Calm Hill My Random Thoughts

60th Anniversary of Aikido in Myanmar

60th Anniversary of Aikido in Myanmar

Aikido Seminar ရှိတဲ့အတွက် တစ်ခါတစ်ရံမှာ ခရီးသွားတတ်ပါတယ် ဒီတစ်ခါတော့ Seminar လုပ်တဲ့နေရာက ရန်ကုန်မှာဖြစ်တဲ့အတွက် အိမ်ပြန်ရင်းနဲ့ ရန်ကုန်ကိုသွားဖြစ်တယ်။ ဘာမှဝင်ငွေမရပဲနဲ့ ဘာဖြစ်လို့ Aikido နဲ့ခရီးသွားသလဲလို့ တစ်ချို့လူတွေက အံ့သြကြတယ်။ တကယ်တော့ကိုယ့်မှာ အပိုအသုံးစရိတ်လည်း ရှိတာလည်းမဟုတ် ရုံးသွားအလုပ်လုပ်နဲ့ လည်နေတဲ့ဘဝမှာ လူမှုရေးဘာသာရေး အပြစ်မရှိတဲ့ ဝါသနာတစ်ခုရှိတာ ပြဿနာတစ်ခုလို့ မမြင်မိပါဘူး။

ရန်ကုန်သွားမယ်ဆိုတော့ ဒီတစ်ခါတော့ ကိုယ်ကဒေသတာဝန်ခံပေါ့လေ စင်္ကာပူကနေ လူ ၉ ယောက်နဲ့ သြဂုတ်လ ၂၃ ညနေပိုင်းမှာ စင်္ကာပူကနေ ထွက်လာခဲ့တယ်။ သင်တန်းမှာ ကိုယ့်ထက် အသက်အများကြီး ကြီးပေမယ့် ဂျူနီယာကျတဲ့ တရုတ်မကြီးတစ်ယောက်ရှိတယ် ခရီးသွားရင်သူက အားအကိုးရဆုံးပဲ အပ်ကနေဒုံးပျံအထိဆိုသလိုပဲ ပစ္စည်းစုံအကုန်သယ်တယ် ခရီးမထွက်ခင် တစ်လအလိုကတည်းက ရန်ကုန်ကိုသယ်လို့မရတဲ့ အသားငါးဘာရှိသလဲဆိုလို့ နေ့လည်စာ ၂ နှပ်အတွက် ဗရုတ်သုတ်ခတွေ သယ်မလာနဲ့လို့ မနည်းပြောတာတောင် လေဆိပ်ရောက်တော့ အိတ်တွေကများတယ်လို့မေးတော့ ပေါင်မုန့်နဲ့စားဖို့အတွက် Cheese တွေဝယ်လာတယ်လို့ပြောတယ်။

ရန်ကုန်ရောက်တော့ လေဆိပ်ကနေ လာစောင့်နေတဲ့ မန္တလေးသင်တန်းက ဆရာနဲ့အဆင်သင့်တွေ့တယ် ဆရာလည်းအကြိုအပို့နဲ့ အလုပ်များနေတာနဲ့ ခဏပဲစကားပြောနိုင်လိုက်ပြီး တင်ပေးလိုက်တဲ့ Taxi နဲ့ပဲ ဟိုတယ်ကိုလိုက်သွားလိုက်ရတယ်။ လမ်းတစ်လမ်းလုံး ကားဆရာက အဆက်မပြတ် အင်္ဂလိပ်လိုပြော ကိုယ်ကလည်းပြောပါတယ် ငါကမြန်မာလို့ဆိုတာ အဲဒါလည်းနားမလည်ဘူး သူ့ဟာသူပြောချင်ရာတွေပြော ကြာတော့ ကိုယ်နဲ့ပါလာတဲ့ လူတွေက နင်ဘာလူမျိုးလို့ ပြောမနေပါနဲ့တော့ဟယ်ဆိုပြီး ရယ်ကုန်ကြတော့တယ်။

