Calm Hill My Random Thoughts

Freddy Sensei’s 50th Anniversary of Aikido

လွန်ခဲ့တဲ့နှစ်က မြန်မာနိုင်ငံရဲ့ အနှစ် ၆၀ မြောက် Aikido နှစ်ပတ်လည် အခမ်းအနားကို ဆရာနဲ့အတူသွားဖြစ်ရင်း တစ်ညနေမှာ အတူတူလာကြာတဲ့လူတွေကို မြန်မာပြည်ရောက်တဲ့ အထိမ်းအမှတ်နဲ့ ထမင်းလိုက်ကျွေးရင်း ဆရာကသူငယ်စဉ်က အကြောင်းတွေ စကားပြောဖြစ်ကြတော့ ၂၀၁၃ ခုနှစ်ဟာ ဆရာ့ရဲ့ အိုက်ကိဒိုကစားသက် အနှစ် ၅၀ ပြည့်တဲ့နှစ်ပဲဆိုတာ သိသွားကြတဲ့နောက် အနှစ် ၅၀ ပြည့်အထိမ်းအမှတ်နဲ့ Seminar တခုလုပ်ပါလို့ ကိုယ့်အပါအဝင် တပည့်အားလုံးက ဝိုင်းတိုက်တွန်းတော့ မင်းတို့တာဝန်ယူရင် လုပ်ကြဆိုပြီး ခွင့်ပြုလိုက်တယ်။ ရန်ကုန်လိုက်လာတဲ့ တပည့်တွေအားလုံး တိုင်ပင်ကြရင်းနဲ့ ၂၀၁၃ ထဲမှာလုပ်ဖို့က ရက်လည်းနည်းနေပြီဖြစ်တာနဲ့ ၂၀၁၄ ထဲမှာလုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ကြရတယ်။

ဆရာ့ရဲ့ အနှစ် ၅၀ မြောက် Aikido မွေးနေ့အခမ်းအနားဆိုတော့ ရက်နီးမှကပ်ပြီး ဖိတ်သလိုဖြစ်ရပေမယ့် Fukakusa Shihan, Minegishi Shihan နဲ့ Hattori Shihan တို့က မအားတဲ့ကြားကနေ ရောက်အောင်လာကြတယ်။ Seminar က ၂၁ ရက်မှာ စမှာဖြစ်ပေမယ့် Minegishi Shihan က ၁၉ ရက်နေ့ထဲက ရောက်နေလို့ ၂၀ ရက်နေ့မှာ Camp ကို စောစောလာခဲ့ Minegishi Sensei တယောက်ထဲ ဖြစ်နေတယ်ဆိုလို့ ၂၀ ရက်နေ့ကိုခွင့်ယူပြီးတော့ မနက်အစောထဲက Camp ကိုထွက်ခဲ့လိုက်တယ်။ Camp ကိုရောက်တော့ ဆရာတယောက်ထဲ ပစ္စည်းလာပို့မယ့် ကားတွေကို စောင့်နေရတာမြင်တော့ ခွင့်ယူလာခဲ့မိတာ ဝမ်းသာလိုက်ရတယ် အလုပ်ကိုယ်စီနဲ့ဆိုတော့ ကူမယ့်လူမရှိဖြစ်နေရတာ ကိုယ်ရှိတော့သူလည်း ခိုင်းစရာလူရှိတာပေါ့လေ။ မြက်ဖျာတွေခင်း Camp ထဲမှာရှင်းလင်းပြီး ပစ္စည်းတွေနေရာချ ရောက်လာတဲ့ ဧည့်သည်တွေကို အခန်းတွေနေရာချနဲ့ အပြီးလောက်မှာ Minegishi Sensei လည်း ဗိုက်ဆာချိန်ရောက်တော့ အောက်ဆင်းလာတော့ ကိုယ့်မြင်တော့ ဝမ်းသာအားရပြေးလာတယ် မင်းရှိတာအတော်ပဲ ငါ့မနေ့ညထဲက တယောက်ထဲဖြစ်နေတာ နေ့လည်စာသွားစားကြစိုဆိုပြီး နှစ်ယောက်သား ထွက်လာခဲ့တယ်။

