Calm Hill My Random Thoughts

ခက်ဆစ်ဖွင့်ပါ

ငယ်တုံးက အဖေနဲ့လိုက်နေရ မောင်နှမလည်း ၂ ယောက်ပဲရှိသလို အသက်ကလည်းကွာတော့ အကြီးဖြစ်တဲ့ကိုယ်ပဲ အိမ်အလုပ်လုပ်တာ အမေကခိုင်းလိုက် အဖေကရုံးအလုပ် ကူခိုင်းလိုက်နဲ့ပေါ့။ အဖေ့ရုံးမှာက တစ်နှစ်တစ်ခါ အငယ်တန်းအရာရှိ စာမေးပွဲအတွက် ဝင်ခွင့်ကိုစစ်ရတယ် ရှေးတုံးကတော့ လူလည်းနည်းတော့ သင့်လျော်တဲ့လူရွေးပြီး ပို့လိုက်ပေမယ့် နောက်တော့လူများလာတော့ အရှုပ်အရှင်းဖြစ်မှာကြောင့် ကိုယ့်ပြည်နယ်တိုင်းအလိုက် စာမေးပွဲ တစ်ခါစစ်ပြီးမှ လွှတ်တယ်။

စာမေးပွဲကမခက်ဘူး မြန်မာစာ၊ သင်္ချာနဲ့ အထွေထွေဗဟုသုတ ဖြေခိုင်းတယ် ဒါပေမယ့် အလုပ်ထဲကလူတွေဆိုတော့ ကိုယ့်အတွက် မခက်ပေမယ့် သူတို့အတွက်တော့ သင်္ချာလိုဘာသာက အတော်လေးဖြေကြရတယ်။ အဲဒါတွေဖြေပြီးပြီဆို အဖေကလည်း စစ်တာမဟုတ်ဘူး ကိုယ်ပဲစစ်ရတယ် အမှတ်ပေးစည်းမျဉ်းက များများအောင်လေ ကောင်းလေတဲ့။ နောက်တော့ ကျောင်းတက်နေရင်း တက္ကသိုလ်ရောက်တော့ ကိုယ့်သူငယ်ချင်းတွေပါ အငြိမ်မနေရတော့ဘူး အိမ်အလည်လာတဲ့အချိန် စာစစ်တာနဲ့ကိုက်ရင် သူတို့ကိုပါချောဆွဲပြီး စာစစ်ခိုင်းရတယ်။

တစ်ခါကတော့ စစ်ကိုင်းအိမ်မှာ သူငယ်ချင်း ၅ ယောက်ကို ချောဆွဲပြီးတော့ စာစစ်ပေးကြတာ။ မြန်မာစာစစ်ပေးတာ ရူးချင်စိတ်ပေါက်တယ် စာစီစာကုံးမှာ လူတော်လူကောင်းဆိုတာ တစ်ကြောင်းမှမရေးပဲ ခေါင်းစဉ်တပ်ပြီးတော့ အောက်မှာရုံးက ညွှန်ကြားရေးမှူးနာမည်တပ်တဲ့လူရှိတယ် စာစစ်မယ်ထင်တဲ့လူရဲ့ နာမည်ကို ညီမျှချင်းထိုးပြီး တပ်တဲ့လူလည်းရှိတယ်။ မှတ်မှတ်ရရ ဖြစ်သွားတာကတစ်ခုက ခက်ဆစ်အမေးအဖြေမှာ။ မေးထားတဲ့ ခက်ဆစ်ဖွင့်ခိုင်းတဲ့ စကားလုံးက “လက်သည်” လွယ်ပေမယ့် ဘယ်လိုဖြေကြသလဲမသိဘူး လူ ၇၀ မှာ ၃ ယောက်ပဲမှန်တယ် အဖြေကတစ်ယောက်တစ်ခု မတူကြဘူး။

အဖြေ (၁) လက်သည် = တရားခံ။ အဖြေ (၂) လက်သည် = ကလေးမွေးပေးသော အရပ်သားဖွား။ အဖြေ (၃) လက်သည် = ဖဲဝိုင်းတွင် ဖဲထုပ်ကိုင်၍ဝေသူ။

သူငယ်ချင်းတွေက တစ်ချို့လူတွေက အင်မတန်လိမ္မာသေးတယ် ဖဲမရိုက်တတ်သေးဘူး အဲဒီတော့ နောက်ဆုံးတစ်လုံးကို အမှားအမှန်မခွဲတတ်ဘူး “ဖဲဝေတဲ့လူကို လက်သည်ခေါ်သလား အန်ကယ်” ဆိုပြီးအဖေ့ကိုသွားမေးကြတယ် “အေး… ဒီကောင် ဖဲသမားအစစ်ပဲ အမှန်ပေးလိုက်ပါကွယ်” ဆိုတော့ မှန်တဲ့လူ ၃ ဦးထဲမှာ ၁ ဦးအပါအဝင်ဖြစ်သွားရှာတယ်။ သူငယ်ချင်းတွေ ဘယ်အချိန်ဆုံဆုံ မင်းအဖေဒို့ကို စာစစ်ခိုင်းတုံးကဆိုတာနဲ့ လက်သည်ဆိုတာက မပါမဖြစ်ဖြစ်တော့တာပဲ။