Calm Hill My Random Thoughts

AikiCamp 2014: Lessons and Fun

Aikido စပြီးတော့ ကစားတဲ့အချိန်ကတော့ Seminar တခုသွားရင် လာပြီးတော့ သင်သမျှဆရာတွေ သင်သမျှကိုအံ့သြတကြီး ကြည့်ရမှတ်ရ ပြီးသွားတဲ့အခါ အခါခါပြန်ကစားရတယ်။ အခုနောက်ပိုင်းတော့ အချိန်ကြာလာတာနဲ့အမျှ မမြင်ဖူးတဲ့နည်းစနစ်ဆိုတာ နည်းလာတဲ့အလျောက် Seminar တခုသွားရင် လေ့လာတဲ့ပုံစံပြောင်းလာတယ် ကိုယ်သိတဲ့ နည်းစနစ်တခုကို မတူညီတဲ့လူတွေ ဘယ်လိုမျိုး အပြောင်းအလဲနဲ့ လေ့ကျင့်ကြသလဲလို့ လေ့လာရသလိုဖြစ်လာတယ် တခါတရံမှာလည်း Physical လေ့ကျင့်ခန်းတွေမဟုတ်ပဲ အတွေးအခေါ်အယူဆကို လေ့လာတာလည်းဖြစ်လာတယ်။

Minegishi Sensei နဲ့ နေ့လည်စာလိုက်စားရင်း အတော်ကြာအောင် စကားပြောဖြစ်ကြတယ်။ Minegishi Sensei က ငါတို့က ကိုယ်ခံပညာကို လေ့လာတဲ့လူတွေတဲ့ ဒါပေမယ့်ဒါဟာ နောက်ဆုံး နည်းလမ်းပဲဖြစ်ရမယ် လူ ၂ယောက် တိုက်ခိုက်တယ်ဆိုတာ ဘာကြောင့် တိုက်ခိုက်လဲဆိုတဲ့ အကြောင်းအရင်းတခု နောက်မှာရှိကိုရှိရမယ် အဲဒါကိုရှင်းခဲ့ရင် တိုက်ခိုက်တဲ့အထိ ရောက်စရာမရှိဘူး အဲလိုအယူအဆကို လက်ခံနိုင်သလားမေးတယ် အဲဒါနဲ့လက်ခံပါတယ်လို့ ဘယ်ပြဿနာဖြစ်ဖြစ် အခြေခံအကြောင်းအရင်းကို စပြီးတော့ဖြေရှင်းခဲ့ရင် လူလူချင်းတိုက်ခိုက်တာ နောက်ဆုံးအဆင့်ပါပဲလို့ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါတော့ ကွာမယ်ထင်တယ် ဘာပြဿနာမှမရှိလည်း ပစ္စည်းလုယက်မယ့် လူဆိုရင်တော့ အကြောင်းမရှိလည်း လာမယ်မဟုတ်လားလို့ ပြန်ဖြေဖြစ်တယ်။

အဲဒီတော့ Minegishi Sensei ပြန်ဖြေတာက ဒါကလည်း အကြောင်းအရင်း ရှိပါတယ်တဲ့ သူများထက်ပိုနေတဲ့ ရုပ်ဝတ္ထုအရာတခု ရှိနေလို့ပေါ့တဲ့ ဆက်ပြောတာက လူအတော်များများက ရုပ်ဝတ္ထုပစ္စည်းပဲ အများဆုံးတည်ဆောက်တယ် သင်တန်းထဲမှာလည်း Physical Strength ကို အတင်းသုံးပြီးတော့ ငါလုပ်နိုင်တယ်ဆိုပြီး လုပ်ပြကြတယ် ကိုယ့်မှာသူများထက် ပိုတဲ့အင်အားရှိ​တော့ တိုက်ခိုက်တဲ့လူကလည်း ဒီထက်ပြင်းတဲ့ အင်အားနဲ့ဝင်လာမယ်။ အပြင်မှာလည်း အတူတူပဲ ချမ်းသာလာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ မလိုအပ်ပဲ ကိုယ်ပေါ်တင်ထားတော့ လုမယ့်ယက်မယ့်လူတွေ အလိုလိုပေါ်မှာပေါ့တဲ့ ချမ်းသာတာကောင်းပါတယ် ဒါပေမယ့် ချမ်းသာလည်း သာမန်လူလို နေလို့ရတာပဲ မဟုတ်လားဆိုတော့ ကိုယ်လည်းအတော်လေး စဉ်းစားစရာတွေနဲ့ Camp ကိုပြန်လာခဲ့ရတယ်။

Camp ရဲ့ ပထမဆုံး ညနေပိုင်းကတော့ လူလည်းမစုံကြသေးဘူး အဲဒါနဲ့ သင်တန်းပြီးတဲ့အချိန် ဆရာနဲ့စားကြသောက်ကြ တခြားနိုင်ငံကလာတဲ့ လူတွေကလည်း စျေးချိုတယ်ဆိုတိုင်း Duty Free ကနေ တယောက်ကို အရက် ၁ ပုလင်းတော့ လက်ဆောင်ဆိုပြီး ဝယ်လာကြတော့ သောက်စရာကတော့ လိုတာထက်ပိုနေတာ စကားတွေက တောင်ရောက်မြောက်ရောက် ၁၁ နာရီလောက်ရောက်တော့ Hattori Sensei က ငါမနက် သင်တန်းသင်ရမှာဆိုတော့ အိပ်တော့မယ်ဆိုပြီး သူ့အခန်းကို စောပြန်သွားရော ကိုယ်တွေနဲ့ ဆရာနဲ့ကတော့ မနက် ၁ နာရီလောက်အထိ ဖွင့်ထားသမျှပုလင်း အကုန်ကုန်မှ အခန်းပြန်ကြတော့တယ်။