နေ့လည်စာစားတော့ အတော်လေးခက်တယ် Minegishi Sensei က Carbohydrate ပါတဲ့အစားစာတွေဟာ မတည့်တဲ့အတွက် မစားသလောက်ဖြစ်တော့ သူစားလို့ရတာက အသီးအရွက်နဲ့ငါးပဲရှိတယ် အသားလည်း မစားသလောက်ပဲ။ ကိုယ်လည်း သူနဲ့ပေါင်းပြီး အသီးအရွက်နဲ့ နှစ်ပါးသွားလိုက်ရတယ်။ ထမင်းစားရင်းနဲ့ သူမြန်မာနိုင်ငံကို ရောက်တုံးက အကြောင်းတွေပြောပြီးတော့မှ သူဟာ Burma Aikikai ကို တည်ထောင်ခဲ့တဲ့ Yamaguchi Shihan ရဲ့ တပည့်ဆိုပြီး ပြောပြရင်းနဲ့ Guam ကို သူရှိနေတုံး တခေါက်တော့ ရောက်အောင် လာပါလို့ခေါ်ရင်းနဲ့ Aikido အကြောင်း သင်တန်းပို့ချလိုက်တာ ညနေစောင်းမှပဲ Camp ကိုပြန်ရောက်တော့တယ်။ Camp ကိုပြန်ရောက်တော့ လူအတော်စုံနေပြီ တခြားနိုင်ငံတွေက ရောက်လာမယ့်လူတွေ အားလုံးရောက်နေပြီဖြစ်သလို Fukakusa Shihan နဲ့ Hattori Shihan လည်းရောက်နေပြီ ကြာကြာမနားလိုက်ရပါဘူး Camp ဖွင့်ပွဲအဖြစ် ပထမဆုံးအချိန်ဆိုပြီး ဆရာကိုယ်တိုင်သင်မယ်ဆိုတော့ အပြေးအလွှားအဝတ်လဲ သင်တန်းထဲကိုဝင်ရတယ်။ ဆရာလည်း အတော်ကိုပျော်နေပုံပဲ ကိုယ့်ကိုအခါခါ ကိုင်ပေါက်သွားတယ်။ သင်တန်းပြီးတော့ ထုံးစံအတိုင်းလူလည်းစုံ စားစရာလည်းစုံ စကားပြောရင်း သောက်လိုက်စားလိုက်ကြတာ မနက် ၂ နာရီထိုးမှပဲ အတင်းအိပ်ခိုင်းမှ အိပ်ကြရတော့တယ်။

Sensei

မနက်ခင်းပိုင်း ပထမအချိန်ကို Hattori Sensei ကတာဝန်ယူပြီးတော့ Weapon တန်းကိုသင်တယ် နောက်တချိန်ကို Minegishi Sensei ကတာဝန်ယူတယ် နေ့လည် ပထမအချိန်က ဆရာကိုယ်တိုင်သင် နောက်ဆုံးအချိန်က Fukakusa Sensei တာဝန်ယူတယ်။ Hattori Sensei အချိန်ဟာ လူအတော်များများအတွက် ခက်ခဲပါတယ် Hattori Sensei သင်ပုံသင်နည်းဟာ ဂျပန်သင်ပုံသင်နည်းလို့ဆိုရမယ် ရှင်းပြလေ့မရှိသလို သူသင်တာကိုအသေအချာကြည့် ပြီးရင်လိုက်လုပ်ရတယ် ကိုယ့်အတွက်က မထူးဆန်းပေမယ့် ဂျူနီယာ အတော်များများအတွက် အခက်အခဲရှိတယ်။ Minegishi Sensei အချိန်ကတော့ လူပေါက်စေ့ အဆူခံရတဲ့အချိန်ပဲ ကိုယ်လည်း နားရင်းဘယ်နှစ်ခါ အရိုက်ခံလိုက်ရမှန်း မမှတ်မိတော့အောင်ပါပဲ ခင်တဲ့လူဖြစ်လေလေ အကြိမ်ကြိမ်အခါခါ အဆူခံရလေလေပါ။

နေ့လည်ပိုင်း ဆရာ့အချိန်ကတော့ အငြိမ်းချမ်းဆုံးပဲ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုသလို ကိုယ်လည်း သူဘာလုပ်ချင်မှန်းသိ သူလည်းကိုယ့်ကို ဘယ်လိုအခြေအနေအထိ ကိုင်ပေါက်လို့ ရတယ်သိတယ်။ စီနီယာတွေက အသက်လည်းကြီးကုန်ပြီဖြစ်တော့ အငယ်တွေဖြစ်တဲ့ ကိုယ်နဲ့နောက်တယောက်က ခွဲတမ်းအလှည့်ကျ ဆရာ့ကိုပါတနာ လိုက်ရတာဖတ်ဖတ်မောပါ။ Fukakusa Sensei အချိန်ကတော့ အင်မတန်ပင်ပန်းတယ် ဒါပေမယ့်ပျော်ပါတယ် ဆုံဖူးခဲ့သမျှ ဂျပန်ဆရာတွေထဲမှာ Fukakusa Sensei ကို ခင်လည်းခင်သလို ကိုယ်အင်မတန်လေးစားတဲ့ ဆရာတယောက်ပါ။ Seminar မှာအနာတရဖြစ်တတ်တယ် ကစားနေကျလူမဟုတ်ပဲ ပါတနာအဖြစ် ခေါ်ရတဲ့အခါ တခါတရံမှာ အခက်အခဲဖြစ်တတ်တယ် အဲဒီအချိန်မှာ ဆရာဖြစ်သူက သိက္ခာကျမှစိုးလို့တို့ လူမြင်ကောင်းအောင်တို့ ပါတနာရဲ့အခြေနေကို မသိပဲနဲ့လုပ်လိုက်တဲ့အခါ ဒဏ်ရာရတတ်တယ် Fukakusa Sensei ဟာ ဘယ်သောအခါမှ သူရဲ့ပါတနာကို သူ့ကိုလူမြင် မကောင်းမှာ စိုးရိမ်တယ်ဆိုပြီး ဒဏ်ရာအဖြစ်ခံလေ့မရှိပါဘူး။

