Calm Hill My Random Thoughts

ပေးရန်အကြွေးလက်ကျန်

လူကြီးသူမတွေက တရားရုံး ထောင် သုသာန်ဆိုပြီးတော့ မစည်ကားအပ်သောအရပ် ၃ ပါးဆိုပြီး ပြောဆိုဆုံးမလေ့ရှိတယ် အခုခေတ်မှာတော့ နိုင်ငံရပ်ခြားမှာ နေရတဲ့လူတွေကတော့ သံရုံးဆိုပြီး အရပ်တစ်ပါး ထပ်တိုးလေ့ရှိကြတာပေါ့။ မစည်ကားအပ်ပေမယ့် အရေးရှိရင်တော့ ရောက်ကြရတာမို့ ပါ့စပို့သက်တမ်းက ၆ လအောက်ပဲ ကျန်တော့တဲ့အတွက် ခရီးသွားချင်သွားရအောင် သက်တမ်းတိုးဖို့အတွက် သံရုံးကိုရောက်ရပြန်တယ်။

ခေတ်တွေလည်း နည်းနည်းပြောင်းတော့ သံရုံးလည်း အနည်းနဲ့အများတော့ ပြောင်းတယ်တော့ဆိုရမယ် သံရုံးရဲ့ Website ထဲကနေဝင်ပြီးတော့ Appointment ယူရင် Queue နံပါတ်နဲ့ ဖြည့်ရမယ့်ဖောင်တွေ ယူလာရမယ့်စာရွက် စာတမ်းစာရင်းရယ်ကို အီးမေးထဲကိုပို့ပေးတော့ အရင်ကထက် အများကြီးအဆင်ပြေပါတယ်။ အကြွေးဆိုတာ ကျန်တော့လည်း ပေးရတာပေါ့လေ ကိုယ့်တစ်ယောက်ထဲ ထူးပြီးတော့ ပေးရတာမှမဟုတ်တာ အခွန်ကျန်တာလေး စိတ်မှန်းနဲ့တွက်ချက်ယူ လိုအပ်တဲ့ စာရွက်စာတမ်းလေး မိတ္တူကူးပြီးတော့ ရက်ချိန်းရတဲ့ရက်ရောက်တော့ သံရုံးကိုရောက်ရတာပေါ့ ၉ နာရီလာလို့ စာထဲမှာရေးထားပေမယ့် မယုံရဲတော့ လိုရမယ်ရအနေနဲ့ တန်းစီချင်စီရဦးမယ်လေဆိုပြီးတော့ ၈ နာရီလောက်တော့ ရောက်သွားမိတယ်။

အရင်လို တံခါးပေါက်ဝမှာ တပ်တောင်တာဗိုလ်ထုနဲ့ စုစည်းထားသလို လူအုပ်ကြီးမမြင်ရတော့ဘူး ရုံးထဲဝင်သွားတော့လည်း ထိုင်စရာခုံတွေလည်းမြင်တယ် လူလည်း ၁၀ ယောက်လောက်ပဲမြင်သေးတယ် ထိုင်စောင့်နေလို့ဆိုတော့ လိပ်စာများမှားဝင်သလား ထင်မိသေးတယ်။ တစ်ချိန်တုံးကလို ညပိုင်းကတည်းက လူစာရင်းရေးတဲ့လူကသွားရေးတယ် မနက်ရောက်တော့ တစ်ခါတစ်လေ စာရင်းကို သူများကဖြဲလိုက်လို့ မနက်မိုးမလင်းခင် ထပ်ပြီးတော့ အရောက်လာပြီးတော့ ခါးတောင်းကျိုက်ပြီး လူအုပ်ကြီးထဲတိုးဝှေ့ စာအုပ်ထဲစာရင်းကို လုပြီးဖြည့်ရတာတို့မမြင်ရတော့ ဟိုအရင် အတိတ်ကိုဖြင့်လည်း လွမ်းမိပါသေးတယ်။

သံရုံးကလုံခြုံရေး ကုလားကြီးက မင်္ဂလာပါနှုတ်ဆက်လို့ လူနည်းတယ်လို့ပြောတော့ မင်းကစောနေတယ်တဲ့ ရုံးကဘယ်သူမှ မရောက်သေးဘူးတဲ့ ၉ ခွဲမှပဲ Appointment နံပါတ်နဲ့ ခေါ်မှာဆိုတော့ တော်ရာသွားထိုင်နေရတယ်။ အဲဒီမှာထိုင်နေရင်းနဲ့ ၉ နာရီလောက်မှာ မတော်မတည့်မြင်လာရတာက Visa လာယူတဲ့လူတွေအတွက် Queue နံပါတ်ယူဖို့အတွက် ကောင်တာတစ်ခုက အပြင်မှာရှိတယ် အဲဒါကိုဝင်လာသမျှလူတွေက နံပါတ်ထပ်ယူရမယ်ဆိုပြီး ပါလာတဲ့ ထီးလေးအိတ်လေးတွေ ဗလာစာအုပ်လေး ရေဘူးလေးတွေ သွားချပြီးတော့ နေရာဦးကြပါတော့တယ် တကယ်တော့ တန်းကစီရမယ်ဆိုဦးတော့ ၁၅ ယောက်လောက်ရှိတာပါ အဲဒီတော့ ကိုယ့်လူမျိုးတွေ ဘဝမမေ့အောင် ကိုယ့်ကိုကိုယ် သတိပေးနေကြတာပါလားဆိုပြီး သံဝေဂရမိတယ်။