ဟိုတယ်ရောက်တော့ ပစ္စည်းပစ္စယတွေနေရာချနေတုံး တရုတ်မကြီးက သူ့အခန်းက ရေခဲသေတ္တာ မဆန့်လို့ လာထားဦးမယ်ဆိုမှ သယ်လာတဲ့အထဲမှာ ခရမ်းချဉ်သီး ဆလတ်ရွက်ကနေ ပေါင်မုန့်အထိ ပါမှန်းသိတော့တယ်။ အဲလိုနေတုံး တစ်ရက်စောရောက်နေတဲ့ ဆရာကရောက်လာပြီးတော့ နောက်နေ့တွေ ငါတို့နေ့လည်စာ ထွက်မစားရတော့ဘူး နေ့လည်စာ ကျွေးမယ်တဲ့လို့ ပြောလည်းပြောရော အားလုံးမှာ အသီးအရွက်တွေတူနာတွေနဲ့ ငိုအားထက်ရယ်အားသန် အဲဒါနဲ့စျေးကနီးတယ်လို့ စျေးထဲမှာပြန်သွင်းရင် ကုန်မှာပါပြောလို့ အားလုံးအူတက်အောင်ရယ်ကြ ခဏနေတော့ အဝတ်လဲပြီး Welcome Dinner ကိုသွားကြ ပြန်လာတော့လည်း အခန်းထဲကမုန့်တွေနဲ့ သောက်ကြစားကြနဲ့ အတော်ကိုနောက်ကျမှအိပ်ဖြစ်တာပါ။

Seminar ကိုလာတဲ့လူတွေက ထင်တာထက်ပိုများပါတယ် Shihan တွေအတော်စုံတယ် Motohiro Fukakusa, Mithuo Funakoshi, Jun Yamada, Kiyoshi Aoki, Kiyosaburu Fukushima, George Chang, Mutsuko Minegeshi, Freddy Khong, Hantung Chang ၇ ယောက်ရှိတယ်။ မဆုံဖူးတာဆိုလို့ Aoki နဲ့ Fukushima နှစ်ယောက်ပါပဲ ကျန်တဲ့လူတွေကတော့ တစ်ကြိမ်မကဆုံခဲ့ဖူးပါတယ်။ Seminar ၂ ရက်ကတော့ တကယ်ကတော့ အလူးအလဲပါပဲ ပင်ပန်းပေမယ့် ဒီလိုထရိန်နင်မျိုးရဖို့မလွယ်တော့ မပျက်ပါဘူး ကိုယ့်တစ်ယောက်ထဲ ပင်ပန်းတာမှမဟုတ်ပဲလေ လူတိုင်းအတူတူပါပဲ။ နောက်ဆုံးနေ့ Demonstration အတွက် Freddy Sensei အတွက် Senior ၂ ယောက်နဲ့အတူ Uke လိုက်ပေးရတယ် ဆရာနဲ့ကိုယ်နဲ့က သင်တန်းမှာ ကစားနေကျအတိုင်းပါပဲ ထူးပြီးတော့ကွာဟတာမှမဟုတ်တာ Demonstration ချောချောမွေ့မွေ့ပါပဲ။

ညပိုင်းရောက်တော့ Farewell Dinner အတွက် ပြင်ရဆင်ရတော့တယ်။ Formal ဝတ်စုံယူလာပါဆိုတော့ တကယ်ကတော့ သယ်ရလွယ်တဲ့တိုက်ပုံ ယူလာဖို့စီစဉ်ပေမယ့် အတူတူလာတဲ့လူတွေထဲမှာ တစ်ယောက်ထဲဖြစ်နေမှာကြောင့် ကျန်တဲ့လူတွေကိုအားနာလို့ ကရိကထများပေမယ့် Suits ပဲယူလာခဲ့ရတယ်။ ကိုယ့်အထဲက Senior အကျဆုံး Edward က မင်းကိုတစ်ခါမှ Formal အဝတ်အစားနဲ့ မမြင်ဖူးဘူးဆိုလို့ ဝိုင်းရယ်ကြရတယ် ဟုတ်တော့လည်း ဟုတ်ပါတယ် သင်တန်းလာရင်တောင် ရုံးကနေလာမှ ဘောင်းဘီရှည်နဲ့ အိမ်ကလာရင်တော့ တီရှပ်အဟောင်း ဘောင်းဘီတိုနဲ့ဆိုတော့ ကလေးမိဘတွေက General Worker သင်တန်းလာသင်တယ်လို့တောင် အထင်ခံရဖူးတာပါပဲ။