တနေကုန်ပင်ပန်းခဲ့မျှ ညပိုင်းရောက်မှ ပေါင်းပြီးတော့ အပန်းဖြေရတယ် ဖွင့်ပွဲညကတော့ အလွတ်အနေနဲ့ ထိုင်ပြီးတော့ သောက်လိုက်စားလိုက် စကားပြောလိုက်ပေါ့ နောက်နေ့ညမှာတော့ ဆရာ့ရဲ့ အနှစ် ၅၀ ပြည့် ညစာစားပွဲအဖြစ်လုပ်တော့ ဆရာနဲ့အတူတူကစားခဲ့တဲ့ မိတ်ဟောင်း ဆွေဟောင်းတွေလာတယ်။ ကိုယ်တွေကတော့ သင်တန်းမှာရှိတဲ့ ဆရာတွေအားလုံစုပေါင်းပြီး ဆရာ့အတွက် အမှတ်တရအဖြစ် ပစ္စည်းဝယ်ပေးကြတယ်။ ညစာစားပွဲလာကြတဲ့လူတွေ တယောက်တလှည့် ဆရာနဲ့ဆုံခဲ့ကြတဲ့ အကြောင်းတွေ တယောက်တလှည့် ပြောကြမယ်ဆိုတော့ ကိုယ်လည်းပြောရတယ် လူစေ့တော့ မပြောလိုက်ရပါဘူး ကိုယ့်အလှည့်ပြီးတော့ ဆရာလည်း ဝမ်းသာလို့ဆိုပြီး မျက်ရည်ကျလာတာနဲ့ ရပ်လိုက်ရပြီးတော့ ကိတ်မုန့်လှီးပြီး လက်ဆောင်ပို့လိုက်တဲ့ ရှန်ပိန်ပုလင်းကြီးကိုဖောက်ပြီး အားလုံးပျော်ပျော်ပါးပါး စားကြသောက်ကြပေါ့။

တက်ခဲ့ဖူးတဲ့ Seminar တွေထဲမှာ ဒီတကြိမ်ဟာ အပျော်ဆုံးဖြစ်သလို အဓိပ္ပာယ်အရှိဆုံးပါ ကိုယ့်ကို ဒီနိုင်ငံရောက်ကတည်းက ဘာအခက်အခဲရှိရှိ သူတတ်နိုင်သလောက် မရရအောင် လုပ်ပေးတယ် သင်တန်းမလာပဲ ပျောက်နေရင်လည်း လိုက်ရှာတယ် တကယ်ကတော့ ကိုယ်ကျောင်းတက်နေတဲ့အချိန်က သင်တန်းကြေးပေးဖို့ဆိုတာ အတော်လေးကိုစဉ်းစားရတယ် စျေးမကြီးပေမယ့် အပိုငွေမရှိလို့ မပေးနိုင်မှန်းသိတော့ ငါ့ကိုတော့ဘာလို့ မပြောသလဲဆိုပြီး အလကားပေးရင် တန်ဖိုးမရှိဘူးဖြစ်လိမ့်မယ် မင်းအလုပ်တော့ လုပ်ရမယ်ဆိုပြီးတော့ ကလေးတွေကို သင်တဲ့အလုပ်ကို ကိုယ့်ကိုလုပ်ခိုင်းပြီးတော့ သင်တန်းကြေးမရတဲ့အပြင် လစဉ်လစဉ်မုန့်ဖိုး ပေးနေရတဲ့တပည့် ဆရာရဲ့ Aikido အနှစ် ၅၀ ပြည့်အခမ်းအနားမှာ လူအင်အားလိုတဲ့အချိန် အနီးကပ်အနေနဲ့ ကူညီခွင့်ရတာနဲ့တင် အင်မတန်ပျော်ပါတယ်။

comments powered by Disqus