Calm Hill My Random Thoughts

သာကီ vs သီလ

ပိတ်ရက်မှာ ဖတ်စရာမရှိပျင်းတာနဲ့ ဦးလေးဖြစ်သူပေးသွားတဲ့ ဓမ္မပဒကိုယူဖတ်တယ် ဝိဋဋူဘမင်းအကြောင်းမှာ ပသေနဒိကောသမင်းက ဘုရားနဲ့ အမျိုးတော်ချင်တော့ သာကီဝင်မင်းသမီးတစ်ပါး အတောင်းလွှတ်လိုက်တာ သာကီဝင်တွေကလည်း သူတို့အမျိုးတစ်ခြားမရောက်ချင် စစ်ဖြစ်မှာလည်းကြောက်တော့ မဟာနာမဆိုတဲ့ သာကီဝင်တစ်ယောက်နဲ့ ကျွန်မနဲ့ရလို့မွေးလာတဲ့ ကျွန်မျိုးနွယ်ကို မင်းသမီးဆို ထည့်ပေးလိုက် နောက်တော့ ဝိဋဋူဘကိုမွေးလာ အမျိုးတွေဆီ အလည်သွားရာက အမေဖြစ်သူကကျွန်မဆိုတာ သိလာတဲ့နောက် အခွင့်သာတဲ့အချိန်မှာ သာကီဝင်တွေကို ဝိဋဋူဘက အကုန်လုံးသတ်ဖို့ စစ်ခင်းတယ်။

သာကီဝင်တွေက ငါးပါးသီလစောင့်တော့ စစ်တိုက်လည်း လူသတ်လို့မရတော့ ဝိဋဋူဘက သာကီလားလို့မေး သူတို့လိမ်မပြောဘူး ဟုတ်တယ်ဆိုရင်သတ် အဖိုးဖြစ်တဲ့ မဟာနာမနဲ့ သူ့နားကလူတွေပဲချန်ဆိုပြီး အကုန်သတ်တယ်။ ကြောက်တတ်တဲ့ သာကီတွေကတော့ လိမ်ပြောရာလည်း မရောက်အောင် မြက်ကိုင်ထား သာကီလားမေးရင် တိဏလို့ဖြေတယ် ကျူပင်ကိုင်ထားတဲ့လူက နာဋ္ဌလို့ဖြေတယ် အဲဒီလူတွေကလွဲရင် အကုန်သေကြတာပဲ ဝိဋဋူဘလည်း စစ်နိုင်လို့အပြန်လမ်းမှာ စခန်းချရင်းနဲ့ ရေနစ်သေတယ်။

အမျိုးအနွယ်နဲ့သီလကို စောင့်ထိမ်းကြတဲ့လူတွေမှာ သာကီဝင်တွေကို နမူနာပြကြတယ် အသက်သာအသေခံတယ် အမျိုးနွယ်နဲ့သီလကို အထိခိုက်မခံဘူးတဲ့။ ဒီနေရာမှာ တကယ်ရောဟုတ်ရဲ့လားလို့ စဉ်းစားစရာအတော်ရှိတယ် ပထမဆုံးက အမျိုးအနွယ်ကိုအပျက် မခံနိုင်ဘူးဆိုရင် မဟာနာမဟာ ကျွန်မနဲ့ဘယ်လိုလုပ် ကလေးရလာခဲ့သလဲ ကျွန်နဲ့ရတဲ့ကလေးကို အမျိုးအနွယ်ထဲမသွင်းတဲ့ ထုံးစံရှိလို့ဆိုရင်လည်း ပသေနဒိတောင်းတော့ အစည်းအဝေးထိုင်ပြီးတော့ တစ်ညီတစ်ညွတ်ထဲ မုသာဝါဒကျူးလွန်တဲ့လူတွေက အသတ်ခံရခါနီးအချိန် မုသာဝါဒမကျိုးချင်လို့ သာကီလားဆို ဟုတ်တယ်လို့ ဖြေတယ်ဆိုတာ ယုံဖို့လည်းခက်တယ်။

တကယ်တော့ ဓမ္မပဒဆိုတာ ဘုရားအသက်ရှိစဉ်ကနေ သေဆုံးချိန်အထိမှာ ပါတ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့သမိုင်းကိုရေးတာ ဟောတဲ့တရားအကြောင်း အဓိကမဟုတ်ဘူး။ ဒေါက်တာသန်းထွန်းပြောသလို သမိုင်းကိုအရှိအတိုင်းမရေးပဲ သာကီကတော့ ဘုရားအမျိုးဆိုတော့ဒို့ဘက်က ဝိဋဋူဘကတော့ လူဆိုးဆိုပြီး ခံစားချက်နဲ့ရေးထားသလို ဖြစ်လာခဲ့တော့ သမိုင်းနဲ့မတူပဲ ဝတ္ထုရေးသလို လူဆိုးလူကောင်းခွဲရေးသလိုဖြစ်လာ ပသေနဒိလိုပဲ ဘုရားနဲ့အတင်း အမျိုးစပ်ချင်တော့ အဲဒီကပြေးလာပြီးတော့ မြန်မာပြည်အခြေချလို့ ကိုယ့်လူမျိုးပေါက်ပွားလာတယ် လုပ်တဲ့လူတွေလက်ထဲမှာ ပိုပြီးတော့ဆိုးသွားပြီး ဥပမာအပေးလွန်တယ်လို့ပဲ ယူဆလိုက်တော့တယ်။