Calm Hill My Random Thoughts

မေးရန်လွယ်ပေမယ့်အဖြေခက်

မန္တလေးပြန်ရောက်တော့ နေရာတကာမှိုလိုပေါက်နေတာက ဖုန်းဆိုင်တွေလို့ပြောရမယ် လမ်း​ဒေါင့်တစ်ခုမှာ ဖုန်းဆိုင်တစ်ဆိုင်။ လျှပ်စစ်ပစ္စည်းရောင်းတဲ့ ငယ်သူငယ်ချင်းတစ်ယောက်အိမ် အလည်ရောက်တော့ သူငယ်ချင်းအိမ်လည်း ဖုန်းဆိုင်ဖွင့်ထားတယ် ဒါပေမယ့်ဆိုင်ရှေ့မှာ ဖုန်းကဒ်ရသည် ဖြည့်မပေးပါလို့ စာလုံးအကြီးကြီးနဲ့ ရေးထားတယ် ဘာဖြစ်လို့တုံးမေးတော့ တစ်ခါတစ်ခါ ဖုန်းကဒ်ကဖြည့်လိုက်လည်း ပိုက်ဆံကချက်ချင်း ဝင်ချင်မှဝင်တယ်တဲ့ ခက်တာက ကိုယ်လုပ်တာမှမဟုတ်တာ အဲဒါရှင်းနေရရင် မပြီးတော့တာနဲ့ ခက်ခဲတဲ့အလုပ်မဟုတ်ပေမယ့် လုပ်မပေးတော့ဘူးတဲ့။

သူငယ်ချင်းနှစ်ယောက် ၈၅လမ်း သာသနာ့ဗိမာန်ရှေ့က လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်သောက် မုန့်စားနေတုံး လက်ဘက်ရည်ဆိုင် ကောင်တာကမန်နေဂျာက သူငယ်ချင်းကိုလာပြီးတော့ Wifi က IP Address မကျတော့လို့တဲ့ သူငယ်ချင်းဖြစ်သူက ကိုယ့်ဘက်လှည့်တိုက်ပေးတယ် သူ့ကြည့်ခိုင်းလုပ်တော့တယ် Router ထဲဝင်ကြည့် ကိုယ်လည်းလုပ်နေကျမှမဟုတ် ဟိုထဲဝင်ကြည့် ဒီအထဲဝင်ကြည့်နဲ့ IP Range က ၅၀ ပဲပေးထားတော့ သုံးတဲ့လူများ ၅၀ ကျော်နေသလားဆိုပြီး တိုးပေးလိုက်တော့ ရသွားလေရဲ့။

ခဏနေတော့ လူတစ်ယောက်က သူငယ်ချင်းဆီကို Laptop လေး တစ်လုံးမပြီး စားပွဲပြောင်းလာတယ် စက်လေးကနှေးနေလို့တဲ့ မြန်ချင်တာတဲ့ သူငယ်ချင်းကလည်း စိတ်ချရတယ် အချွန်နဲ့ပဲမပါတယ် ကိုယ့်ဘက်လှည့်ပြီးတော့ သူရှိတယ်ဆိုပဲ သူ့စက်ကြည့်လိုက်တော့ P III လေးရယ် ဘယ်တုံးက Laptop လေးလဲမသိ အဲဒါနဲ့ခင်ဗျားစက်က ဒီထက်တော့ မမြန်လောက်တော့ဘူးလို့ အဲဒါကိုပဲ ဘာပစ္စည်းလဲရင် မြန်မလဲမေးတာနဲ့ အကုန်လဲဖို့လိုမယ်လို့ဆိုတော့ ဘယ်နားကဆိုင်ကတော့ မြန်အောင် လုပ်တတ်တယ် ဆိုလားပြောပြီး ပေစောင်းစောင်းနဲ့ ထွက်သွားတယ်။

သူငယ်ချင်းကလည်း အပေါင်းအသင်းကများ လာနှုတ်ဆက်တဲ့လူက တစ်ယောက်ပြီးတစ်ယောက် အဲလိုနေတုံး လူတစ်ယောက်က ဖုံး ၃ လုံးနဲ့လာထိုင်ပြန်တော့ ဖုန်းများပျက်ပြန်ပြီလားလို့ ဘုရားတနေရတယ် သူငယ်ချင်းက အဲဒါသူသူငယ်ချင်းတဲ့ ဖုန်းပြင်တဲ့ဆိုင်ဖွင့်တယ်ဆိုတော့မှ ဟင်းချနိုင်တော့တယ်။ အဲ့ဒီဖုန်းပြင်တဲ့လူဟာ လာထိုင်ပြီးတဲ့နောက်တော့ သူ့ရဲ့ပြဿနာပေါင်းများစွာကို ပြောပါတော့တယ် Jailbreak ဘယ်လိုလုပ်တာကနေ Root လုပ်လို့မရတဲ့ ဖုန်းတွေရော ကိုယ်ကသုံးနေတဲ့ ဖုံးတောင်မှ Version ဘယ်လောက်မှန်း မေ့နေတဲ့လူဆိုတော့ မသိဘူးဗျလို့ဖြေတော့ မပြောချင်လို့လို့ဖြစ်ရတော့တယ်။

ဖုန်းပြင်တဲ့လူပြန်သွားတော့ သူငယ်ချင်းက အားရပါးရရယ်ပါတော့တယ် အဲဒါမင်းဝဋ်လည်တာ မင်းအိမ်ငါရောက်တိုင်း မင်းအမေက လျှပ်စစ်ပစ္စည်း ပြင်တတ်တယ်ဆိုပြီး မီးဖိုကွိုင်ဆက်ခိုင်းတယ် ထမင်းပေါင်းအိုး ပြင်ခိုင်းတာ မင်းမှတ်မိပါတယ်ဆိုတော့ တစ်ခါကသူငယ်ချင်းတစ်ယောက် Android App Development Camp လုပ်တော့ လာမယ့်လူတွေ Java သိရမယ်ဆိုတော့ တစ်ယောက်က Java တော့မသိဘူး Android Phone Service လုပ်တာ အတွေ့အကြုံရှိလို့ တက်လို့တော့ရမှာပါဆိုတော့ မတူဘူးဆိုတာ နားလည်အောင်မနည်း ပြောရတယ်ဆိုတာကို သတိရမိသေးတယ်။ အေး.. ဟုတ်တယ် မေးတော့လွယ်တယ် နားလည်အောင် ဖြေရတော့အတော်ခက်တယ်လို့ပဲ ပြောရင်းနဲ့ သူငယ်ချင်းနှစ်ယောက် ရယ်လို့မဆုံးတော့ဘူး။