Calm Hill My Random Thoughts

ပဲပြုတ်

ဗမာလူမျိုးနဲ့ ပဲပြုတ်ဆိုတာ တကယ်ကတော့ ဖွားဘက်တော်ပဲ ဘယ်နေရာရောက်ရောက် ခွဲလို့မရကောင်းတဲ့ အရာနှစ်ခုလို့ဆိုရမယ် အိမ်မှာငယ်ကတည်းက မနက်ခင်းဆိုတာက အပြင်ထွက်စားရတာမဟုတ် တကယ်ကတော့ တောထဲမဟုတ်ရင်တောင် မြို့အပြင်နေရတာများတော့ ဝယ်စားချင်လည်း ရေရေရာရာဘာမှ မရှိတာများတာပါ တက္ကသိုလ်တက်မှ မြို့မှာနေရတာ များခဲ့တာဆိုတော့ မနက်စာက အိမ်မှာပဲစားရတယ် ထမင်းဆီဆမ်းနဲ့ အကြော်စုံ ဒါမှမဟုတ်လည်း ပဲပြုတ်နဲ့ထမင်းကြော်ပေါ့။ မြန်မာနိုင်ငံဆိုတော့ တောပဲနေနေ မြို့ပဲနေနေ ပဲပြုတ်ဝယ်မရတဲ့နေရာ မရှိတဲ့အတွက် အဆင်ပြေပေမယ့် တခြားနိုင်ငံရောက်သွားတော့ ပဲပြုတ်လေး အဆင်ပြေပြေ တခါစားရဖို့ဟာ သိပ်ပြီးတော့ မလွယ်ကူတဲ့ အခြေအနေမှာရှိတယ်။

ပဲပြုတ်ကို အိမ်မှာလုပ်လို့ မလွယ်ဘူးဆိုတဲ့ အယူအဆကိုလည်း လက်မခံချင်တာရယ်နဲ့ ဒီတခေါက်အိမ်ပြန်တော့ ပဲပြုတ်လုပ်ဖို့ နည်းလမ်းရှာရတယ် အိမ်ကလူတွေ ဘယ်သူ့မေးမေး မသိဘူးဆိုတဲ့ အဖြေပဲရနေတာနဲ့ အိမ်ကိုလာတဲ့ ပဲပြုတ်သည် အဒေါ်ကြီးကိုပဲ ပဲပြုတ်ပြုတ်နည်း မရရအောင် မေးလာခဲ့ရတယ်။ စျေးသည်တိုင်းက ပဲပြုတ်ပြုတ်နည်းက ပြောပြချင်တာ မဟုတ်ပေမယ့် သူ့အမေရဲ့ လက်ထက်ကတည်းက ဖောက်သည်အိမ်ဆိုတာရယ်နဲ့ အဒေါ်ကြီးကလည်း ပြောပြရှာပါတယ် ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါဘူးကွယ်တဲ့ လက်မှန်းအဆ အချိုးကျသွားရင် လွယ်ပါတယ်တဲ့ လွယ်တယ်ပြောရင် ဒို့လည်းအလုပ် ဘယ်ရှိပါတော့မလဲတဲ့ အဲဒါနဲ့လွယ်တယ်လို့ မပြောကြတာပါဆိုပြီး ပြောပြပါတယ်။

Peas Sprout

ပဲပြုတ်အတွက် အဓိကလိုအပ်တာက စားတော်ပဲပါ ပြုတ်လိုတဲ့ ပမာဏလောက်ကို ရေဆေးပြီးတော့ အနည်းဆုံးတော့ တရက်လောက် ရေစိမ်ထားလိုက်ရတယ် ပြီးမှဆယ်ပြီးတော့ ရေစိုအဝတ်လေးနဲ့ ထုပ်ပြီးတော့ အပင်ဖောက်ရတယ် ရေစိုအဝတ်နဲ့ ထုတ်ထားတုံးမှာတော့ ဇလုံထဲထည့်ထားရင် အောက်ကရေတွေအိုင်ပြီး ပဲတွေရိသွားမှာစိုးတာနဲ့ ဇကာထဲမှာပဲ ရေစိုအဝတ်ကိုထည့်ထားပြီး ရေနည်းနည်းခြောက်သွားရင် ရေနည်းနည်းဖြန်းပေးလိုက်တယ် အပင်ဖောက်တာလည်း တရက်တရက်ခွဲဆို ပြုတ်လို့ရတဲ့ အခြေအနေလောက် အညှောင့်လေးတွေ ကောင်းကောင်းရပါတယ်။

