Calm Hill My Random Thoughts

မန္တလေး နေ့ရက်များ (၄)

အိမ်မှာနေရင် မသိသာပေမယ့် အဝေးကိုရောက်သွားတော့ ဧပြီရောက်ပြီဆိုရင် မန္တလေးကိုသတိရတယ် သင်္ကြန်ကိုသတိရတယ် ပြောမယ့်သာပြောပေမယ့် မွေးကတည်းက အဖေဖြစ်သူနဲ့ တော်ရာလွင့်နေတာဆိုတော့ မန္တလေးသင်္ကြန်ဆိုတာ ကြုံတာရှားခဲ့ပါတယ်။

၈ တန်းအောင်တဲ့နှစ်က သင်္ကြန်ကိုမန္တလေးမှာ ပထမဆုံး ကြုံလိုက်တယ် ဦးလေးတွေနဲ့ သင်္ကြန်အလည်လိုက်တာ မန္တလေးတောင်ပေါ်ကနေ ကားထိုးကျပြီး ကံကောင်းလို့ မသေတဲ့နောက်ပိုင်း အိမ်မှာရှိတဲ့ အဒေါ်ကြီးက တူတော်မောင်တွေကိုသင်္ကြန်ဆိုရင် ဘယ်သူနဲ့မှမထည့်ရလို့ တစ်ချက်လွှတ်အမိန့်ထဲကနေ ထွက်မရတော့တာပဲ။

ဆယ်တန်းအောင်တဲ့နောက်တော့ သင်္ကြန်မှာဘုန်းကြီးဝတ်တဲ့ ရောဂါကူးသွားရာကနေ သင်္ကြန်ဆိုရင် ကျွဲဆည်ကန်သံလမ်းဘေးက မိုးကုတ်ရိပ်သာမှာ ခေါင်းတုံးသင်္ကန်းဖက်ရှင်နဲ့ ညီအစ်ကိုနှစ်ယောက် နှစ်အတော်များများ ဖောက်သည်ဖြစ်ခဲ့တာပေါ့။ နောက်တော့ အိမ်ကိုလည်း ဒုက္ခပေးသလို ဖြစ်ရတာရယ် တကယ်လည်းမနေနိုင်ပဲ ဝင်လိုက်ထွက်လိုက်နဲ့ ရဟန်းဘဝကို သဘောမကျတာနဲ့ မဝင်ဖြစ်တော့ဘူး။

မလည်တာလည်း နှစ်တွေကြာတော့ အပြင်ထွက်ရမှာလည်း မထွက်ချင်တော့ သင်္ကြန်ဆိုရင် အိမ်ထဲမှာပဲစာဖတ်လိုက် ဂိမ်းနှိပ်လိုက် အချိန်ကုန်တယ်။ သင်္ကြန်ဆိုရင် လက်ဘက်ရည်ဆိုင် အတော်များများနဲ့ စားနေကျမုန့်ဆိုင် အတော်များများပိတ်တာက ကိုယ့်အတွက်တော့ အကြီးကျယ်ဆုံးဒုက္ခပဲ။

ညနေဘက် ရေပက်ရပ်ချိန်ရောက်မှ ဆိုင်ကယ်တစ်စီးနဲ့ အပြင်ထွက်ပြီး လက်ဘက်ရည်ဆိုင် လိုက်ရှာရတယ် သူငယ်ချင်းအတော်များများက သူ့အစီအစဉ်နဲ့သူဆိုတော့ လက်ဘက်ရည်သောက်ဘက် သိပ်များများမရှိဘူး ပုံမှန်အားဖြင့်က ကျုံး​ဒေါင့်မှာနေပြီး အိမ်ထဲကအိမ်ပြင်မထွက်တဲ့ ဒီဒီဇုံနဲ့ ကျော်စောဟန်က သင်္ကြန်ဆို ဘယ်အချိန် သွားဖမ်းဖမ်းမိတယ်။

အခုတော့ သင်္ကြန်မရှိတဲ့နေရာမှာနေနေရတယ် ရောက်ကာစနှစ်ကတော့ မြို့လည်ခေါင်မှာ လူစုပြီးတော့ သင်္ကြန်ဆိုတော့ ခဏသွားကြည့်ဖူးတယ် မြို့လည်ခေါင်လမ်းဘေးမှာ မူးပြီးအိပ်နေတာရယ် အိပ်သာပေးထားလည်း တန်းမစီတော့ပဲ တော်ရာပန်းနေကြတာတွေရယ်နဲ့ စိတ်ပျက်တာနဲ့ မသွားဖြစ်တော့ဘူး။ နောက်တော့ သင်္ကြန်တွေ ဘုန်းကြီးကျောင်းရွှေ့သွားတယ် ဒါပေမယ့်လည်း သင်္ကြန်လို့မခံစားမိလို့ မသွားဖြစ်တော့ဘူး။

ဒီနှစ်တော့ သင်္ကြန်တွင်းကို မန္တလေးအိမ်ကို ပြန်ချင်စိတ်ပေါက်နေတယ် ဒါပေမယ့်လည်း ဘာမှလည်းမစီစဉ်ထားတော့ မပြန်နိုင်တော့တာ သေချာပါတယ် ပြန်ရောက်လည်း အပြင်တော့ထွက်ဖြစ်မှာမဟုတ်ဘူး ဒါပေမယ့်လည်း ငယ်တုံးကလို မလည်ဖြစ်မှန်းသိလည်း သင်္ကြန်မရောက်ခင် ကျုံးပတ်ပြီးဘယ်ဘက်ခြမ်းက မဏ္ဍပ်ဘယ်လောက်ရှိသလဲ ရေတွက်ကြည့်ချင်သေးတယ်။