၉ နာရီခွဲတော့ ရုံးဖွင့်တယ် အဲဒီမှာ Visa Counter ထဲမှာလူရိပ်လူခြေမြင်တော့ နေရာဦးပြီးချထားတဲ့ ပစ္စည်းပစ္စယတွေကို အပေးအလွှားယူကြပြီး လူကိုယ်တိုင်တန်းစီကြတယ် ခဏနေတော့ အထဲကလူကနေ ဘာလို့စီနေတာတုံး ဒါကနိုင်ငံခြားသားတွေအတွက်လည်း ဆိုလိုက်ရော ဓာတ်ပုံရိုက်ရိုက်ဆိုပြီး ဓာတ်ပုံရိုက်တဲ့နေရာကို အပြေးအလွှားနဲ့ တန်းစီကြပြန်တယ်။ ကိုယ့်မှာသူတို့ကို ဟိုဘက်ပြေးတာလိုက်ကြည့် ဒီဘက်ကခေါ်နေတဲ့ နံပါတ်ကိုကြည့်နဲ့ ရှေ့ပိုင်းရောက်နေတဲ့ နံပါတ်ဖြစ်နေတော့ ဓာတ်ပုံတိုးမရိုက်တော့ဘူး ထိုင်ပဲစောင့်ရတော့တယ်။

တစ်ချို့နံပါတ်တွေမှာ နည်းနည်းစောင့်ရတာကြာတယ် ကိုယ့်အလှည့်ရောက်တော့ စာရေးမကြီးက စာရွက်တွေကိုပေးဆိုပြီးယူသွား အခွန်ဘယ်လောက်ကျန်တယ်ဆိုပြီး နေလည်မှပြန်လာ ဓာတ်ပုံရိုက်ပြီးပြန်တော့တဲ့ အဲဒါနဲ့ စစ်တာမြန်တာပဲလို့ စောစောကလူတွေက ဘာလို့ကြာနေလဲလို့ စပ်စုလိုက်တော့ ကြာမှာပေါ့တဲ့ ဖောင်လည်းအလွတ်ယူလာတယ် ဓာတ်ပုံလည်းကပ်မလာ မိတ္တူလည်းအခုမှကူးတယ်ဆိုတာ့ နောက်လူကကြာတယ်မေးရင် ရှေ့ကလူစပ်စုနေလို့ အပြောခံရမှာစိုးရတော့ ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီး လစ်ထွက်လာရတယ်။

ဓာတ်ပုံရိုက်တော့ စောစောကလူတန်းကြီးက မရှိတော့ဘူး အကုန်လုံးကုန်သွားတော့ တန်းမစီရတော့ဘူး။ အဲဒါနဲ့ ဓာတ်ပုံခန်းကို ခန်းဆီးလေးဖယ်ပြီး လောလောလောလောနဲ့ဝင်လိုက်မိတာ နံရံကိုတိုက်မိမလိုဖြစ်တယ်။ ဟမ်… ဆိုပြီးပါတ်လည်ကိုကြည့်လိုက်တော့ ဓာတ်ပုံခန်းက အလျား ၈ ပေလောက်နဲ့ အနံ ၃ ပေလောက်ကို စတူဒီရိုလုပ်ထားတာ အဲဒီတော့ ဝတဲ့လူဆိုရင် ဆန့်ပါ့မလားတော့ နည်းနည်းသံသယဖြစ်မိတယ် ဒါပေမယ့်လည်း မျက်နှာပဲစာအုပ်ထဲပါတာ ခေါင်းဝင်ကိုယ်မဆန့်လည်း အရေးမကြီးဘူးဆိုပြီး မျက်နှာပဲသွင်းပြီးရိုက်ချင်လည်း ရိုက်မှာပါလေ။