အခန်းရောက်လို့ တံခါးပိတ်ပြီးအိပ်လိုက်တာ အိပ်ပျော်ခါနီးမှာ အခန်းထဲကို လူတယောက်ရောက်လာပြီး အတင်းနှိုးပြီးတော့ မင်းဘယ်သူလဲ လုပ်တော့တာပဲ အဲဒါနဲ့မီးခလုပ် ပြေးဖွင့်ရတော့တယ်။ မီးလင်းသွားမှ အခန်းထဲကိုကြည့်တော့ Hattori Sensei က ကိုယ့်ကိုအပီအပြင် ဖမ်းတော့မယ့် အနေအထားနဲ့ မြင်လိုက်ရတော့ Sensei ဘာလိုချင်လို့လဲပြောလို့ လှမ်းမေးလိုက်မှ အသေအချာကြည့်ပြီး ဪ.. မင်းကိုးဆိုပြီး ငါ့အခန်းထဲ ဘာလာလုပ်တာတုံးဆိုပြီး ဘေးပတ်လည် ကြည့်ပြီးတော့ ဒါငါ့အခန်းမဟုတ်ဘူး ဆောရီးဆောရီးဆို ပြန်ထွက်သွားမှ သက်ပြင်းချနိင်တယ် သူပြန်သွားမှ အခန်းတံခါးကို ပြေးပြီးတော့ သော့ခတ်ထားလိုက်ရတယ်။

လူမှားပြီးနားပန်း လုံးသတ်ရရင်တောင် 7th Dan အဘိုးကြီးကို ဘယ်လိုမှ ယှဉ်မသတ်နိုင်တာ သေချာတယ်။ မနက်လင်းမှ ညကအဖြစ်အပျက်ကို ဆရာ့ကိုပြောပြရတယ် ဘေးနားမှာ နားထောင်နေတဲ့ Fukakusa Shihan ကြီးက ရယ်လိုက်တာ သူပြောပြတာက Hattori Sensei က ညညဆိုရင် အိပ်ပျော်ရင်း လမ်းထလျှောက်တတ်တဲ့ အကျင့်ရှိတယ်တဲ့ သူ့အိမ်မှာတော့ သူ့နေရာသူပြန်ရောက်တယ် ဒီရောက်နေလို့ မင်းအခန်းထဲ မှားဝင်သွားတာဆိုတော့ ကိုယ့်မှာငိုအားထက် ရယ်အားသန်ဖြစ်ရတယ်။ အဲဒီရက်က စပြီးတော့ ညဘက်အခန်းပြန်ကြရင် Fukakusa Sensei က မင်းအခန်းသော့ပိတ်နော် Hattori ရောက်လာမယ် လက်ဗလာမဟုတ်ပဲ ဓားဆွဲပြီးလမ်းလျှောက်ရင် မင်းတော့နာပြီဆိုပြီး ပြောစမတ်ကို ဖြစ်တော့တာပဲ။

နောက်ရက်တွေကတော့ ကိုယ့်တယောက်ထဲအတွက် အမှတ်တရမဟုတ်တော့ပဲ ဆရာနဲ့တခြားလူတွေ ပြောပြတဲ့ သူတို့ရဲ့ Aikido ဘဝအကြောင်းတွေပဲ နားထောင်ရတော့တယ်။ Fukakusa Sensei က ငါ့ကို စင်္ကာပူကိုလွှတ်လိုက်တာ Tamura Shihan ကွတဲ့ သွားစင်္ကာပူဆိုပြီး တချက်လွှတ်အမိန့်နဲ့ လွှတ်လိုက်တော့ ခရီးစရိတ်မရှိတာနဲ့ လကုန်သင်တန်းကြေးလေး ရတဲ့အထိတော့ ခဏစောင့်ပါဆိုပြီး ကိုယ့်စရိတ်နဲ့ကိုယ် ဘန်ကောက်ကနေ ရထားစီးပြီးတော့ ကွာလာလမ်ပူကနေ စင်္ကာပူကို လာခဲ့ရတာလို့ စပြီးပြောရာက အဘိုးကြီးတွေ သူတို့အချင်းချင်း ဘယ်လိုဆုံခဲ့ကြတာတွေ အပြန်အလှန်ပြောကြတော့ ကိုယ့်ကတော့ ဘေးကနေနားထောင်တဲ့ ပရိတ်သတ်အဖြစ်ပါပဲ ဘာပဲဖြစ်ဖြစ် ဒီတခါ Camp ဟာ အတော်ကို အကျိုးရှိပါတယ် လူလည်း အရမ်းမများတော့ ဆရာတွေနဲ့ အနီးကပ်နေခွင့်ရသလို ပျော်စရာတွေ လေ့လာစရာတွေ အများကြီးလည်း ရခဲ့တယ်လို့ ဆိုရလိမ့်မယ်။