Calm Hill My Random Thoughts

ကျောင်းတော်ကြီးသို့အလွမ်း (၁၁)

University of Computer Studies, Mandalay

ကွန်ပျူတာတက္ကသိုလ်နဲ့ အဆက်အသွယ် မပြတ်ပေမယ့် တကယ်တမ်းကျောင်းကို ပြန်မရောက်တာတော့ အနည်းဆုံး ၅ နှစ်လောက်ရှိပါပြီ။ ကျောင်းကမှာထားတဲ့ စာအုပ်တွေသယ်လာခဲ့ရတော့ ဒီတစ်ခေါက် မန္တလေးပြန်ရောက်တော့ အရင်ဆုံးလုပ်ရတာက ကျောင်းကိုသွားဖို့ စီစဉ်ရတော့တယ်။ ရောက်ပြီးနောက်တစ်ရက်မှာ ညီတော်မောင်ကို ကားမောင်းဖို့ချောဆွဲပြီး မရောက်တာကြာတဲ့ ကွန်ပျူတာတက္ကသိုလ်ဘက်ကို ရောက်ခဲ့ပြန်တယ်။

ကျောင်းကတော့အရင်အတိုင်းပါပဲ ကိုယ်တွေရှိစဉ်ကစိုက်ပြီးကာစ တစ်ထွာလောက် အပင်လေးတွေဟာ အခုတော့ လူတစ်ရပ်ကျော် အပင်တွေဖြစ်ကုန်ကြပြီပေါ့ ပင်မဆောင်ဘက်မှာကားရပ် ကျောင်းထဲဝင်ဝင်ချင်းပဲ ၇၅% မပြည့်ပါက စာမေးပွဲဖြေဆိုခွင့်မပြုဆိုတဲ့ ဆိုင်းဘုတ်အသစ်တိုးနေတာ မြင်လိုက်ရတယ် အရင်ကတော့ အဲဒီ့လိုဆိုင်းဘုတ်မရှိပါဘူး။ ကိုယ့်ကိုမြင်တော့ ကျောင်းသားရေးရာက ကိုသန်းဇော်ဟာ ချက်ချင်းမှတ်မိပြီးတော့ ထွက်လာပြီးစကားပြောပါတယ်။

ခဏစကားပြောနေပြီးတော့ အရေးကြီးတာအရင်လုပ်ရမယ်ဆိုပြီး ပါမောက္ခချုပ်ရုံးခန်းကို စာအုပ်တွေပေးဖို့သွားရတယ် ဖြစ်ချင်တော့ ဆရာမကြီးက Seminar တွေရှိတာနဲ့ ကျောင်းမှာမရှိဘူး MIT ဘက်ရောက်နေတယ် နောက်မှပဲဆရာမကြီးကို လာတွေ့တော့မယ်ဆိုပြီး အရေးကြီးတာက စာအုပ်တွေပေးဖို့ဆိုတော့ ရုံးခန်းမှာပဲပေးထားခဲ့လိုက်တယ်။ ကျောင်းရောက်မှတော့ သွားစရာမရှားပါဘူး ဌာနပေါင်းစုံလျှောက်သွားဖြစ်တယ်။

ပထမဆုံးအနေနဲ့ စာကြည့်တိုက်ကိုရောက် စာကြည့်တိုက်မှူး မစန္ဒာကတော့ အရင်အတိုင်းပဲ ကိုယ့်မြင်တော့ ဒုက္ခပေးနေကျလူ မြင်လိုက်လို့တယ်လို့တော့ မပြောရှာပါဘူး ဝမ်းသာအားရ နှုတ်ဆက်ပါတယ် စာကြည့်တိုက်ကတော့ မပြောင်းမလဲပါပဲ ထုံးစံအတိုင်း ကျောင်းသားမရှိပါဘူး ရှင်းလင်းလို့နေပါတယ် စာအုပ်တွေလိုက်ကြည့်တော့ အဟောင်းတွေပဲတော့ မဟုတ်ပါဘူးလေ ဖတ်မယ်ဆိုရင် ဖတ်လို့ကောင်းတဲ့ စာအုပ်တော်တော်များများ တွေ့မိပါတယ်။