Dinner မှာ လွန်ခဲ့တဲ့ ၂၀၀၇ တုံးက လုပ်ခဲ့တဲ့ Seminar မှာဆုံခဲ့တဲ့လူတွေနဲ့ အမှတ်တရလိုက်ပြီးတော့ ဓာတ်ပုံရိုက်ရတယ် ၆ နှစ်အတွင်း ဘယ်လောက်ကွာခြားသွားသလဲ အမှတ်တရပေါ့။ စင်္ကာပူကလိုက်လာတဲ့ Charlie Lim က ရန်ပုံငွေရှာပေးတယ် Charlie က နာမည်ကြီးဓာတ်ပုံဆရာ သူမှာ Light Painting ဆိုတဲ့ကိုယ်ပိုင် နည်းစနစ်တစ်ခုရှိတယ် ရန်ပုံငွေရှာပေးတဲ့အနေနဲ့ အခကြေးငွေပေးချင်သလောက်ပေးဆိုပြီး ရသမျှကို Myanmar Aikikai ကိုလှူပေးခဲ့တယ်။ အမှတ်တရအဖြစ်က ဆရာဦးမြစိန်က Uke လိုလို့ခေါ်ပြီးတော့ စင်ပေါ်မှာ Formal ဝတ်စုံကြီးနဲ့ ကိုင်ပေါက်ခံလိုက်ရတယ်။ စင်ပေါ်ကဆင်းလာတော့ George Sensei က မင်းရဲ့ Gi ကဖြူသွားပြီတဲ့ Freddy Sensei ကတော့ ငါတပည့် ဘောင်းဘီဖင်တော့ပြဲမသွားဘူး မဟုတ်လားဆိုလို့ ရယ်ကြရသေးတယ်။

Dinner ပြီးတော့ နောက်တစ်ရက် မနက်အစောကိုယ်က မန္တလေးပြန်မှာဖြစ်လို့ ဆရာတွေကိုလိုက်နှုတ်ဆက်ရင်း Yudansha တွေပြန်မရသေးလို့ လိုက်ရှာရင်းနဲ့ Shihan တွေအခန်းမှာ သောင်တင်နေတော့တယ်။ မုန့်တွေသယ်လာတဲ့ တရုတ်မကြီးကလည်း အဲဒီ့အခန်းမှာ မုန့်ရှင်းလင်းရေးလာလုပ်တယ် ကိုယ်ကလည်း Yudansha တွေကူပြီး လက်မှတ်ထိုးခိုင်းပေးနေရင်းနဲ့ သူကမုန့်တစ်ခုပေး ကိုယ်ကတစ်ခုစား နောက်တစ်ခုဘေးနားက Shihan တစ်ယောက်လက်ထဲထည့်နဲ့ အဘိုးကြီးတွေကို အဆက်မပြတ်စားခိုင်း နောက်ဆုံးတော့ကိုယ့်နား ဘယ် Shihan မှမထိုင်ကြတော့ပဲ သင်တန်းထဲတော့ မင်းငါတို့ကိုမနိုင်ဘူး အခုအစားအသောက်တော့ မင်းနိုင်သွားပြီတဲ့ ငါတို့တော့မင်းလောက် မစားနိုင်တော့ဘူးဆို လက်မြှောက်သွားကြလေရဲ့။

အားလုံးကိုနှုတ်ဆက်အပြီးမှာ မနက် ၄ နာရီထိုးတော့မယ် အဲဒါနဲ့ အိပ်ချိန်မရှိတော့တာနဲ့ အဝတ်မလဲတော့ပဲ လာခေါ်မယ့်ကားစောင့်ရင်းပဲ ၅ နာရီထိုးတော့ လေဆိပ်ဆင်းရင်း မန္တလေးပြန်ခဲ့တော့တယ် လေယာဉ်ပေါ်ရောက်တော့ ကိုယ့်တစ်ယောက်ထဲ ကြောင်လျှာသီးနဲ့ လူတွေကကွက်ကြည့်ကွက်ကြည့် သိပ်ပြီးတော့ပါတ်ဝန်းကျင်ကို သတိမထားနိုင်တော့ဘူး ရက်ဆက်ပင်ပန်းထားတော့ လေယာဉ်ပေါ်ရောက်တော့ မကြာဘူးအိပ်ပျော်သွားပြီး မန္တလေးရောက်တော့မှပဲနိုးတော့တယ်။ ဒီလိုနဲ့ပဲ Aikido ခရီးစဉ်ကနေ အိမ်အပြန်ခရီးဖြစ်တော့တယ်။ မသေချာသေးပေမယ့် နိုဝင်ဘာမှာလည်း Vietnam နဲ့ Indonesia မှာ Aikido Seminar ရှိတယ် တစ်နေရာရာကိုတော့ သွားဖြစ်ဦးမယ်ထင်ပါတယ်။

comments powered by Disqus