Calm Hill My Random Thoughts

Linux ဋီကာ

အို… ကွန်ပျူတာပညာရပ်ကို သင်ကြားလေအပ်သော ကျောင်းသားအပေါင်းတို့ အသင်တို့သည် Linux ဟူသည့် Operating System ကိုစတင် အသုံးပြုမည်ဆိုငြားအံ့ ကနဦးအနေဖြင့် ရှာရလွယ်ခြင်း သွင်းရလွယ်ခြင်း သုံးရလွယ်ခြင်း မေးရလွယ်ခြင်း ဟူသော ၄ ပါးသော အင်္ဂါတို့နှင့်ပြည့်စုံသော Distro ကိုသာရွေးချယ်ကြလော့ ဥပမာဆိုရအံ့သော် Ubuntu, Fedora, openSUSE ကဲ့သို့သော Distro မျိုးများကိုသာ ရွေးချယ်ကြပါလေ Mouse Click နှိပ်ခြင်းတည်းဟူ​သော အတတ်ကို တတ်ရုံမျှဖြင့် လွယ်ကူစွာပင် Install ပြုလုပ်ခြင်းပြီးစီးကာ အသင်တို့၏ Laptop များတွင် Facebook အလွယ်တကူ အသုံးပြု၍ရလေအံ့။

အို… ကွန်ပျူတာပညာရပ်ကို သင်ကြားလေအပ်သော ကျောင်းသားအပေါင်းတို့ ရွေးချယ်ရန်ကို ညွှန်အပ်လေပြီးသော် ရှောင်ရှားအပ်လေသော Distro တို့ကို ပြဆိုအံ့။ အမောင်တို့သည်ကား မြှောက်ပေးမည့်သူ များပြားလေသော်လည်း BackTrack, Kali ကဲ့သို့သော အမြင်အားဖြင့် လှသော်လည်း ဘေးလူအမြင်၌ ဘာမှန်းမသိညာမှန်းမသိ အထင်ကြီးကောင်း ကြီးနိုင်သော အကျိုးကျေးဇူးမှအပ အသင်တို့အားမည့်သည့် အခြားမည်သည့်အကျိုးကိုမျှ မပေးလေသော အဆိုပါ Distro များကိုကား ဝေးစွာပင်ရှောင်ကျဉ်အပ်၏။ Gentoo, Slackware ကဲ့သို့သော Distro များသည်လည်း Linux ဆိုတာ ဂျိုနဲ့လားဟူသော မျက်မမြင်ပုဏ္ဏား ဆင်စမ်းသကဲ့သို့ အခြေအနေမျိုးဖြင့်ကား စတင်ခြင်းငှာမအပ်သော Distro များပင်တည်း။

အို… ကွန်ပျူတာပညာရပ်ကို သင်ကြားလေအပ်သော ကျောင်းသားအပေါင်းတို့ Ubuntu, Fedora အပေါင်းတို့ကို Gnome, KDE များဖြင့် သုံးတတ်ကာမျှဖြင့် ရွှေဉာဏ်တော် စူးရောက်ကာ အတတ်ပညာထူး တတ်လေပြီဟု မမှတ်ယူကြကုန်လင့် အဆိုပါအရာများကား မည့်သူ့သုံးခိုင်းသုံးခိုင်း သုံးတတ်သည်သာဖြစ်၏ Mouse Click နှိပ်ခြင်းလျှော့ကာ Typing လေ့ကျင့်ခြင်းအားဖြင့် Terminal အတွင်း Command များမှတ်မိလေအောင် ဆက်လက်အသုံးချပါလေ။ ထိုကဲ့သို့သော Mouse ဟူသော Click လုပ်ခြင်းအတတ် Keyboard တည်းဟူသော Typing အတတ်တို့ဖြင့် အညီအမျှအသုံးချ ခိုင်းစေတတ်ပြီဆိုလျှင် အခြားတပါးသောလူတို့ ဖန်တီးပေးကုန်အပ်သော Linux ကို အသုံးပြုတတ်စ ပြုလေပြီဟု မှတ်ယူပါလေ။