စာကြည့်တိုက်နဲ့ မျက်နှာချင်းဆိုင်က သင်္ချာဌာနကိုလည်း ဝင်ဖြစ်ပါတယ်။ ဌာနမှူးကတော့ မပြောင်းမလဲ ဆရာမကြီး ဒေါက်တာစန်းစန်းမွန်ပါပဲ ကိုယ့်မြင်တော့ ဟယ်.. လာလာ လူဆိုးလေး မမြင်တာကြာပြီဆိုပြီး ဌာနထဲကိုခေါ်ပါတယ် သင်နေတဲ့စာအုပ်တွေအကြောင်း ပြောကြရင်းနဲ့ ကွန်ပျူတာထဲပါလာတဲ့ သင်္ချာစာအုပ်တွေကို အသုံးလိုမလိုပြရင်းနဲ့ အသုံးတဲ့မယ့်စာအုပ်တွေ ကူးပေးရတယ်။

ဆရာမကြီးကလည်း စာသင်ခန်း တော်တော်များများမှာ ပရိုဂျက်တာတွေ တပ်ထားပြီးသွားတော့ လက်ချာတွေအတွက် Presentation တွေပြင်ရတဲ့အတွက် E-Book တွေဆိုရင် Diagram တွေယူရတာ အဆင်ပြေတယ်လို့ပြောတယ်။ အဲဒါနဲ့ တီချယ့်ဌာနမှာ ဆရာမအငယ်တွေရှိတာပဲလို့ Function ရှိမှတော့ Graph ဆွဲတာကလွယ်ပါတယ်လို့ MatLab လိုဟာတွေနဲ့ Plot လုပ်ခိုင်းပါလို့ အကြံပေးမိတော့ ဆရာမကြီးက အေးကွယ်… သူတို့ကလည်း Java ပဲရေးတတ်တယ်ဆိုတော့ မလွယ်ဘူးဆိုတာနဲ့ တီချယ်မခိုင်းရင်တော့ သူတို့လည်း ဘယ်တတ်ပါ့မလဲလို့ အကြံပေးရတယ်။ ဆရာမကြီးကျွေးတဲ့ ကော်ဖီနဲ့မြေပဲယိုကို အားမနာတမ်းစားပြီး တောင်ဘက်ထိပ်က ဆော့ဝဲဌာနကို ရောက်သွားလိုက်တယ်။

ဆော့ဝဲဌာကလူပိုစုံပါတယ် ဒေါ်တင်မျိုးလတ်၊ ဒေါ်မြသန်းနှင်း နောက်ပြီးတော့ တစ်ခြားဆရာမတွေ အများကြီးရှိတယ် မသိတဲ့လူအတော်နည်းပါတယ်။ ဆရာမတွေလည်း ကိုယ့်မြင်တော့ ဝမ်းသာကြတယ် ရှေးဟောင်းနှောင်းဖြစ်တွေပြော ဆရာမဒေါ်တင်မျိုးလတ်က ငါမင်းတို့ဘယ်ဘာသာတွေ သင်ခဲ့သလဲမှတ်မိလားဆိုတော့ ပထမနှစ်ကနေ မဟာတန်းအထိ ဆရာမသင်လာတာ ဘယ်ဘာသာကိုမေးတာလဲ ပြန်မေးမိတော့ ငါမေးတာကိုမဖြေပဲငါ့ကို ပြန်မေးတတ်တာ အခုထိပါပဲလားဆိုတော့ တစ်ဌာနလုံးရယ်ကြပါတော့တယ်။

ကိုယ့်ကိုမေးတော့ အလုပ်ကြောင်းတွေပြော ဆရာမတွေကိုလည်း လက်ရှိသင်နေတဲ့ ဘာသာတွေအကြောင်းမေး ဘယ်လိုအပြောင်းအလဲလုပ်နေတယ် ကျောင်းသားကို ဘယ်လောက် အတိုင်းအတာအထိ ခိုင်းကြည့်မယ်စသည်ဖြင့် ကြားလာရတော့ ဆရာဆိုတာကတော့ တပည့်တွေကို စာတတ်စေချင်တာက ဘယ်အချိန်ပဲဖြစ်ဖြစ်ရှိတာပါပဲလို့ ဝမ်းသာရပါတယ် ကိုယ်လည်း ကိုယ့်အမြင်ပြောပြီး အကြံပေးရပါတယ် အရင်ကတည်းက ငြင်းနေခုံနေကျ တပည့်လူဆိုးနဲ့ ပြန်ပြီးငြင်းရခုံရတာ ပျော်စရာကြီးဆိုတော့ ငိုအားထက်ရယ်အားသန်ပေါ့။

