Calm Hill My Random Thoughts

Homemade: Muffin

Muffin

အိမ်ရွှေလိုက်ပြောင်းလိုက်နဲ့ရယ် အလုပ်ထဲကပြဿနာတွေနဲ့ လည်နေတာနဲ့ စာလည်းမရေးအားတာ အတော်ကြာသွားတယ်။ အိမ်ပြောင်းရတာ အတော်လေးဒုက္ခများတယ် ပစ္စည်းတွေရွှေ့ရ ရွှေ့ပြီးပြန်တော့လည်း နေရာပြန်ချနဲ့ အတော်လေးလုပ်ယူရတယ် ဒီနေ့တော့ အတော်လေးနေရာကျသွားတော့ တစ်ခုခုတော့ချက်မယ်ဆိုပြီး ညီမဖြစ်သူကို မုန့်ဖုတ်ပေးမယ် ပြောထားတာ သတိရတာနဲ့ Electric Oven တစ်လုံးသွားဝယ်ပြီးတော့ မုန့်ဖုတ်တဲ့ဇာတ်လမ်းစတော့တယ်။ ပစ္စည်းတွေလည်း သိပ်မစုံသေးတာရယ် လက်မှန်းလည်းမသိတော့တာနဲ့ Muffin ကိုဘာမှမထည့်ပဲ Plain လုပ်ဖြစ်တယ်။ Muffin လုပ်ရတာကလွယ်ပါတယ် အခြေခံကအတူတူပဲ ကိုယ်ထည့်ချင်တဲ့အရသာကို မူတည်ပြီးတော့ပဲ အရသာကနည်းနည်းကွာတာပါ။

ပါဝင်ပစ္စည်း

  1. ဂျုံမှုန့် ၂ ခွက်
  2. မုန့်ဖုတ်ဆော်ဒါ ၂ ဇွန်းခွဲ
  3. ထောပတ် (သို့) ဆီ ၀.၂၅ ခွက်
  4. ကြက်ဥ ၁ လုံး
  5. နွားနို့ ၁ ခွက်
  6. ထည့်ချင်တဲ့အရသာ ထည့်ချင်သလောက်ထည့်

လုပ်ပုံလုပ်နည်းက ထည့်ရမယ့်ပစ္စည်းအားလုံးကို ခွက်တစ်လုံးထဲထည့်ပြီး သမအောင်မွှေပြီးတော့ မုန့်ဖုတ်မယ့် Muffin ခွက်ကလေးတွေထဲထည့် ပြီးတော့ Oven ထဲမှာ ၂၀၀ ဒီဂရီစင်တီဂရိတ်လောက်နဲ့ မိနစ် ၂၀ လောက်ဖုတ်ရင်ရပြီ ပူပူနွေးနွေးစားရင် ဆိုင်ကမုန့်ကိုဝယ်စားချင်တော့မှာ မဟုတ်တော့ဘူး။ တကယ်တော့ အချိန်လည်းသိပ်မကုန်ပါဘူး ပြင်တာဆင်တာကလည်း အားလုံးမွှေတာဆိုတော့ ၁၅မိနစ်လောက်ပါပဲ ညကတည်းကမုန့်ကိုမွှေထား ခွက်ထဲကိုထည့်ပြီး ရေခဲသေတ္တာထဲထည့်ထား မနက်အိပ်ရာထတော့ Oven ဖွင့်ထားရင် မျက်နှာသစ်ရေချိုးပြီးရင် ပူပူနွေးနွေးနဲ့ စားဖို့အဆင်သင့်ဖြစ်ပါတယ်။