာ Android ဖြစ်လိမ့်မယ်။

ဒီနေရာမှာ ဘာဖြစ်လို့ Linux သုံးကြသလဲလို့ မေးလိုက်ရင် လူအတော်များများ ဘာဖြစ်လို့သုံးတယ်ဆိုတာ ဖြေကြရင် အမျိုးမျိုးကြားဖူးတယ်။ အများစုက လိုင်စင်ကြေးကြောင့်လို့ ပြောလေ့ရှိကြတယ် တကယ်တော့ အိမ်မှာသုံးဖို့အတွက် Operating System တွေရဲ့လိုင်စင်ကြေးဟာ သုံးတဲ့လူတွေ အခက်အခဲဖြစ်လောက်တဲ့ ပမာဏအဖြစ်ရှိလေ့မရှိပါဘူး ကိုယ့်နိုင်ငံမှာ Commercial Operating System ရောင်းမယ်ဆိုလည်း မဝယ်နိုင်တဲ့စျေးနဲ့ ရောင်းလိမ့်မယ်မဟုတ်ပါဘူး။ နောက်ပြီးတော့ လိုင်စင်ကြေး အလေ့အထကို ကြိုဆိုသင့်တယ် Software ဆိုတာ အလကားမရဘူးဆိုတဲ့ အသိဉာဏ်ရှိမှသာ နိုင်ငံထဲက Software လုပ်ငန်းတွေ အသက်ဆက်နိင်လိမ့်မယ်။

အခုအချိန်မှာ Software တွေဟာ Operating System အပေါ်မှီခိုတာ နည်းလာပါတယ် အိမ်သုံးကွန်ပျူတာတွေမှာ အသုံးအများဆုံး Software ဟာ Browser ဖြစ်ပါလိမ့်မယ်။ လူသုံးအများဆုံး Browser တွေဖြစ်တဲ့ FireFox, Chrome စတာတွေက Operating System မရွေးလုပ်တဲ့အတွက် Commercial Operating System မသုံးလည်းနေလို့ရလာပါတယ်။ ဒုတိယအသုံးအများဆုံးဖြစ်တဲ့ Office Application တွေမှာလည်း Microsoft Office နဲ့ OpenOffice ဟာကွာဟမှု အတော်နည်းသွားပါပြီ။ Microsoft Office 365 သုံးမယ်ဆိုရင် Linux ပေါ်ကလည်း Browser နဲ့သုံးလို့ရလို့ အတူတူပါပဲ။ အဲဒီတော့ Linux ဘာလို့သုံးသလဲမေးရင် ကိုယ်လုပ်တဲ့အလုပ်တွေ အတူတူပဲလုပ်လို့ရလို့ အသုံးတည့်လို့သုံးတယ်လို့ အသေအချာပြောပြနိုင်ရင် မမြင်ရတဲ့လိုင်စင်ကို ပြောနေတာထက် Enduser တွေကိုအဓိပ္ပာယ်ရှိရှိ ဆွဲဆောင်နိုင်လိမ့်မယ်။

နောက်ထပ် အဖြေများတာက Open source ဖြစ်လို့ဆိုတာ ပြောလေ့ရှိကြတယ်။ Open source ဆိုတော့ ဘာထူးခြားလို့လဲ ထပ်မေးမယ်ဆိုရင် Source တွေရှိတော့ ပြင်လို့ရတယ်တို့ ကိုယ်ပိုင်ပြန်ပြင်လို့ရတယ်လို့ ပြောလေ့ရှိတာပါပဲ။ ဒီနေရာမှာ ပြင်သုံးဖို့လိုအပ်ချက် ဘယ်လောက်ရှိသလဲဆိုရင် ကိုယ့်သုံးခဲ့တဲ့ အချိန်တစ်လျှောက်မှာ Linux ပြင်သုံးဖို့တော့ မလိုအပ်ခဲ့ဖူးဘူး Customized Build လိုအပ်လို့ပဲ Build လုပ်ခဲ့ရတာလောက်ပဲ ရှိခဲ့ဖူးတယ် Build လုပ်ရတာကိုပဲ လွယ်အောင် Makefile တွေလုပ်ထားပေးပြီးသားပါ ဒါပေမယ့် လူတိုင်းလုပ်နိုင်တဲ့ အခြေအနေမဟုတ်ပါဘူး ပြင်ဖို့အတွက်ဆိုတာကတော့ ကျွမ်းကျင်မှုလိုအပ်ချက် အများကြီးလိုအပ်ပါလိမ့်မယ်။