ဗိုက်ကလည်း ဆာစပြုလာတော့ ကန်တင်းသွားဦးမယ်ဆိုပြီး ဆော့ဝဲဌာနကနေ ထွက်လာခဲ့လိုက်တယ် ခြေရှည်တတ်တဲ့ထုံးစံအတိုင်း ဟာ့ဒ်ဝဲဌာနကနေတစ်ပတ်ပါတ်ပါတယ်။ တကယ်တော့ ဟာ့ဒ်ဝဲဌာနမှာတော့ ကိုယ်သိတဲ့လူအရင်ကတည်းက နည်းတာပါ ဆရာမဒေါ်မီမီသော် တစ်ယောက်ပဲသိတဲ့လူရှိတယ် ဌာနရောက်တော့ ဆရာမလည်းစာသင်သွားနေတာနဲ့ မတွေ့လိုက်တော့ပဲ အောက်ထပ်ဆင်းပြီး ညီအစ်ကိုနှစ်ယောက် ကန်တင်းဘက် သုတ်ခြေတင်ရတယ်။

ပထမနှစ်ကျောင်းသားဘဝက စာသင်ဆောင်လေးတွေလည်း ကျောင်းသားကျောင်းသူတွေနဲ့ ပြန်ပြီးတော့အသက်ဝင်နေပြီ တစ်ချိန်တုံးကတော့ ကိုယ့်အတန်းနောက်မှာ လူထပ်မခေါ်တော့တဲ့အတွက် စာသင်ဆောင်တွေပိတ်ထားခဲ့ရတာ နှစ်တွေအတော်ကိုကြာခဲ့ဖူးတယ်။ ကန်တင်းဆိုပြီးသွားလိုက်တော့ တစ်ချိန်တုံးက ကန်တင်းတွေက မရှိတော့ဘူး အသစ်ခေါ်တဲ့ COE ကျောင်းသားတွေအတွက် စာသင်ဆောင်တွေ ဖြစ်ကုန်ကြပြီ။ သွားကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် အင်္ဂလိပ်စာအချိန် စာသင်ခန်းတွေဟာ အတော်လေးကောင်းနေပါပြီ အရင်လိုအသံတိုးတဲ့ ဆရာမတွေလည်း ဒုက္ခမရောက်တော့ဘူး ဆရာမဒေါ်ရည်မွန်က Audio Book ကိုဖွင့်ပြလိုက် ကလေးတွေကို ပြောခိုင်းလိုက်နဲ့မြင်ရတော့ မနှောက်ယှက်တော့ပဲ အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့တယ်။

Rice

ညီအစ်ကိုနှစ်ယောက် ဗိုက်ကလည်းဆာ ကန်တင်းကလည်း ရှာမတွေ့နဲ့ရွာလည်နေတော့ အနီးနားမှာရှိတဲ့ ကျောင်းကားတစ်စီးက ကားဆရာကို ကန်တင်းဘယ်မလဲဆိုပြီးမေးရတယ်။ ကားဆရာကလည်း ကိုယ်တို့နှစ်ယောက်ကို တောသားမြို့ရောက်ဆိုတဲ့ ပုံစံမျိုးနဲ့ အနောက်တည့်တည့် ဆင်းသွားလို့ညွှန်ပါတယ်။ အဲဒီဘက်က ဘာမှမရှိတော့ဘူး မဟုတ်ဘူးလားဆိုပြီး ဆင်းလာခဲ့တော့ တစ်ချိန်က ကိုယ့်အတန်းနဲ့ ဒီပလိုမာတန်းတို့ စစ်ခင်းခဲ့ရာ ဘောလုံးကွင်းဘေးမှာ ကန်တင်းတွေ ရွှေ့ထားတာတွေ့ရတယ်။

နှစ်ပေါင်းများစွာ စားလာခဲ့တဲ့ စွယ်တော်ရိပ်ကလေးလည်း မရှိတော့ရှာဘူး ကိုကျော်ကြီးလည်း မမြင်တော့ဘူး ဒါနဲ့တွေ့တဲ့ ဆိုင်တစ်ဆိုင်မှာပဲ မစားရတာကြာပြီဖြစ်တဲ့ လက်ဘက်ထမင်းနဲ့ ကြက်ဥမွှေကြော်မှာစား အရင်လိုပဲ မပြောင်းမလဲကတော့ စွန်တန်ဟင်းရည်တစ်ခွက်တော့ အလကားပေးပါသေးတယ်။ နောက်ရက်လည်း ခရီးသွားရမှာရယ် ပါမောက္ခချုပ်လည်း ပြန်လာမယ့်အချိန် မသေချာတာနဲ့ ခရီးသွားရာကပြန်လာမှပဲ ဆရာမကြီးကို လာတွေ့တော့မယ်ဆိုပြီး ကျောင်းတော်ကြီးကနေ ပြန်လာခဲ့တော့တယ်။

comments powered by Disqus