Calm Hill My Random Thoughts

Incidents in the life of a Martial Artist (1)

ငယ်ကတည်းက ကိုယ်ခံပညာတစ်ခုမဟုတ်တခု ကစားဖြစ်သလို ကိုယ့်ရဲ့ဘဝအစိတ်အပိုင်း အတော်များများမှာနဲ့ အတွေးအခေါ်အယူအဆမှာ ကိုယ်ခံပညာက အများကြီးလွှမ်းမိုးမှုရှိပါတယ် Website နာမည်ဖြစ်တဲ့ CalmHill ဆိုတာကိုပဲ တကယ်တော့ ကိုယ်ခံပညာနဲ့မလွတ်ကင်းပါဘူး Gichin Funakoshi ရဲ့အကြောင်းထဲမှာ Shoto ဆိုတဲ့ကလောင်နာမည်ဟာ သူစာရေးနေကျနေရာက မြင်နေကျ ထင်းရှူးပင်တွေ လေတိုက်တဲ့အခါ ယိမ်းနွဲ့နေတာကို အစွဲပြုပြီးတော့ ပေးထားတာ နောက်တော့ နာမည်ကျော် Shotokan Dojo ဖြစ်လာတယ်။ အဖော်မရှိတော့ အဲလိုစာတွေပဲဖတ်နေရပြီး ထင်းရှူးတောထဲမှာ ကရာတေးကစားရတာ စိတ်ကူးနဲ့ပိုပျော်ပါတယ် အဲဒါနဲ့ အဖေဖြစ်သူကလည်း အိမ်နားလေးကနေ မိနစ် ၂၀ လောက်ပဲသွားရတဲ့ ထင်းရှူးတောထဲက တောင်ကုန်းလေးပေါ်ရှင်းလင်းပြီးတော့ Makiwara တစ်တိုင်စိုက်ပြီး ထားပေးတယ် လေးငါးဆယ်နှစ်နေလို့ တစ်ခါပြန်မရောက်တော့ပေမယ့် ငြိမ်းငြိမ်းချမ်းချမ်းတောင်ကုန်းလေးကို အမှတ်တရနေနဲ့ Website နာမည်လေးကို CalmHill လို့နာမည်ပေးထားဖြစ်တယ်။

ကိုယ်ခံပညာအပေါ်မှာ လူတွေကအမြင်အမျိုးမျိုးရှိတယ် ရန်လိုတယ် အန္တရာယ်ရှိတယ် စသည်ဖြင့် အများကယူသလို ငြိမ်းချမ်းတယ်လို့ ယူဆတဲ့လူလည်းရှိတယ်။ ကိုယ့်ကိုမေးရင်တော့ ငြိမ်းချမ်းလားမေးရင် ကိုယ်ခံပညာနဲ့မပါတ်သက်ပါဘူး ငြိမ်းချမ်းဖို့ကတော့ ငြိမ်းချမ်းအောင်နေတတ်ရင်လို့ပဲ ဖြေဖြစ်မယ်ထင်ပါတယ်။ ကိုယ်ခံပညာကို ရန်လိုပြီးတော့ လေ့လာတဲ့လူရော မတတ်တဲ့လူရောရဲ့အြမင်မှာ ကိုယ်ခံပညာကို လိုက်စားတဲ့လူဆိုတာက သဲအိတ်လိုပဲဖြစ်နေတယ် သူ့ဟာသူနေလည်း ဘေးကဖြတ်သွားတောင် အနည်းဆုံးတော့လက်နဲ့ တွန်းတိုက်သွားကြတာ။ အချိန်ကြာလာတဲ့အမျှ သတ်မှတ်ထားတဲ့ အချိန်အရရော ခါးပါတ်အရောင်ပြောင်းလာ လူအများစုအမြင်မှာက ခါးပါတ်အရောင်မြင့်လာတာနဲ့ လူတွေကလေးစားကြမလား လူရှိန်လာမလားပေါ့ တကယ်ကတော့မဟုတ်ဘူး အဲလိုဖြစ်လာလေလေ လက်တည့်စမ်းချင်တဲ့လူ များလာလာလေ အတွန်းအတိုက်ကခံရလေလေပဲ။

အဲဒါတွေနဲ့ ပုံမှန်အားဖြင့် ကိုယ့်ခံပညာတစ်ခုခု လိုက်စားသလား ဝါသနာပါသလားမေးရင် ပါပါတယ်လို့ပဲ ရိုးရိုးသားသားဖြေပါတယ် သို့ပေမယ့်လို့ ဘယ်လိုအဆင့် ထည့်လည်းမပြောသလို ဘယ်သူမှန်းမသိ ဘယ်ဝါမှန်းမသိဆို ပိုလို့တောင်မဖြေပါသေးတယ်။ လျှို့ဝှက်ထားစရာလည်း လိုအပ်တာမဟုတ်တော့ ခင်တဲ့မင်တဲ့လူတွေက အသေအချာစိတ်ဝင်စားလို့မေးရင်တော့ ဖြေပါတယ် အဲဒီတော့ကိုယ့်အကြောင်းက သိတဲ့လူလည်းရှိသလို မသိတဲ့လူလည်းများတယ်။ ဖြစ်ချင်တော့ ကိုယ်နဲ့သိတဲ့ ကောင်လေးတစ်ယောက်က ဒီလူကြီးက Aikido ဘယ်အဆင့်ဆိုပြီး Facebook Group တွေထဲ ဖော်ကောင်သွားလုပ်ရာကနေ အပြင်တင်မဟုတ်ပဲ Facebook ပေါ်ပါ စကားလုံးနဲ့ လက်တည့်စမ်းမယ့်လူတွေ ထပ်ထွက်လာကြာပါရော။ တကယ်တော့ ကိုယ့်အတွက်ကတော့ မတည့်တဲ့လူဆိုတာ မထူးဆန်းပါဘူး မမြင်ဖူးတောင် စကားလုံးမြင်ရုံနဲ့ အမြင်ကပ်ခံနေကျပါ အဲဒီတော့ မသိချင်ယောင်ပဲဆောင် ဘာမှလည်းပြန်ပြောမနေတာ။