Open source ဆိုတာ စိတ်ကြိုက်ပြင်ပြီး သုံးလို့ရတယ်ဆိုတာက တစ်ချိန်ကလူတွေ ပြောခဲ့ကြတဲ့ စကားလုံးတွေပါ မှန်လည်းမှန်ခဲ့ပါတယ် Open source ဆိုတဲ့စကားလုံး စသုံးခဲ့ကြတဲ့ ၁၉၈၀ ကျော်နှစ်တွေက ဒါတွေသုံးတဲ့လူတွေဟာ Enduser တွေမဟုတ်ကြပါဘူး တကယ်လည်းပြင်နိုင်ကြတဲ့ လူတွေပဲသုံးနိုင်ခဲ့ကြတာပါ။ Linux မှာ Yum လို APT လို Package Management Tools တွေနဲ့ သုံးရတာကိုပဲ ခက်ခဲနေသယောင် ထင်လာကြတဲ့ အခြေအနေမှာ ကိုယ်တိုင် Build လုပ် မှားတာတွေရင်ပြင် ပြန်ပြီးတော့ Contribute လုပ်တဲ့ Open source Philosophy နဲ့ အလုပ်လုပ်နေနိုင်တဲ့လူ သိပ်များများမရှိကြပါဘူး။

အခုအချိန် Linux မှာ Source Code Distribution နဲ့အလုပ်လုပ်တာ အင်မတန်နည်းပါတယ် Build လုပ်ထားပြီးသား Binary တွေပဲ အများဆုံးသုံးနေကြတာပါ အိမ်သုံးပဲဖြစ်ဖြစ် Server တွေသုံးနေတာဖြစ်ဖြစ် လက်ရှိအနေအထားမှာ Open and Close ဟာမထူးခြားတဲ့ အခြေအနေပါပဲ။ အဲဒီတော့ Linux သုံးရတာ Open source ဖြစ်လို့သုံးတယ်လို့ ပြောဖို့အတွက် အတော်ကိုသတိထားရတယ် အခုအချိန်မှာ Linux တွေကိုစမ်းသုံးတာထက် အလုပ်လုပ်ဖို့ သုံးလာရတော့ အမြန်ပြီးဖို့အရေးကြီးတယ် ဒီတော့ Build လုပ်ပြီးသားသုံးရတာပါပဲ ဒီလိုနဲ့ Linux မှာ Open source Philosophy ပျောက်သလို ဖြစ်နေတာကြာခဲ့ပါပြီ။

တကယ်တမ်း Open source ဖြစ်လို့ Open source Philosophy ကိုသဘောကျလို့ဆိုရင်တော့ အချိန်ရရင် Linux From Scratch လိုတွေ Gentoo လို Linux တွေကို စမ်းကြည့်မှပဲ ဘယ်လိုတည်ဆောက်ထားတယ် သုံးတဲ့စက်အပေါ်မူတည်ပြီးတော့ အနိမ့်ဆုံးအဆင့်အနေနဲ့ ဘယ်လိုအဆင့်ဆင့် Build လုပ်ရတယ် နားလည်လိမ့်မယ်။ Linux မဟုတ်ပေမယ့် Open source အငွေ့အသက် ပျောက်ပျက်မသွားတာ FreeBSD ဖြစ်လိမ့်မယ် Binary လည်း Distribution ရှိတယ် လိုအပ်လာလို့ Patch ဘာကြောင့်လုပ်ရသလဲ အသေချာပြောပြတယ် Patched လုပ်ပြီးသားအတွက် Binary မရှိရင် ကိုယ်တိုင်ပဲ Build လုပ်ယူရတယ် အရာအားလုံး Transparent ဖြစ်နေဆဲပါပဲ။

Developer တစ်ယောက်အတွက် Open source Language တွေအများကြီးရှိပါတယ် PHP, Python, Ruby စသည်ဖြင့်ပေါ့လေ။ ဥပမာအနေနဲ့ Python Developer တစ်ယောက်ကို Python ကိုဘာလို့သုံးသလဲမေးရင် Open source ဖြစ်လို့သုံးတယ်လို့ ဘယ်သူမှဖြေမယ်မဟုတ်ပါဘူး သူ့မှာရနိုင်တဲ့ Features တွေ Tools တွေအလွယ်တကူရနိုင်တယ် Deployment လွယ်ကူတယ် စသည်ဖြင့်ပေါ့လေ ဘယ်လိုအဆင်ပြေသလဲပဲ ပြောကြရမှာပါပဲ Python ကို Open source ဖြစ်လို့ပြင်သုံးလို့ရလို့ဆိုရင်တော့ တစ်ထောင်မှာ တစ်ယောက်လိုအပ်မှာ မဟုတ်တဲ့အခြေအနေမှပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ကိုယ်တိုင်သုံးတာပဲဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းကို Linux သုံးဖို့တိုက်တွန်းချင်ရင်ပဲဖြစ်ဖြစ် သူတို့အလုပ်အတွက် ဘယ်လိုအသုံးကျတယ်ဆိုတာ အသေအချာပြောပြီးပဲ တိုက်တွန်းစေချင်တာပါ Richard Stallman တို့ခေတ်က Open source စကားလုံးတွေ ပြောချင်ရင်တော့ အခုအချိန်မှာလူနားလည်ဖို့ အတော်ခက်လိမ့်မယ် အများသုံးစေချင်ရင်တော့ သုံးမယ့်လူရဲ့ အလုပ်တွေနဲ့ဘယ်လို အဆင်ပြေမယ့်အကြောင်း ကိုယ်ဘယ်လိုအဆင်ပြေသလဲ ပြောပြနိုင်မှပဲ အသင့်လျော်ဆုံး အကြံပေးတာ ဖြစ်ပါလိမ့်မယ်။