နေ့လည်မှပြန်လာဆိုတော့ ဘာမှလည်းလုပ်စရာမရှိတာနဲ့ အိမ်မပြန်တော့ပဲ လက်ဘက်ရည်ဆိုင် တစ်ဆိုင်ရှာပြီးတော့ထိုင် ကွန်ပျူတာဖွင့်ပြီး လုပ်စရာရှိတာ ထိုင်လုပ်ပြီးအချိန်ဖြုန်း ၂ နာရီထိုးတော့ သံရုံးဘက်ပြန်လာခဲ့တယ်။ နေ့လည်ပိုင်းကျတော့ အခွန်ပေးစရာရှိတဲ့လူတွေက နံပါတ်မခေါ်တော့ဘူး နာမည်ခေါ်တယ် ပိုက်ဆံပေးရတာတော့ အင်မတန်မြန်ပါတယ် ဖောင်းနေတဲ့ပိုက်ဆံအိပ် ၁ မိနစ်အတွင်း ပြားချပ်သွားတယ်။ ပြီးရင်ဟိုဘက်ကောင်တာမှာ တန်းစီပါဆိုတော့ ဒီတစ်ခါတော့ တန်းစီတာမလွတ်တော့ဘူး ၁၅ မိနစ်လောက် တန်းစီလိုက်ရတယ်။

တန်းစီနေတုံးမှာ အခွန်ဆောင်တဲ့ဘက်က ဆူညံဆူညံအသံကြားရတော့ လှမ်းကြည့်မိတော့ စင်္ကာပူရီယန်း တရုတ်မကြီးတစ်ယောက် အခွန်ငွေကောင်တာမှာ အပြင်းအထန် ရန်တွေ့နေပါတော့တယ်။ တရုတ်မကြီးက သူ့အိမ်မှာ အိမ်အကူလုပ်တဲ့ မြန်မာအစ်မကြီး တစ်ယောက်အတွက် ပါ့စပို့ကိုသက်တမ်းလာတိုး အခွန်လာဆောင်ပေးတာ အဲဒီ့မှာ အခွန်က ၁၀% ဆောင်ရတော့ များများရေးရင် များများဆောင်ရသပေါ့ လခနည်းတဲ့လူတွေအတွက် ပြေစာထဲမှာ လစာကို ၂၅၀ ပေးတယ်ပြပြီးတော့ တစ်လကို ၂၅ ဒေါ်လာဆောင်ရတယ် ထင်ပါတယ် အဲဒါကို သူပေးတဲ့လစာက ၂၅၀ မကဘူး ဆိုပြီးတော့ သူသိက္ခာကျတယ်ဆိုပြီး ဘယ်လိုမှရှင်းမရတော့ တန်းစီနေကြတဲ့လူတွေမှာ ငိုအားထက် ရယ်အားသန် ဖြစ်ကုန်ကြရတယ်။

စာရွက်စာတမ်းစစ်တာနဲ့ လက်ဗွေနှိပ်တာက တကယ်တော့မကြာပါဘူး တန်းစီတာအပါအဝင် မိနစ် ၃၀ လောက်နေတော့ပြီးသွားတယ် နောက်ကနေ တန်းစီနေတဲ့ကောင်လေးနဲ့ ကောင်တာနောက်က စာရေးမနဲ့ပြောနေသံကြားတယ် တန်းစီနေတဲ့ကောင်လေးကို ပါ့စပို့စာအုပ်ဟာ အသစ်လဲဖို့လိုတယ်တဲ့ ကောင်လေးမဟုတ်ဘူးတဲ့ ဒီစာအုပ်က Machine Readable စာအုပ်လဲပြီးသား မဟုတ်လားဆိုတော့ အဲဒါက ပြည်ထောင်စုမြန်မာနိုင်ငံတော်ခေတ်က ပါ့စပို့စာအုပ်တဲ့ အခုတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖြစ်လို့ စာလုံးပေါင်းကွာတဲ့အတွက် စာအုပ်လဲဖို့လိုတယ်ဆိုတော့ သမ္မတဆိုတဲ့ စကားလုံးတစ်လုံးရဲ့ တန်ဖိုးဘယ်လောက်ရှိတယ် လက်တွေ့သိလိုက်ရတော့တယ်။

နောက်နေ့ညနေ ၅ ခွဲလောက်လာယူတဲ့ နောက်နေ့ညနေ ရုံးကနေစောထွက်လာပြီး စာအုပ်သွားယူတယ် မစောင့်ရပါဘူး စာအုပ်ကိုချက်ချင်း ထုတ်လို့ရခဲ့တယ်။ စာအုပ်သက်တမ်း ဖွင့်ကြည့်တော့ ၄ နှစ်ဆိုတော့ အရင်ထက်တော့ ၁ နှစ်ပိုလာတယ် ရိုက်ထားတဲ့ ဓာတ်ပုံကတော့ ကိုယ်တိုင်တောင် မနည်းကြည့်မှမှတ်မိတော့ Immigration ဖြတ်ရင် မျက်မှန်ချွတ်ပြ အသေအချာတူလား မတူလားအကြည့်ခံရတဲ့ ဘဝကတော့လွတ်မယ်မဟုတ်မှန်းတော့ သဘောပေါက်လိုက်မိရင်း အိမ်ပြန်ခဲ့တော့တယ်။