တခြားလူတွေကသာ ကိုယ့်ကိုဆရာဆိုပြီး အထင်နဲ့ကြည့်နေကြတာ တကယ်တမ်းက ကိုယ့်မှာက ခါးစည်းအဆင့်တွေက အချိန်စေ့လို့စစ်ဆိုပြီး ဆရာဘေးနေလို့မဖြေမနေရ ဖြေထားရတာတွေ ကိုယ့်မှာအဲဒါတွေပြပြီးဆရာဆိုပြီး နေချိန်ကိုရှိတာမဟုတ်ပါဘူး ကိုယ့်သင်တဲ့ဆရာဆိုတာတေွက အသက် ၆၀−၇၀ အရွယ်တွေ ကိုယ့်သူတို့သားအရွယ် မြေးအရွယ်ပဲရှိတာ သူတို့ကလည်း ခါးစည်းအဆင့် ပုံမှန်စစ်ပေးနေတာကလည်း သူတို့မရှိတော့တဲ့အချိန်မှာ သူတို့နေရာမှာဆက်ပြီးတော့ နောက်လူတွေကို ဆက်ပြီးတော့သင်ပေးသွားနိုင်အောင် လုပ်ပေးထားတာတခုပါ ဘာမှခံစားချက်မရှိဘူး သူတို့အမြင်မှာက ကိုယ့်ကဘယ်တော့မှ တပည့်ဘဝကနေမလွတ်ပါဘူး နေ့စဉ်ရက်ဆက် အဆူမခံရတဲ့ရက်လည်းမလွတ် အသုံးမကျလို့ဆိုပြီး နားရင်းရိုက်ဖင်ပိတ်ကန်နဲ့ ဒီနေ့အထိရယ်ပါ။ တကယ်တော့ ဆရာအဆင့်ဆိုတာ ဘယ်နိုင်ငံဖြစ်ဖြစ်နည်းပါတယ် ကိုယ့်နောက်လှည့်ကြည့်လိုက်လို့ ကိုယ့်ထက်ငယ်တဲ့လူက ၁ နှစ်နေလို့ ၁ ယောက်တက်လာတာ အင်မတန်လည်းနည်းပါတယ် အဲဒီတော့ အငယ်ဆုံးဘဝကနေ ဘယ်တော့မှလည်း လွတ်မှာမဟုတ်ပါဘူး။

အဲဒီတော့ ကိုယ်ခံပညာဟာ ငြိမ်းချမ်းလားဆို ငြိမ်းချမ်းအောင်နေမှပါ မဟုတ်ရင်တော့ လက်တည့်လာလာစမ်း လက်တည့်မစမ်းတောင် ပါးစပ်စမ်းတဲ့လူတွေ အခုခေတ်တော့ ကီးဘုတ်စမ်းတဲ့လူတွေနဲ့ အင်မတန်မှပဲ အနှောက်အယှက်ဖြစ်ပါတယ် ဥပေက္ခာပါရမီအင်မတန်လိုတယ် မျက်စေ့ပိတ်သင့်တဲ့အခါပိတ် နားပိတ်သင့်တဲ့အခါပိတ် ပါးစပ်ပိတ်သင့်တဲ့အခါပိတ် ကြောက်လားမေးလို့ ကြောက်တယ်ဖြေရင် ပြဿနာပြီးမယ်ဆိုရင် ကြောက်တယ်ဖြေရုံပေါ့ တောင်းပန်မှဆိုလည်း တောင်းပန်ပေးလိုက်ရုံပါ လူတစ်ယောက်နဲ့ ယှဉ်ပြီးတော့မမိုက်လိုက်လို့ ကိုယ်သိက္ခာကျတယ်လို့မမြင်ပါဘူး ကြောက်တယ်ပြောလို့ တပည့်တွေမရှိတော့ဘူးဆိုလည်း အဲလောက်မပူပန်ပါဘူး သွားချင်လည်းသွားကြပါစေ အဲလိုတပည့်မျိုးရှိရင်တောင် ကိုယ့်ဆုံးမနိုင်တာညံ့လို့ဆို စိတ်မကောင်းဖြစ်မိရုံပါပဲ သင်တယ်ဆိုတာလည်း ကိုယ့်အချိန်ရောက်လို့ နောက်လူတွေအတွက် တာဝန်ပြန်ယူပေးတာပါ ကိုယ့်ဆီကမယူချင်လည်း အဲလောက်တော့စိတ်ထဲမရှိတာ ကိုယ့်အတွက်တော့ ကိုယ်ခံပညာကို ငြိမ်းချမ်းတဲ့အရာအဖြစ်ကနေ မပျောက်မပျက်အောင်ပဲ ထိမ်းသိမ်းထားမှာပါ။

comments powered by Disqus