နည်းပြောလိုက်တဲ့ အဒေါ်ကြီးက ပဲပြုတ်ကိုစပြီးတော့ ပြုတ်တော့မယ်ဆိုရင် ပဲတွေကစပြီးတော့ ခြောက်လာတဲ့အတွက် ဒီအတိုင်းမပြုတ်ပဲနဲ့ ပဲအညှောင့်ပေါက်တွေကို တညလောက် ရေပြန်စိမ်ရမယ် ရေမစိမ်ရင် အကျက်မညီ ဖြစ်တတ်တယ်လို့ မှာလိုက်တယ်။ တညလောက်ရေစိမ်ပြီးတော့ ပဲပြုတ်လို့အဆင်ပြေမယ့် အိုးထဲမှာထည့် မုန့်ဖုတ်ဆော်ဒါ နည်းနည်းထည့် ရေကတော့ ပဲမြုတ်ရုံထက် နည်းနည်းလေး ပိုအောင်ထည့် နောက်ပြီးတော့ အရောင်လှဖို့အတွက် ထန်းလျက်ရည် နည်းနည်းထည့်ပြီးတော့ မီးအေးအေးနဲ့ ရေခန်းတဲ့အထိတည်ရင် ပဲပြုတ်ကျက်ပါတယ်။ ဟင်းချက်တယ် ဆိုတဲ့နေရာမှာ ပုံသေနည်းတော့ အတိအကျ ယူဆလို့တော့ မရဘူးပေါ့လေ ရေအနည်းအများက ပဲအပေါ်လည်းမူတည်မယ် ရေခန်းခါနီးလောက်မှာ ပဲကိုမြည်းကြည့်ပေါ့ မကျက်နိုင်လောက်ဘူးထင်ရင် ရေတော့နည်းနည်းထပ်ထည့်။

Peas

ပထမဆုံးအကြိမ်ဆိုပေမယ့် အဆင်ပြေပြေစားလို့ရတဲ့ အခြေအနေကိုရပါတယ် တခုပဲနည်းနည်းလိုတာက ထန်းလျက်ရည် ထည့်တာနည်းသွားတဲ့ အရောင်သိပ်မညိုတာရယ် ဆော်ဒါထည့်တာ နည်းသွားတဲ့အတွက် တချို့ပဲလုံးလေးတွေမှာ ဆတ်တောက် ဆတ်တောက် ဖြစ်နေတာလေးတခုပါ ဒါပေမယ့်အဲလိုဖြစ်တဲ့ ပဲလုံးကတော့ အတော်လေးနည်းပါတယ်။ ကြည့်ရတာကတော့ ထည့်လိုက်တဲ့ ဆော်ဒါအမျိးအစား နည်းနည်းကွာသွားတယ်ထင်တယ် မုန့်ဖုတ်တဲ့ဆော်ဒါက Pan Cake လုပ်ရင် နည်းနည်းပြင်းတော့ လက်မှန်းမကိုက်တာများလို့ အိမ်မှာသုံးနေကျ နည်းနည်းရောနှောထားတဲ့ ဆော်ဒါပဲသုံးလိုက်မိတယ် နောက်တခါလုပ်မှ နည်းနည်းပိုထည့်ပြီးတော့ အချိုးအစားစမ်းကြည့်ရမယ် ဘာပဲဖြစ်ဖြစ် ပဲပြုတ်တော့ ပေါပေါများများ စားလို့ရသွားပါပြီ။