အို… ကွန်ပျူတာပညာရပ်ကို သင်ကြားလေအပ်သော ကျောင်းသားအပေါင်းတို့ ls နှင့် cd တည်းဟူသော command ကို ရိုက်တတ်နှိပ်တတ်ရုံမျှဖြင့် သွေးနားထင်ရောက်ကာ ဆံရှည်မုတ်ဆိတ်နှင့် မည်သူ့မျှ အရေးမစိုက်လေသော Richard Stallman ၏ စကားလုံးများကို မိတ္တူပွားတာ ဝစီမှု့အားဖြင့် အာမချောင်ကြကုန်နှင့်။ အဆိုပါစကားလုံးများကား မိမိကိုယ်တိုင်ပင်ဝေးစွ အများသူငှာရေးအပ်စွာသော Software များကိုပင် ဖုတ်လိုက်ဖုတ်လိုက် ပြေးကာလိုက်ရင်း အသုံးပြုတတ်အောင် မနည်းပြုနေရသူ Wifi Driver ပျောက်လျှင်ပင် ဦးဂူဂဲကို အခါခါမေးရင်း မျောက်မီးခဲကိုင် အဖြေမှန်လျှင်ပင် ဘာပြင်ရမှန်းမသိသူများနှင့် များစွာအပ်စပ်လှသော စကားလုံးများမဟုတ်ချေ။

အို… ကွန်ပျူတာပညာရပ်ကို သင်ကြားလေအပ်သော ကျောင်းသားအပေါင်းတို့ ရှေ့လူတို့က ဖန်တီးလေအပ်သော Linux ကို အသင့်တပ်ဆင်ပေးပြီးဖြစ်သော Distro တို့ဖြင့်စတင်ကာ အသုံးပြုတတ်ပြီဆိုငြားအံ့ မိမိတို့ကိုယ်တိုင်လည်း တပ်ဆင်တတ်အောင် လေ့လာကြိုးကုတ် အားထုတ်အပ်၏။ ရှေးယခင်က Floppy တချပ်ဖြင့် တပ်ဆင်လေအပ်သော Pocket Linux ကဲ့သို့သော Project များရှိလေသော်လည်း​ ခေတ်နှင့်မလျော်ညီ Floppy ရှာ၍မရမည်ကြောင့် တစ်စစီဖြုတ်ဆက်အပ်သော Linux From Scratch ကဲ့သို့သော Project များဖြင့် ကြိုးစားအားထုတ်အပ်ပါလေ။ အချိန်အားဖြင့် သော်လည်းကောင်း ကာယလုပ်အားဖြင့် သော်လည်းကောင်း ဉာဏအင်အားဖြင့် သော်လည်းကောင်း များစွာကုန်ကျမည် ဖြစ်သော်လည်း ရရှိလာမည့် အတွေ့အကြုံနှင့် အသိပညာ ပမာဏအားဖြင့်ကား အဆိုပါအားထုတ်မှု့မျိုးမှာ ရင်းနှီးမြှုတ်နှံအပ်၏။

အို… ကွန်ပျူတာပညာရပ်ကို သင်ကြားလေအပ်သော ကျောင်းသားအပေါင်းတို့ အချိန်တခုအရင်းပြု၍ အခြားတပါးသောသူတို့ ရေးသားစီရင်လေအပ်သော မည်သိုမည်ပုံ Build လုပ်ပါဟု စာရွက်စာတမ်း အပြည့်အစုံဖြင့် ပေးလေအပ်သော Source များကိုပင် မည်မျှခက်ခဲစွာ တပ်ဆင်ရသည်ကို သိရှိလေအံ့ Source များကို အမှတ်မထင်ဖွင့်မိလေက မည်သို့မျှ နားလည်နိုင်စွမ်းမရှိသည့် မိမိတို့၏ အရည်အချင်းကို အမှန်အတိုင်းစတင်ကာ နားလည်လေအံ့။ လစ်လပ်နေလေသော အသိဉာဏ်တို့ကို မိမိတို့သင်ကြားနေရလေသော Operating System Textbook များမှ အတတ်ပညာများဖြင့် ဖြည့်စွက်နားလည်ရန် ကြိုးပမ်းခြင်းသည်ကား မှန်ကန်သော အတတ်ပညာကို တတ်မြောက်ရာလမ်းသို့ စတင်လျှောက်လှမ်းခြင်းတည်းဟု Linux ဋီကာ အဖွင့်ကျမ်းကို နိဂုံးချုပ်၏။

အပ္ပမာဒေန သမ္ပာဒေထ

ကျမ်းပြုဆရာ ဦးကမ်းဟေး

ခရစ်နှစ် ၂၀၁၄ ဇန်နဝါရီလ ၂၃ရက် ညသန်းခေါင်ယံ

သီဟပူရတိုင်း တိုက်ခန်းတနေရာ